နောင်ချိုတွင် ဖမ်းဆီးရရှိသည့် ဒုဗိုလ်မှူးကြီး သက်အောင် PDF လက်ထဲရောက်မှ အသက်အန္တရာယ်ကင်းပြီဟု စိတ်လက်ပေါ့ပါးသွားဟု NUG ကာကွယ်ရေးဝန်ကြီး ပြောဆို
■ စစ်အုပ်စုလက်အောက်ခံ တပ်မှူး၊ တပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ စစ်အာဏာရှင်ကို မကာကွယ်ဘဲ ပြည်သူ့ဘက်ပါကြရန် အထူးသတိပေး
ရန်ကုန်၊ ဇန်နဝါရီ ၅
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာ စစ်တပ်စခန်းတွင် ဖမ်းဆီးရရှိသည့် ဒုတိယဗိုလ်မှူးကြီး သက်အောင် သည် ပြည်သူ့ကာကွယ်ရေးတပ်၏ လက်ထဲသို့ ရောက်ရှိမှ အသက်အန္တရာယ်ကင်းရှင်းပြီဟု စိတ်လက်ပေါ့ပါးသွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုလိုက်သည်။
ဇန်နဝါရီလ ၄ ရက်နေ့ စစ်တပ်လက်အောက်ခံ တပ်မှူး၊ တပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များကို အထူအသိပေးချက် ထုတ်ပြန်စဉ် ဝန်ကြီး ဦးရည်မွန်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
“ဒီရက် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ဖမ်းဆီးရမိတဲ့ ဒုဗိုလ်မှုးကြီးသက်အောင်အပါအဝင် စစ်သုံ့ပန်းတွေဟာ ကျွန်တော်တို့လက်ရောက်တော့ သူတို့တော့ အသက်အန္တရယ်ကင်းပြီရယ်လို့ စိတ်ဒုံးဒုံးချပြီး စိတ်လက်ပေါ့ပါးသွားကြတာ သတိပြုမိတယ်” ဟု ဦးရည်မွန်က ပြောဆိုသည်။
နိုင်ငံတစ်နိုင်ငံတွင် တပ်မတော်သည် ပြည်သူနှင့်နိုင်ငံကို ကာကွယ်ရန်ဖြစ်ပြီး စစ်အာဏာရှင်ကို ကာကွယ်ရန် မဟုတ်ကြောင်း၊ လက်ရှိတွင် ပြည်သူကို သတ်ဖြတ်ခဲ့သော စစ်အုပ်စုအနေဖြင့် လူတော မတိုးရဲတော့ကြောင်း ဦးရည်မွန်က ပြောဆိုသည်။
“တပ်မတော်တစ်ခုရဲ့ အဓိကတာဝန်ဟာ နိုင်ငံနဲ့ ပြည်သူကို အကာအကွယ်ပေးဖို့ ဖြစ်တယ်။ စစ်အာဏာရှင်ကို အကာအကွယ်ပေးဖို့ မဟုတ်ဘူး။ ခေတ်အဆက်ဆက် စစ်အာဏာရှင်ကို အကာအကွယ်ပေးရင်း ခင်ဗျားတို့လက်မှာ ပြည်သူ့သွေး အထပ်ထပ် စွန်းခဲ့ပြီဆိုတာ သတိချပ်စေလိုတယ်။ ဒီကနေ့ထိ စစ်အုပ်စုသစ္စာခံ လုပ်နေတဲ့ ခင်ဗျားတို့အားလုံး ပြန်စဥ်းစားသင့်တာက ငါတို့ပါဝင်တဲ့ လက်နက်ကိုင်အဖွဲ့ကော ငါတို့ကိုယ်တိုင်ပါ ဒီကနေ့ဘယ်အခြေအနေ ဆိုက်နေပြီလဲ ဆိုတဲ့အချက်ပဲ။ ခင်ဗျားတို့ ယူနီဖောင်းဝတ်ပြီး လူတောတိုးရဲသလား ရပ်ထဲရွာထဲ သွားရဲသလား မိဘရပ်ထံ ပြန်ရဲသလား။ဗိုလ်ချုပ်အောင်ဆန်း ထူထောင်ခဲ့တဲ့ ပြည်သူ့ချစ်တပ်မတော်ဟာ ဒီကနေ့တော့ ပြည်သူ့တံတွေးခွက်ထဲ မျောခဲ့ပြီ။ပြည်သူက ခင်ဗျားတို့ကို စစ်ခွေး ရဲခွေးလို့ ခေါ်ကြတာ အကြောင်းမဲ့ မဟုတ်ဘူး။ ခင်ဗျားတို့ လက်မှာ စွန်းနေတဲ့ ပြည်သူ့သွေးတွေဆိုတာ ချေဖျက်လို့ ရရိုးလား။စစ်ရာဇဝတ်ဘေး ပြေးလွတ်မယ် မဟုတ်ဘူးဆိုတာလည်း ခင်ဗျားတို့ သတိချပ်ဖို့သင့်တယ်” ဟု ဝန်ကြီး ဦးရည်မွန်က ရှင်းပြသည်။
လက်ရှိတွင် စစ်အာဏာရှင်အတွက် နောက်ဆုံးနေ့ရက်ရောက်ရှိလာပြီဖြစ်ကြောင်း၊ ပြည်ထောင်စုပြိုကွဲမည်စိုးရိမ်သည်ဆိုသော ခြောက်လှန့်လုံးဖြင့် တိုင်းရင်းသားပြည်သူများအပေါ် ဂုတ်ခွစီး လုပ်စားအတွေးအခေါ်များ လုံး၀ကျဆုံးနေပြီဖြစ်ကြောင်း၊ ပြည်ထောင်စုမပြိုကွဲအောင် တာဝန်ယူစောင့်ရှောက်နိုင်မည့်သူမှာ ပြည်သူ့အစိုးရနျင့် ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းများ ဖြစ်ကြောင်း ဦးရည်မွန်က ဆက်လက်ပြောဆိုသည်။
“အခုဆိုရင် စစ်အာဏာရှင်ရဲ့ နောက်ဆုံးနေ့ဟာ ရောက်ရှိလာခဲ့ပြီ။ ပြည်ထောင်စု ပြိုကွဲမှာစိုးတယ်ဆိုတဲ့ ခြောက်လုံးနဲ့ တိုင်းရင်းသားပြည်သူအပေါ် ဂုတ်ခွစီးပြီး အခွင့်ထူးခံနေတဲ့ လုပ်စားအတွေးအခေါ်ဟာ လုံးဝကျဆုံးခဲ့ပြီဆိုတာ သတိချပ်စေလိုတယ်။ ဒီကနေ့ ပြည်ထောင်စု မပြိုကွဲအောင် တကယ်တမ်း တာဝန်ယူစောင့်ရှောက်နိုင်မယ့်သူ၊ တာဝန်ယူစောင့်ရှောက်နေတဲ့ သူဟာ ပြည်သူ့အစိုးရနဲ့ ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းတွေပဲ ဖြစ်တယ်၊ဒါကို သိချပ်စေလိုတယ်။ ခင်ဗျားတို့ အမြင်မှန်ရဖို့ အချိန်ရောက်နေပြီ။စစ်အုပ်စုကို သစ္စာခံပြီး စစ်အာဏာရှင်ကို အကာအကွယ်ပေးနေတဲ့အလုပ်ကို ရပ်တန်းက ရပ်ဖို့ အချိန်ရောက်လာပြီ။
ခင်ဗျားတို့လက်မှာ ပြည်သူ့သွေး ထပ်မစွန်းပါစေတော့နဲ့။ စစ်အာဏာရှင် ခိုင်းသမျှ မျက်ကန်းတစ္ဆေမကြောက် နာခံနေခြင်းဟာ ခင်ဗျားတို့ အသက်တွေ ၊ ဘဝတွေ အချီးနှီး ပျက်စီးမှုနဲ့ပဲ လမ်းဆုံးလိမ့်မယ်ဆိုတာ သတိချပ်စေလိုတယ်။ ဒါကြောင့် အချိန်မီ ပြည်သူဘက်က ရပ်တည်ပါ။ပြည်သူ့အစိုးရနဲ့ ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းတွေကို နာခံပါ။အချိန်မနှောင်းခင် ခင်ဗျားတို့ ရပ်တည်ချက်ကို ပြောင်းလဲပါလို့ တိုက်တွန်းလိုတယ်” ဟု ကာကွယ်ရေးဝန်ကြီးက လူမှုကွန်ရက်မှတစ်ဆင့် စစ်ကောင်စီတပ်ဖွဲ့ဝင် များကို တိုက်တွန်းသည်။
ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် စနစ်ကို တိုက်ခိုက်နေခြင်းဖြစ်ပြီး လူကို တိုက်နေခြင်းမဟုတ်ကြောင်း၊ အသက်နှင့်ဘ၀များကို အချည်းအနှီး မဆုံးရှုံးစေလိုကြောင်း၊ စစ်မြေပြင်ရောက်မှ စစ်သုံ့ပန်းအဖြစ် မဖမ်းလိုဘဲ တပ်ရင်းတပ်အဖွဲ့အလိုက်၊ စစ်တိုင်းဌာနချုပ်အလိုက် ပြည်သူ့လက်အောက် ခိုလှုံကြရန် ကာကွယ်ရေးဝန်ကြီးက တိုက်တွန်းသည်။
“ကျွန်တော်တို့က စနစ်ကို တိုက်နေတာပဲ ဖြစ်တယ်၊လူကို တိုက်နေတာမဟုတ်ဘူး။ခင်ဗျားတို့ အသက်တွေ ဘဝတွေ အချီးနှီး မဆုံးရှုံးစေလိုသလို ကျွန်တော်တို့ တော်လှန်ရေးရဲဘော်တွေ ကျွန်တော်တို့ပြည်သူတွေရဲ့ အသက်တွေ ဘဝတွေလည်း အကျိုးမဲ့ မဆုံးရှုံးစေလိုဘူး။ စစ်မြေပြင်ရောက်မှ ခင်ဗျားတို့ကို သုံ့ပန်းအဖြစ် ကျွန်တော်တို့ မဖမ်းလိုဘူး။ခင်ဗျားတို့ အသက်သာမက ခင်ဗျားတို့ ဘဝ၊ ခင်ဗျားတို့ ဂုဏ်သိက္ခါကိုလည်း ဒီထက်ပိုပြီး အသိအမှတ်ပြု လေးစားလိုတယ်။ ဒါကြောင့် တပ်ရင်းတပ်ဖွဲ့လိုက်ဖြစ်စေ၊ တပ်မ၊စကခ၊ဒကစ အလိုက်ဖြစ်စေ၊ စစ်တိုင်းဌာနချုပ်အလိုက် ဖြစ်စေ ပြည်သူ့အစိုးရNUGနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေထံ အမြန်ဆုံး ဆက်သွယ်ပါ။ ကျွန်တော့်ကိုလည်း တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။” ဟု ၎င်းက ဆက်လက် မေတ္တာရပ်ခံ အသိပေးသည်။
စစ်ကောင်စီ လက်အောက်ခံ စစ်သား၊ တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့ဘက်ခိုလှုံသော အမြင်မှန်ရရှိမှသာလျှင် အနာဂတ်ရှိမည်ဖြစ်ကြောင်း၊ တိုင်းပြည်သစ် ထူထောင်ရေးနှင့် ခေတ်ပြောင်း စနစ်ပြောင်း ကို သတ္တိရှိရှိ ရွေးချယ်ကြရန် တိုက်တွန်းထားသည်။
“စစ်တပ်ကိုယ်တိုင် စစ်အာဏာရှင်တွေရဲ့ စစ်ကျွန်ပြု အသုံးချခံနေရတာပဲ။ တိုင်းချစ်ပြည်ချစ်စိတ်အမှန်ရှိရင် ကိုယ်လျှောက်ရမယ့်လမ်းကို အသိဥာဏ်ရှိရှိ သတ္တိရှိရှိ ကိုယ်တိုင်ရွေးချယ်ကြဖို့ တိုက်တွန်းလိုတယ်။ ဒီကနေ့ ပြည်သူ့တော်လှန်ရေးက ခေတ်သစ်စနစ်သစ် ပြောင်းလဲရေးကို ဦးတည်တယ်၊တိုင်းသစ်ပြည်သစ် ထူထောင်ရေးကို ဦးတည်တယ်။ ပြည်သူကို လေးစားပြီး ခေတ်စနစ်ပြောင်းလဲရေးကို လက်ခံတဲ့ တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြည်သူက လက်ကမ်းကြိုဆိုနေလိမ့်မယ်။ခင်ဗျားတို့ ကိုယ်တိုင် သမိုင်းသစ်ရေးသူတွေထဲ အပါအဝင် ဖြစ်လာလိမ့်မယ်။ ခင်ဗျားတို့ အမြင်မှန်ရရင် ခင်ဗျားတို့အတွက် အနာဂတ်ရှိတယ်ဆိုတာ အသိပေးလိုပါတယ်” ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က မေတ္တာရပ်ခံထားသည်။