30 C
Yangon

မင်းပြားတွင် ရိက္ခာလာယူသည့် စစ်ကြောင်းကို AA က မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၅ ဦးထက် မနည်း သေဆုံး

Must read

မင်းပြားတွင် ရိက္ခာလာယူသည့် စစ်ကြောင်းကို AA က မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၅ ဦးထက် မနည်း သေဆုံး

ရန်ကုန်| ဇန်နဝါရီ ၅

ရခိုင်ပြည်၊ မင်းပြားမြို့နယ် ငစရိုင်းချောင်း တောင်ပေါ်တွင်တပ်စွဲအခြေချနေထိုင်သည့် စစ်ကောင်စီတပ်သည် တောင်အောက်သို့ ရိက္ခာ လာယူစဉ် ရက္ခိုင့်တပ်တော် AA က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်း သေဆုံးသွားကြောင်း AA သတင်းရင်းမြစ်တချို့က ပြောဆိုသည်။

ရခိုင်ပြည်၊ မင်းပြားမြို့နယ် ငစရိုင်းချောင်းတောင်အနီး မင်းရွာနှင့် ဖားပြိုရွာကြား ရန်ကုန် – စစ်တွေ ကားလမ်းနံဘေးရှိ သလုံးတော်ဘုန်းကြီးကျောင်း အနီးတွင် ယမန်နေ့ ဇန်နဝါရီ ၄ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီခွဲခန့်က AA က မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

AA သတင်းရင်းမြစ်တစ်ဦးက “စစ်တပ်က တောင်ပေါ်မှာ တပ်စွဲထားတာ အဲ့ဒီမှာ ဒီကနေ့ နံနက်ပိုင်းက တောင်အောက်ကို ရိက္ခာလာယူတယ်လို့ ယူဆတယ်။ ဆင်းလာတဲ့ စစ်ကောင်စီအရေအတွက် ၂၀ ကျော်လောက်ရှိမယ်။ ကားလမ်းနံဘေးလေးရောက်တော့ မိုင်းဆွဲလိုက်တာ။ မျက်မြင်ကတော့ ၅ယောက်သေတယ်။ တစ်ချို့ကတော့ ထိခိုက်ဒဏ်ရာရတယ်။ ပစ်ခတ်မှုအနည်းငယ်ဖြစ်တယ်။ အလောင်းတွေကိုတော့ ယူသွားတာတွေ့တယ်”ဟု ပြောသည်။

စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် မင်းပြားတပ်ရင်းနှင့် ရာမောင်တံတားအနီးရှိ စစ်ကောင်စီက တပ်ရင်းများက လက်နက်ကြီးများဖြင့် အနီးအနားရှိ ကျေးရွာများသို့ ပစ်ခတ်ခဲ့ကြောင်း မင်းပြားမြို့နယ် ဒေသခံတစ်ဦးက ပြောဆိုသည်။

“ပေါက်ကွဲသံနှစ်ချက်လောက် ကြားလိုက်ရတယ်။ ပြီးတော့ ပစ်ခတ်မှုတွေ ဖြစ်ကြတယ်။ သိပ်တော့မကြာလိုက်ဘူး။ ပြီးတော့ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာကိုကြားလိုက်ရတယ်။”ပေါက်ကွဲသံနှစ်ချက်လောက် ကြားလိုက်ရတယ်။ ပြီးတော့ ပစ်ခတ်မှုတွေ ဖြစ်ကြတယ်။ သိပ်တော့မကြာလိုက်ဘူး။ ပြီးတော့ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာကိုကြားလိုက်ရတယ်။ ဘယ်ဖက်ကို လှမ်းပစ်တယ်ဆိုတာကိုတော့ မသိရဘူး။ ရွာဖက်တွေကိုပစ်တယ်လို့ပဲ ယူဆပါတယ်။ ထိခိုက်ဒဏ်ရာ ရရှိမှုကိုတော့ အခုထိ မကြားရသေးဘူး “ဟုပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သား ၅ဦးထက်မနည်း သေဆုံးသွားကြောင်း သိရသော်လည်း အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ သီးခြားအတည်ပြု၍ မရရှိနိုင်သေးပေ။

၂၀၁၉ ခုနှစ်မှစ၍ င/စိုင်ရိုင်းချောင်းတောင်ပေါ်တွင် စစ်ကောင်စီက တပ်စွဲထားခြင်းဖြစ်ပြီး အဆိုပါနေရာများတွင်လည်း ရက္ခိုင့်တပ်တော် AAကလည်း တပ်စွဲနေရာချထားမှုများရှိကာ မကြာခဏ နှစ်ဖက်တပ်များ တင်းမာမှုများ ရှိကြသည်။

ပုံစာ- ရခိုင်တွင် ၂၀၂၃ ခုနှစ်အတွင်း မိုင်းဆွဲခံထားရသည့် စစ်ကောင်စီ စစ်ကား များအား တွေ့ရစဉ်။ (ပုံအဟောင်းဖြစ်ပါသည်)

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article