25 C
Yangon

မြန်မာစစ်တပ် သမိုင်းဝင် အရှုံးပေးရခြင်း(သို့မဟုတ်) ပြည်သူများ စိတ်ပူရန် မလိုသော ရှမ်းမြောက် ဒေသမှ ယာယီ အပစ်အခတ်ရပ်စဲရေး

Must read

မြန်မာစစ်တပ် သမိုင်းဝင် အရှုံးပေးရခြင်း(သို့မဟုတ်) ပြည်သူများ စိတ်ပူရန် မလိုသော ရှမ်းမြောက် ဒေသမှ ယာယီ အပစ်အခတ်ရပ်စဲရေး

By ရန်ကုန်ခေတ်သစ်

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတစ်ခုတည်းတွင် ဇန်နဝါရီလ ၁၁ ရက်နေ့ ည ၉ နာရီမှစတင်၍ တရုတ်နိုင်ငံ၏ကြားဝင်မှုဖြင့် စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ဖြစ်သော MNDAA ၊ TNLA ၊ AA တို့အကြား ယာယီအပစ်ရပ်ရေး သဘောတူညီလိုက်ကြောင်း နှစ်ဖက်က ထုတ်ပြန် ကြေညာသည်။

ထိုသို့ အပစ်ရပ်ရေး သဘောတူညီမှု ရရှိကြောင်း သတင်းထွက်ပေါ်လာသည်နှင့် “မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့အနေဖြင့် စစ်ကောင်စီကို ဆက်လက် မတိုက်ခိုက်တော့ဘူးလား” ၊ “ငါတို့က ထောက်ခံလိုက်ရတာ သူတို့က ရပ်သွားပြီလား”၊ “ကိုယ့်အတွက်ပဲ ကိုယ်တိုက်တာလား တို့မြေပြန့်နဲ့ ပြည်မက ပြည်သူတွေကို မကြည့်တော့ဘူးလား” စသည်ဖြင့် ဝေဖန်သံများ၊ စိတ်ဓာတ်ကျလုလု ဖြစ်ကြသည့် ညဉ်းတွားသံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ရာထောင်ချီ ရောက်ရှိလာ သည်။

အစောဆုံး သတင်းဖော်ပြကြသည့် သတင်းဌာနများကလည်း သဘောတူညီချက်ကို အပြည့် အစုံ မဟုတ်ဘဲ ရသမျှ သတင်းတစွန်း တစကိုသာ ဖော်ပြကြရသဖြင့် ပြည်သူလူထုအနေဖြင့် ဝေဝါးမှု များနှင့် မရှင်းလင်းမှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ‌

၁၀၂၇ စစ်ဆင်ရေးနှင့် စစ်အာဏာရှင် အမြစ်ဖြတ်ရေး

=============================

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့ ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်အခြေအနေနှင့် ကြေညာချက်များကို ပြန်လည် လေ့လာ ကြည့်မည်ဆိုလျှင် ညီနောင် ၃ ဖွဲ့၏ ကြေညာချက်တွင် “မြန်မာ ပြည်သူတစ်ရပ်လုံး၏ လိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက်” ဟူသော ရည်မှန်းချက်ကို အတိအလင်းကြေညာခဲ့ပြီးဖြစ်သည်။

စစ်ဆင်ရေးကာလ ညီနောင် ၃ ဖွဲ့ ကြေညာခဲ့သော ကြေညာချက်တိုင်းတွင်လည်း မြန်မာပြည်သူလူထု၏ ထောက်ခံအားပေးမှု အတွက်ကျေးဇူးတင်ပြီး ပြည်သူလူထုနှင့်တစ်သားတည်းရပ်တည်ကာ စစ်အာဏာရှင် အမြစ်ပြတ်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း အကြိမ်ကြိမ် ကတိပေးခဲ့ပြီးဖြစ်သည်။

ထိုသို့ဆိုလျှင် အဘယ်ကြောင့် အပစ်ရပ်ရသနည်းဟု မေးခွန်းများ မေးဖွယ်ရှိသည်။ ၁၀၂၇ စစ်ဆင်ရေးသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီ လ ၁၂ ရက်နေ့ ဆိုလျှင် ရက်ပေါင်း ၇၈ ရှိခဲ့ပြီးဖြစ်ပြီး ညီနောင် ၃ ဖွဲ့သည် တစ်ရက်မှ မနားခဲ့ဘဲ စစ်ကောင်စီကိုတိုက်ခိုက်ခဲ့ရာ မြို့ပေါင်း ၁၇ မြို့၊ စခန်းပေါင်း ၅၀၀ နီးပါး အပြီးတိုက်သိမ်းပိုက်နိုင်ခဲ့သည်။

မြန်မာ့သမိုင်းတွင် မကြုံစဖူးသော သမိုင်းဝင်အောင်မြင်မှုအဖြစ် ၂ လကျော်ကာလအတွင်း မြို့ပေါင်း ၁၇ မြို့နှင့် စခန်းပေါင်း ၅၀၀ နီးပါး ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး မြန်မာစစ်တပ်ဘက်မှ ဗိုလ်မှူးချုပ်အဆင့်ရှိ စစ်ဘက်ထိပ်တန်းခေါင်းဆောင်များကိုယ်တိုင် လက်နက်ချ အညံ့ခံရခြင်း၊ စစ်သားနှင့်မိသားစု ၄၀၀၀ ကျော် လက်နက်ချရခြင်း၊ တပ်ရင်းလိုက် အလံဖြူ ထောင်ရခြင်း၊ တင့်ကား၊ သံချပ်ကာကား၊ဟောင်ဝစ်ဇာအမြောက်၊ အတွဲလိုက်ဒုံးပစ်ကားများ အပါအဝင် လက်နက်ခဲယမ်းတောင်ပုံယာပုံ သိမ်းဆည်းရရှိခြင်း၊ စစ်သားနှင့်တပ်ရင်းများ အစုလိုက်အပြုံလိုက် တိုက်ပွဲတွင် အစုအလိုက် အပြုံလိုက် သေဆုံးကြခြင်းဟူသော သမိုင်းဝင် အောင်မြင်မှုများကို ရရှိခဲ့သည်။

စစ်၏ သဘောတရားအရ စစ်ကောင်စီတပ်ဘက်တွင်သာ ဆုံးရှုံးမှု ရှိနေသည်မဟုတ်ဘဲ ညီနောင် ၃ ဖွဲ့ဘက်တွင်လည်း အထိအခိုက်ရှိပြီး မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့အနေဖြင့် လက်နက်ခဲယမ်းများစွာ အသုံးပြုရမှု၊ တပ်ဖွဲ့ဝင်များ ကျဆုံးဒဏ်ရာရရှိမှု၊ ထောက်ပို့များ ပင်ပန်းလာမှု စသည့် တိုက်ပွဲ ကြာရှည်မှု၏ ဒဏ်များကို ခံလာရသည်။

အခြားတစ်ဖက်တွင်လည်း ညီနောင်မဟာမိတ် ၃ ဖွဲ့သိမ်းပိုက်ထားသော မြို့ပေါင်း ၁၇ မြို့၊ စခန်းပေါင်း ၅၀၀ နီးပါးကို ကာကွယ်စောင့်ရှောက်ရသည့် နယ်မြေကျယ်ပြောများပြားလာမှုကို တာဝန်ယူရသည့် လုံခြုံရေးလုပ်ငန်းစဉ်ကလည်း ကြီးမား ကျယ်ပြန့်လာသည်။ တစ်ဖက်တွင် စစ်တိုက်၊ ရရှိပြီးသော နယ်မြေများကို ထိန်းသိမ်းရေး အလုပ်များကလည်း စုပုံလာနေသည်။ ၂ လကျော်ကြာလာချိန်တွင် ရှေ့တန်းစစ်သည်များ၊ လုံခြုံရေး ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့ဝင်များ အနားရယူရန် မဖြစ်မနေ အရေးကြီးလာသည်။

မြေပြန့်နှင့် ပြည်မတွင် ပြည်သူလူထုကို အကြမ်းဖက် ယုတ်မာရက်စက် သတ်ဖြတ်နေသော စစ်ကောင်စီတပ်သည် ရှမ်းမြောက်တွင် အကြီးအကျယ် စစ်ရှုံးစေခဲ့သည်မှာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့၏ တိုက်ခိုက်မှုနှင့် မဟာဗျူဟာမြောက် စစ်ဆင်ရေးကြောင့် ပင်ဖြစ်သည်။

စစ်အာဏာရှင်ကို မနိုင်စရာ အကြောင်းမရှိဆိုသော စိတ်ဓာတ်ဖြစ်ပေါ်စေသည့် ၁၀၂၇ စစ်ဆင်ရေး

=====================================================

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးသည် ပြည်သူလူထု၏ စိတ်အာရုံကို တော်လှန်ရေးမာန်၊ တော်လှန်ရေးသတ္တိများကို ပြည့်၀ နိုးထစေရန် တွန်းအားပေးခဲ့သည်က ငြင်းမရနိုင်သည့် အမှန်တရားဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေးသည် ရှမ်းမြောက်ဒေသမှ အစပြုခဲ့သော် လည်း ယခုအချိန်တွင် မြန်မာနိုင်ငံအနှံ ကျယ်ပြန့်သည်ထက်ကျယ်ပြန့်လာပြီး စစ်ကောင်စီ၏ အုပ်ချုပ်မှုအောက်တွင် မနေထိုင်လိုသောသူတိုင်းသည်လည်း ရရာလက်နက်၊ ရသည့်နည်းလမ်းပေါင်းစုံဖြင့် တော်လှန်တိုက်ပွဲဝင်နေကြပြီ ဖြစ်ကြောင်း၊ အဆိုပါ မြင်ကွင်းနှင့်အတူ ညီနောင်မဟာမိတ် ၃ ဖွဲ့အပါအဝင် တော်လှန်ရေး အဖွဲအစည်းများ၏ နေ့စဉ်နှင့်အမျှ အောင်ပွဲရလဒ်များကြောင့် ပြည်သူအပေါင်းစိတ်နှလုံးရွှင်ပြုံးရသော အခိုက်အတန့်များ ဖြစ်ပေါ်စေသည်မှာ အမှန်ပင်ဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ပြောဆိုခဲ့သည်။

“မဖြစ်နိုင်သည်မှာမရှိ” ဟူသောစကားသည် ၁၀၂၇ စစ်ဆင်ရေးကြောင့် တော်လှန်ရေးအဖွဲအစည်းများနှင့် စစ်ကောင်စီကို တော်လှန်နေကြသောသူတိုင်းအတွက် ယုံကြည်မှုခွန်အားကို ပိုမိုရရှိစေကာ “စစ်အာဏာရှင်စနစ်ကို ယခင်က မဖြုတ်ချ နိုင်ခဲ့သော်လည်း ယခုအချိန်တွင် လုံးဝဖြုတ်ချနိုင်ရမည်” ဟူသောယုံကြည်ချက်မှာ တစ်ရက်ပြီးတစ်ရက် ပိုမိုခိုင်မာလာ စေခဲ့ကြောင်း၊ ဤသည်မှာ သာ၍ မှန်ကန်ကြောင်း စစ်ကောင်စီ၏ နေ့စဉ်နှင့်အမျှ စွန့်လွှတ်၊ ဆုံးရှုးနေရသော စခန်းကြီး၊ စခန်းငယ်များက သက်သေပြနေခြင်းပင် ဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က အသိပေး ကြေညာခဲ့သည်။

စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်ကြိုးပမ်းမှုသမိုင်းတလျှောက် ယနေ့အချိန်တွင် “မြန်မာ့ တပ်မ တော်” ဟု ခေါ်သော “စစ်ကောင်စီ” ကို အမြစ်ပြုတ်မသွားသည့်တိုင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲအစည်းများ၏ စည်းလုံးညီညွတ်မှု၊ ဟန်ချက်ညီတိုက်ပွဲ ဖော်ဆောင် နိုင်မှုတို့ကြောင့် ဘီလူးရုပ် ပေါ်သွားအောင် ပြုလုပ်နိုင်ခဲ့သည်က အမှန်တရားဖြစ်သည်။

စစ်အာဏာရှင်ကို မနိုင်စရာ အကြောင်းမရှိဆိုသော စိတ်ဓာတ်ဖြစ်ပေါ်စေသည့် ၁၀၂၇ စစ်ဆင်ရေးသည် ယခုအချိန်အထိ ပြီးဆုံးသွားပြီဟု ကြေညာထားခြင်းမရှိသေးသည်ကို မြန်မာပြည်သူများ သတိချပ်ရမည်ဖြစ်သည်။

ဖက်ဆစ်စစ်တပ်ကို အမြတ်ဖြတ်ရမည်ကို ညီနောင် ၃ ဖွဲ့ နားလည်

======================================

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့အထိ ညီနောင် မဟာမိတ် ၃ ဖွဲ့ ထုတ်ပြန်ခဲ့သော ၁၀၂၇ စစ်ဆင်ရေး ကြေညာချက်တိုင်းကို ကြည့်လျှင် ညီနောင် ၃ ဖွဲ့အနေဖြင့် အကြမ်းဖက် စစ်ကောင်စီနှင့် စစ်အာဏာရှင်စနစ်ကို မဖြစ်မနေ အမြစ်ဖြတ်ရန် စိတ်ပိုင်းဆုံးဖြတ်ထားပြီးသားကြောင်း ပေါ်လွင်ထင်ရှားသည်။

မြန်မာစစ်တပ်၏ ယုတ်မာပုံ၊ စစ်အာဏာရှင်စနစ်၏ ရက်စက် လူမဆန်မှုများကို မြန်မာ ပြည်သူ လူထု မသိရှိသေးခင် အချိန် နှစ်ပေါင်းများစွာကတည်းက ညီနောင် မဟာမိတ် ၃ ဖွဲ့မှ ခေါင်းဆောင် များက တွေ့ကြုံ သိရှိခဲ့ကြပြီးဖြစ်သည်။ ထို့ကြောင့် မြန်မာစစ်တပ် အမြစ်မဖြတ်သမျှကာလပတ်လုံး ၎င်းတို့ တည်ဆောက်ထားမှုများ အချိန်မရွေး ဖျက်ဆီးခံရနိုင်ပြီး ဖြိုဖျက်ခံရနိုင်သည်ကို နားလည် ကြသည်။ စစ်အာဏာရှင်စနစ်နှင့် မြန်မာစစ်တပ်ကို ချေမှုန်းနိုင်မှသာလျှင် ညီနောင် ၃ ဖွဲ့ အပါအဝင် တိုင်းရင်းသားအားလုံး လိုချင်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်ခွင့်ရရှိမည်ကိုလည်း အားလုံးက နားလည်လက်ခံကြပြီးဖြစ်သည်။

ဇန်နဝါရီလ ၁၁ ရက်နေ့ ကူမင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီသည့်တိုင် ဇန်နဝါရီလ ၁၂ ရက်နေ့ ညပိုင်းတွင် ညီနောင် မဟာမိတ် ၃ ဖွဲ့က “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၇၈) ရက်မြောက်နေ့တိုက်ပွဲသတင်းများ”ဟူသော ခေါင်းစဉ်ဖြင့် စစ်ရေးသတင်းကြေညာချက်ကို ဆက်လက် ထုတ်နေဆဲဖြစ်သည်။

စစ်အာဏာရှင်ကို အမြစ်ဖြတ်မည့် ၁၀၂၇ စစ်ဆင်ရေး မပြီးဆုံးသေး၊ ပြီးဆုံးသည်ဟု မကြေညာနိုင်သေး၍ ၁၀၂၇ စစ်ဆင်ရေး ခေါင်းစဉ်တပ်၍ နေ့စဉ် သတင်းထုတ်ပြန်မှုကို ဆက်လက် လုပ်နေခြင်းဖြစ်သည်။

စစ်ကောင်စီအရှုံးပေးလိုက်ရသည့် အပစ်ရေးသဘောတူညီချက်မှ ဘာတွေရရှိမလဲ

=============================================

၁၀၂၇ စစ်ဆင်ရေးတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့်အတူ BPLA တပ်၊ PDF တပ်နှင့် NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ တပ်များ ၊ တော်လှန်ရေးတပ်များ ပူးပေါင်းပါဝင်တိုက်ခိုက်လျက်ရှိရာ လက်ရှိတွင် တော်လှန်ရေးတပ်များအနေဖြင့် တိုက်ပွဲ အတွေ့အကြုံများစွာရရှိသွားခဲ့ပြီဖြစ်သည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သော မြို့ပေါင်း ၁၇ မြို့၊ စခန်းပေါင်း ၅၀၀ နယ်မြေများသည် ညီနောင်မဟာမိတ် ၃ ဖွဲ့၏ မဟာမိတ် တော်လှန်ရေးတပ်များအတွက် လှုပ်ရှားသွားလာ၊ စစ်ရေးလေ့ကျင့်ခွင်ရရှိမည့် နယ်မြေများဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း ယုတ်မာ ရက်စက် ကောက်ကျစ်သည့် စစ်ကောင်စီ၏ အုပ်ချုပ်မှု လုံး၀ ကင်းစင်သွားသည့် မြို့ပေါင်း ၁၇ မြို့ မြန်မာနိုင်ငံတွင် ပေါ်ထွန်းလာခြင်းလည်းဖြစ်သည်။ ထိုနေရာများသည် CDM ဝန်ထမ်းများ၊ CDM တပ်မတော်သားများ၊ တော်လှန်ရေးသမားများအတွက် လေ့ကျင့် အခြေတည်ပျိုးထောင်ရာ နေရာများလည်း ဖြစ်လာနိုင်သည်။ အနာဂတ်တွင် ရရှိမည့် အကျိုး အမြတ်က အလွန်ကြီးမားလှသည်ဟုဆိုရပေမည်။

အပစ်ရေး သဘောတူညီချက်ကို လေ့လာကြည့်ရအောင်ပါ။ အပစ်ရေး သဘောတူညီချက်တွင် စစ်ကောင်စီ အနေဖြင့် ရှမ်းမြောက် ဒေသရှိ ညီနောင် ၃ ဖွဲ့ က ထိန်းချုပ်၊ သိမ်းပိုက်ထား သော နေ ရာများ အားလုံးသို့ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု မလုပ်ရန် သဘောတူညီသည်ဟုပါရှိသည်။ ထို့ကြောင့် ညီနောင် ၃ ဖွဲ့ သိမ်းပိုက်ရရှိထားသော နယ်မြေနှင့်မြို့များသည် ယာယီအားဖြင့် စစ်တပ်၏ ပစ်ခတ်မှုမှ ကင်းလွတ်ပြီး စစ်တပ်ဩဇာ သက်ရောက်မှု မရှိတော့သည့် လွတ်မြောက်နယ်မြေများ ဖြစ်လာမည်ဖြစ်သည်။

စစ်အာဏာရှင် အမြစ်ဖြတ်ရေးမှာ ညီနောင် ၃ ဖွဲ့ ဆက်လက်ပါဝင်မည်

=====================================================

စစ်အာဏာရှင် အမြစ်ဖြတ်ရေး လုပ်ဆောင်ရန် ညီနောင် ၃ ဖွဲ့က မြန်မာပြည်သူလူထုကို ကတိပေးထားပြီးသည့်အတိုင်း ဆက် လက် လုပ်ဆောင်သွားရန်ရှိနေသည်။ ဆက်လက်လုပ်ဆောင်မည့် အစီအစဉ်များမှာ ပုံစံမျိုးစုံဖြင့် ဖြစ်နိုင်ပြီး အပစ်ရပ်ဒေသသည် ရှမ်းမြောက်တစ်ခုတည်းတွင်သာဖြစ်၍ ရှမ်းမြောက်အပြင် ဒေသများတွင် အပစ်ရပ်စရာအကြောင်းမရှိသေးဟုဆိုရပေမည်။

ဥပမာအားဖြင့် ရခိုင်ဒေသတွင် AA က ခွန်အားအပြည့်ဖြင့် ဆက်လက် တိုက်ခိုက်နေပြီး ညီနောင် မဟာမိတ်များကလည်း AA ၏ စစ်ရေး ရည်မှန်းချက်များ ရရှိရေး အပြည့်အ၀ ကူညီမည်ဟု တရားဝင် ထုတ်ပြန်ထားပြီးဖြစ်သည်။ ထိုသဘောအတိုင်းပင် စစ်အာဏာရှင် အမြစ်ဖြတ်ရေးအတွက် ညီနောင်မဟာမိတ် ၃ ဖွဲ့သည် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်၀ိုက်၍သော်လည်း ကောင်း ဆက်လက်ပါဝင်နေဦးမည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့ဘက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

တရုတ်၏ ဖိအားကြောင့် ရှမ်းမြောက်ဒေသတစ်ခုတည်းတွင်သာ ယာယီအပစ်ရပ်လိုက်ရသော်လည်း ညီနောင် ၃ ဖွဲ့၏ စစ်အာဏာရှင် အမြစ်ဖြတ်ရေး ၁၀၂၇ စစ်ဆင်ရေး ရပ်တန့်ခြင်းမရှိသေးဘဲ ဆက်လက် ချီတက်မည်က အသေအချာပင်ဖြစ်သည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #AA #CDM #BPLA #PDF #Operation1027 #MNDAA #TNLA

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article