ရန်ကုန်၊ ဇန်နဝါရီ ၁၆
အကြမ်းဖက် စစ်ကောင်စီက ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများကို အရေးယူနိုင်ရေး အသွင်းကူးပြောင်းမှု ကာလ တရားမျှတမှု လုပ်ငန်းစဉ်အတွက် သေချာ ပြင်ဆင်ထားကြရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မှာကြားကြောင်း သိရှိရသည်။
ဇန်နဝါရီလ ၁၆ ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၄) တွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
“တော်လှန်ရေးကြီး အောင်မြင်ပြီးတဲ့အခါမှာတော့ ရှေ့တော်လှန် ရေး အဆက်ဆက်မှာ မလုပ်ဆောင်နိုင်ခဲ့တဲ့ Transitional Justice လို့ခေါ်တဲ့ အသွင်ကူး ပြောင်းရေးကာလ တရားမျှတမှုလုပ်ငန်းစဥ်အတွက် အခုကတည်းက သေချာပြင်ဆင်ထားဖို့ လည်း လိုအပ်မှာ ဖြစ်ပါတယ်” ဟု NUG ဝန်ကြီးချုပ်က ပြောဆိုသည်။
ဇန်နဝါရီလ ၉ ရက်နေ့ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ကနန်ကျေးရွာကို စစ်တပ်က လေကြောင်းမှ ဗုံးကျဲခဲ့ပြီး ပြည်သူများ သေဆုံးခဲ့ရကြောင်း ၊ အဆိုပါ လုပ်ရပ်သည် စစ်ကောင်စီက အပြစ်မဲ့ ပြည်သူများရှိရာ ကျေးရွာများကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း NUG ဝန်ကြီးချုပ်က ဆိုသည်။
“ဇန်နဝါရီလ ၉ ရက်နေ့တုန်းက ကျွန်တော်တို့ ထုတ်ပြန် ခဲ့တဲ့ “စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်၊ ကနန်ကျေးရွာရှိ အရပ်သားပြည်သူများအား အကြမ်းဖက်မြန်မာစစ်တပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဥ်နှင့် ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်” ထဲမှာ ပြောထားတဲ့အတိုင်း နိုင်ငံတကာ သဘောတူစာချုပ်တွေ၊ ဥပဒေတွေကို ပေါ်ပေါ်ထင်ထင် နှိုးဆော်ပြီး စစ်ရာဇဝတ်နဲ့ လူသားမျိုးနွယ်စုတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုပေါင်းများစွာ ကိုလုပ်ဆောင်နေကြတဲ့ အကြမ်းဖက်စစ်ကောင်စီကို အရေးယူဆောင်ရွက်မှု လုပ်ဆောင်နိုင်ရေးဟာ အင်မတန် ကိုအရေးကြီးပါတယ်။ အခုဆိုရင် အကြမ်းဖက်စစ်ကောင်စီဟာ လေကြောင်းကို အသုံးပြုပြီး အပြစ်မဲ့ ပြည်သူများရှိရာ ရပ်ရွာ များကို တိုက်ခိုက်မှုတွေ ပြုလုပ်နေတာဟာ ၅၈၃ ကြိမ် ရှိနေပါပြီ။ ဒိလို တိုက်ခိုက်တဲ့အခါမှာ လည်း ရပ်ရွာတင်မက စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ဘာသာရေး အဆောက်အအုံတွေပါ မချန်ပဲ တိုက်ခိုက်နေတာဟာ မြန်မာ့သမိုင်းတွင်မက ကမ္ဘာ့သမိုင်းမှာပါ ဆိုးရွားလွန်းတဲ့ သမိုင်း တင်စေမယ့် ရက်စက်ကြမ်းကြုတ်မှုတွေပဲဖြစ်ပါတယ်။ ဒီလို ဆိုးဝါးလွန်းတဲ့ ဖြစ်စဥ်တွေကို ရပ်တန့်အောင် လုပ်ဖို့အတွက်ကတော့ တော်လှန် ရေး ဦးဆောင်အစိုးရဖြစ်တဲ့ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တော်လှန် ရေးကို ဦးဆောင်နေကြတဲ့ အစုအဖွဲ့အသီးသီးရဲ့ စုပေါင်းအားနဲ့ ကြိုးပမ်းဆောင်ရွက်နိုင်မှု အပေါ်ကိုပဲ မူတည်မှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ရှင်းလင်းပြောဆိုသည်။
ဇန်နဝါရီလ ၉ ရက်နေ့ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ကနန်ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်မှုတွင် ကလေးငယ် များအပါအဝင် ပြည်သူ ၁၇ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူများကို ဆေးကုသခွင့် မရရှိစေရေး စစ်ကောင်စီက ပိတ်ပင်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #TransitionalJustice #NUG #စစ်ကောင်စီ #ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း #စစ်ရာဇဝတ်မှု