36 C
Yangon

ဒီပဲယင်းမြို့နယ် မဲအိုးရွာမှ ဖမ်းဆီးလာသည့် ပြည်သူ ၃ ဦးကို စစ်တပ်က အပိုင်းပိုင်းခုတ်၍ သတ်ဖြတ်ပြီး ပြည်သူ ၁ ဦးကို မီးရှို့သတ်ဖြတ်

Must read

ဒီပဲယင်းမြို့နယ် မဲအိုးရွာမှ ဖမ်းဆီးလာသည့် ပြည်သူ ၃ ဦးကို စစ်တပ်က အပိုင်းပိုင်းခုတ်၍ သတ်ဖြတ်ပြီး ပြည်သူ ၁ ဦးကို မီးရှို့သတ်ဖြတ်

ရန်ကုန်၊ ဇန်နဝါရီ ၁၉

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မဲအိုးရွာမှ ဖမ်းဆီးလာသည့် ပြည်သူ ၃ ဦးကို အကြမ်းဖက် စစ်တပ်က အပိုင်းပိုင်းခုတ်၍ သတ်ဖြတ်ပြီး ပြည်သူ ၁ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ တာဝန်ခံ ကိုကြီးဖြိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက်အစောပိုင်းတွင် အကြမ်းဖက် စစ်တပ်က ဒီပဲယင်းမြို့နယ် မဲအိုးရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူ ၅၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ပြည်သူများ၏ ရွှေ၊ ငွေ လက်ဝတ်လက်စားများကို လုယက်ခဲ့ကြောင်း၊ ထိုဖမ်းဆီးထားသူများထဲမှ ၁၅ ဦးကို အကြမ်းဖက် စစ်တပ်က လက်ယက်ကုန်းရွာကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လက်ယက်ကုန်းရွာအတွင်း အမျိုးသား ၃ ဦးကို အပိုင်းပိုင်းခုတ်၍ သတ်ဖြတ်ကာ အမျိုးသမီး ၁ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

“၁၈ ရက်နေ့ နံနက် ဝေလီဝေလင်း အိပ်ချိန်မှာ ပြည်သူ ၅၀ ကျော်ကို ဖမ်းတယ်။ ကျန်တဲ့ လူတွေကို ပြန်လွှတ်ပြီး ၁၅ ဦးကို လက်ယက်ကုန်းခေါ်သွားတယ်။ ပြန်လွှတ်တဲ့ လူတွေဆီကလည်း ရွှေတွေ ငွေတွေ အကြမ်းဖက်စစ်တပ်က လုသွားတယ်။ လက်ယက်ကုန်းမှာ ၁၅ ဦးထဲက ပြည်သူ ၄ ဦးကို ရက်ရက်စက်ကိုယ်လက်အင်္ဂါတွေ ဖြတ်တောက်ပြီး သတ်သွားတယ်။ ကျန်တဲ့ လူတွေက ဆက်ဖမ်းသွားသလား ပြန်လွှတ်လိုက်ပြီလား မသိသေးဘူး”ဟု ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ တာဝန်ခံ ကိုကြီးဖြိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောပြသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ယက်ကုန်းရွာမှ ရေဦးမြို့နယ် စိန်ဂျွန်းရွာကို ရောက်ရှိနေပြီ ဖြစ်ကြောင်း ဒေသပြည်သူများက ပြောကြားသည်။

အကြမ်းဖက် စစ်တပ်က သတ်ဖြတ်ခြင်းခဲ့သော ပြည်သူ ၄ ဦးမှာ ကိုဇော်ဝင်း၊ ‌ကိုအောင်မြင့်ကျော် (ခ) မောင်နီ ခေါ် ကိုကုလား၊ ကိုထွန်းနှင့် မခင်နှင်းဌေးတို့ ဖြစ်ကြောင်း သိရသည်။

” ၁၀၀ ရာခိုင်နှုန်းအတည်မပြုရသေးဘူး။ အမျိုးသား သုံးဦးဆို ကိုဇော်ဝင်း ၊ ကိုအောင်မြင့်ကျော်၊ ကိုထွန်းဆိုပြီး သိရတယ်။ အမျိုးသမီးကတော့ မျက်နှာက မသဲကွဲတော့ဘူး မီးရှို့ထားတာ ဖြစ်တဲ့အတွက် သူ့ရဲ့ အဝတ်အစားတွေကို ကြည့်ပြီးတော့မှ အတည်ပြုကြတာ”ဟု ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ တာဝန်ခံ ကိုကြီးဖြိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရေဦးမြို့နယ်အစပ်တွင် ရှိနေသေး၍ လက်ယက်ကုန်းရွာတစ်ရွာလုံးကို ရှင်းလင်းရေး မလုပ်နိုင်သေးကြောင်း ၊ ကျန်ရှိသည့် ဖမ်းဆီးခံရသည့် ပြည်သူများ၏ အခြေအနေကို မသိရှိရသေးကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ထံမှ သိရှိရသည်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #ဒီပဲယင်းမြို့နယ် #စစ်တပ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article