ရန်ကုန် | ဇန်နဝါရီ ၂၄
စစ်အာဏာရှင်ကို တော်လှန်နေတဲ့ လက်နက်ကိုင်တော်လှန်ရေးမှာ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ် စည်းကမ်းတွေ မချိုးဖောက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ က တိုက်တွန်း ပြောဆိုပါတယ်။
မနေ့ မနက်ပိုင်းမှာ ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၃/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေး မိန့်ခွန်းမှာ ယာယီသမ္မတက အခုလို ထည့်သွင်းပြောဆိုသွားတာ ဖြစ်ပါတယ်။
“ခုခံတော်လှန်စစ် အရှိန်အဟုန် မြင့်လာတာနဲ့အမျှ ကျွန်တော်တို့ အနေနဲ့ ပိုပြီး အရေးကြီးလာတဲ့ ကိစ္စကတော့ စစ်ရေးဆိုင်ရာကျင့်ဝတ် စည်းကမ်း ကျေပွန်စေရေး ကိစ္စပဲ ဖြစ်ပါတယ်။ ခုခံတော်လှန်စစ်ရဲ့ စစ်ရေးအောင်ပွဲတွေဟာ နယ်မြေဒေသအသီးသီးမှာ၊ မတူသော အသွင်သဏ္ဍာန်တွေနဲ့ အောင်ပွဲရရှိနေတာကို အထင်အရှားတွေ့နေရပါတယ်။ ဒီလို ခုခံတော်လှန်စစ် အောင်ပွဲတွေ၊ တော်လှန်ရေး ဂုဏ်သိက္ခာ မြင့်မြင့်မားမားနဲ့ ပြည်သူ့ထံကို အပ်နှံတဲ့ တော်လှန်ရေးအောင်ပွဲတွေ ဖြစ်ဖို့ လိုပါတယ်” လို့ သူက ပြောဆိုပါတယ်။
အခုလို တော်လှန်ရေးကာလ စစ်စည်းကမ်း ကျင့်ဝတ်တွေကို ကျေပွန်လိုက်နာဖို့ကိစ္စဟာ NUGအစိုးရ လက်အောက်က PDFတွေတင်မကဘဲ ကျန်တဲ့ ကာကွယ်ရေးအဖွဲ့အစည်းတွေနဲ့လည်း သက်ဆိုင်တယ်လို့ သူက ဆိုပါတယ်။
“အဲဒါဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လက်အောက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ PDF တွေနဲ့ပဲ သက်ဆိုင်တာ မဟုတ်ပါဘူး။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာ တိုက်ရိုက် မရှိတဲ့ LDF / LPDF စတဲ့ ဒေသအခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းတွေနဲ့လည်း သက်ဆိုင်နေပါတယ်” လို့ NUGယာယီသမ္မတက သူ့ရဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုပါတယ်။
နွေဦးတော်လှန်ရေးအတွင်း အသစ်ပေါ်ထွန်းလာတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေထဲမှာ ရှေက စီနီယာ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်မှုနဲ့ လမ်းညွှန် ပြသမှုကို ခံယူနိုင်တဲ့ အဖွဲ့အစည်းတွေ ရှိထားသလို၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လှုပ်ရှားဆောင်ရွက် နေတဲ့ အဖွဲ့အစည်းတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
တချို့အဖွဲ့တွေက တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ယှဉ်တွဲ ထိန်းကျောင်းမှုကို ခံယူပေမယ့် တချို့သော အဖွဲ့အစည်း တွေကတော့ နယ်မြေ တစ်ဆက်တစ်စပ်တည်း မရှိဘဲ သီးခြားကင်းလွတ်နေတဲ့ ဒေသတွေမှာ လှုပ်ရှားနေတာမျိုးလည်း ရှိနေတယ်လို့ NUGအစိုးရ ယာယီသမ္မတက ပြောပါတယ်။
နွေဦးတော်လှန်ရေးအတွင်းက လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ စစ်ရေးဆိုင်ရာ ကျင့်ဝတ်စည်းကမ်းလိုက်နာမှုမှာ အချိန်ကာလ တိုတောင်းလို့ ရင့်ကျက်မှုအနေနဲ့ အချိန်ယူနေရသေးတာတွေ့ရတယ်လို့ ဆိုပါတယ်။
အနိုင်ရလိုဇောနဲ့ စစ်ရေးကျင့်ဝတ်တွေကို လျစ်လျှူရှုတာမျိုးဟာ ဆင်ခြင်တုံတရားမဲ့တဲ့ လုပ်ရပ်တွေဖြစ်တယ်လို့လည်း သူက သတိပေးပါတယ်။
“စစ်မှာ စစ်ရေးပီပီပြင်ပြင်နဲ့ ပြုမူ တုန့်ပြန်ရတာတွေ ရှိနေတာကို လက်ခံနိုင်ပေမယ့် စစ်ရေးကျင့်ဝတ်နဲ့ မလျှော်ညီတာတွေကို ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ခွင့်ပြုလို့ မရဘူးဆိုတာ အလေးအနက်ထား ပြောချင်ပါတယ်။ ဒါ့အပြင် စစ်ရေးစည်းကမ်းတွေနဲ့အညီ လိုက်နာ လုပ်ဆောင်ကြဖို့ အထူး အလေးအနက်ထား တိုက်တွန်းချင်ပါတယ်” လို့ ဆိုပါတယ်။
စစ်ရေးစည်းကမ်းချိုဖောက်မှုတွေကိုလည်း ဥပဒေနဲ့အညီ ထိုက်တန်တဲ့ ပြစ်မှုပြစ်ဒါဏ်ပေးဖို့နဲ့ တော်လှန်ရေးအတွင်းမှာ ထားရှိတဲ့မူအတိုင်း အထူးကြပ်မတ်ဆောင်ရွက်ဖို့လိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက သတိပေး ပြောဆိုပါတယ်။
#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #PDF