30 C
Yangon

ဝေါမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးဒဏ်ရာရပြီး နေအိမ် ၂ လုံးပျက်စီးကာ ပြည်သူ ၃၀ ဦးကို အကြောင်းမဲ့ ဖမ်းဆီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၅

ပဲခူးတိုင်း၊ ဝေါမြို့နယ်နှင့် မွန်ပြည်နယ်၊ ကျိုက်ထိမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးဒဏ်ရာရပြီး နေအိမ် ၂ လုံးပျက်စီးကာ ပြည်သူ ၃၀ ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ဝေါမြို့နယ် အညာစုရွာမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ချောင်းဝရွာကို ဒရုန်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ရာ ဦးမြင့်နိုင် နေအိမ်ကို ၁ ကြိမ် ကျရောက် ပေါက်ကွဲခဲ့ပြီး အထိအခိုက်ပျက်ဆီးမှုမရှိခဲ့ကြောင်း၊ ကိုစန်းမင်းအောင်၏ နေအိမ်ပေါ်ကိုလည်း ဒရုန်းဖြင့် ထပ်မံ ဗုံးသီးကျဲချခဲ့ရာ နေအိမ်ခေါင်မိုးနှင့် ပျဥ်များ ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်က အထက်ဝိုင်းပါတ်ရွာမှ နေ၍ ၈၁ မမ လက်နက်ကြီး ၉ လုံး ဖြင့် ချောင်းဝရွာကို ပစ်ခတ်ခဲ့ရာ ချောင်းဝရွာနှင့် ရွာအနီးဝန်းကျင်ကို ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူများနှင့် နေအိမ်များ ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။

အလားတူ ယမန်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က အထက်ဝိုင်းပါတ်ရွာမှ ၁၂၀ မမ လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့ရာ ကျိုက်ထိုမြို့နယ် ဝင်းကံရွာကို ကျရောက် ပေါက်ကွဲခဲ့ပြီး ဝင်းကံရွာသူ မသဲစုလင်း လက်နက်ကြီး ကျည်စ ခါးနောက်ကျော ထိမှန်ခဲ့ပြီး ဦးမောင်တူး၏ နေအိမ် အနီးကို ၁၂၀ မမ လက်နက်ကြီး ၁ လုံး ကျရောက်ပေါက်ကွဲကာ ဦးမောင်တူး ၏ နေအိမ် နှင့် ဆိုင်ကယ်တို့ ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

မွန်းလွဲ ၃ နာရီ ၁၀ မိနစ်ခန့်တွင် အညာစုရွာမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပြန်လည် ဆုတ်ခွာလာစဥ် အညာစုရွာ (အထက်စု ၊ အလယ်စု ၊

အောက်စု ၊ ခင်းတန်းကုန်း) နှင့် အထက်ဝိုင်းပါတ်ရွာမှ ကျေးရွာနေ ပြည်သူ ၂၈ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ပြည်သူ အချို့သည် ရွာပြင်ထိ လိုက်ပါသွားကာ အထက် ဝိုင်းပါတ်ရွာမှနေ၍ ၈၁ မမ လက်နက်ကြီး ၄ လုံးပစ်ခတ်ခဲ့ရာ ၂ လုံးသည် ရွာအနောက်အစပ်သို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ခင်တန်းကုန်းအပိုင်း မှ ကိုလှဝင်း ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း၊ မွန်းလွဲ ၃ နာရီ ၃၅ မိနစ်တွင် အကြမ်းဖက် စစ်တပ်က အညာစုရွာနှင့် အထက်ဝိုင်းပါတ်/အောက်ဝိုင်းပါတ် ရွာတို့ကို ဆက်သွယ်ထားသော သစ်သားတံတားကို မီးရှို့ဖျက်ဆီးခဲ့​ပြီး ဖမ်းဆီးခံရသော ရွာသားများကို ယနေ့တွင် တပ်နယ်သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

ထို့ပြင် ဇန်နဝါရီလ ၂၄ ရက်နေ့က ဝေါမြို့နယ် ၊ ပုဂံရွာမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဖမ်းဆီးသွားသော ပြည်သူ ၆ ဦး ကို မြစ်ကျိုးရဲစခန်း သို့ ခေါ်သွားခဲ့ပြီး ၄ ဦး ကို အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ကာ အသက် ၃၀ အရွယ် အမျိုးသမီး ၁ ဦး ကို ဘောနတ်ကြီး ရှိ စစ်ကြောရေးသို့ ပို့ဆောင်ခဲ့ပြီး အသက် ၆၈ နှစ် ဝန်းကျင်အရွယ်ရှိ အမျိုးသား ၁ ဦး ကို မြစ်ကျိုး ရဲစခန်း တွင် ထားရှိထားကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက်ပိုင်းမှစ၍ ပုဂံရွာ ၊ မြစ်ကျိုးရွာ ၊ အနောက်စုရွာ ရှိ လမ်းဆုံ/လမ်းခွ များတွင် အကြမ်းဖက် စစ်တပ်က ဆိုင်ကယ် ၊ ကား များကို စစ်ဆေးခဲ့ပြီး မှတ်ပုံတင် မပါသော ပြည်သူများကို ငွေကျပ် ၅၀၀၀၀ တောင်းယူပြီး မှတ်ပုံတင်ပါရှိသော ပြည်သူများကို ဖုန်းများ စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article