32 C
Yangon

စစ်ကောင်စီက ရမ်းဗြဲမြို့ကို တိုက်လေယာဉ်များဖြင့် ပေါင် ၅၀၀ ဗုံးများဖြင့် ကျဲချ နေအိမ် အများအပြား မီးလောင်နေ

Must read

ရန်ကုန်| ဇန်နဝါရီ ၂၆

စစ်ကောင်စီက ရခိုင်ပြည် ရမ်းဗြဲမြို့ကို ယမန်နေ့နှင့် ယနေ့တွင် ပေါင် ၅၀၀ ဗုံးများ ကျဲချနေသဖြင့် ပြည်သူ့ နေအိမ် အများအပြား မီးလောင် ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

ရမ်းဗြဲမြို့ မြိုမဈေးနှင့် မြို့လယ်ဓမ္မာရုံအနီးဝန်ကျင်တို့ စစ်ကောင်စီက ဇန်နဝါရီ ၂၅ ရက်နေ့ နံနက် ၁၀ နာရီအခန့်မှ စ၍ ယနေ့ ဇန်နဝါရီလ ၂၆ ရက် နံနက် ၄ နာရီတွင်လည်း စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချနေကြောင်း ဒေသခံများက ပြောသည်။

ရမ်းဗြဲဒေသခံတစ်ဦးက ” မြို့ပေါ်ကို ဈေးနဲ့ မြို့လယ်ဓမ္မာရုံအနီးဝန်ကျင်တို့ လေကြောင်းကနေ တစ်လျောက် ပစ်နေတာဗျ။ မနေ့ကလည်း ပေါင် ၅၀၀ ရှိတဲ့ ဗုံးလာချတယ်။ အကုန်မီးလောင်းနေတယ်။ ဒီနေ့ လာချတယ်။ တော်တော်ဆိုးဆိုးရွားရွား ဖြစ်နေတာပါ”ဟုပြောသည်။

ယခုရက်ပိုင်းအတွင်း ရမ်းဗြဲမြို့ကို အဓိက ဦးတည်ကာ မြေပြင်တိုက်ပွဲများမရှိဘဲ စစ်ကောင်စီသည် ယုတ်မာစွာဖြင့် Y-12 လေယာဉ်အသုံးပြု၍ ရမ်းဗြဲမြို့တွင်းသို့ တမင်တကာ ဗုံးကြဲချခြငနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။

စစ်ရှောင် ရမ်းဗြဲဒေသခံတစ်ဦးက ” ရမ်းဗြဲမြို့ကတော့ သွားပါပြီ။ စစ်ကောင်စီ ပစ်ခတ်တဲ့ လက်နက်တွေ၊ ဗုံးတွေကြောင့် အိမ်တွေမီးလောင်လို့ ဆုံးရှုံးပါပြီ။ လူတွေလည်း တယောက်မှ မရှိတော့ဘူး။ အကုန်လုံးက ဘေးလွတ်ရာကို ထွက်ပြေးကုန်ပြီ။ မီးလောင်တဲ့အထဲ ကျနော့်အိမ်လည်း ပါသွားပါပြီ။ စစ်က ဘယ်အချိန်ပြီးမလဲ ကျနော်တို့က ရမ်းဗြဲမြို့ကို ဘယ်အချိန် ပြန်နေရမလဲ မသိတော့ဘူး။ ရမ်းဗြဲမြို့ အနီးတစ်ဝိုက်မှာ တိုက်ပွဲက နေ့စဉ်ဖြစ်နေကြတာ ” ဟု ပြောသည်။

ပေါက်တောမြို့ကို ဖျက်ဆီးပစ်သကဲ့သို့ ရမ်းဗြဲမြို့ကိုလည်း တစ်မြို့လုံးပျက်စီးသွားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ‌စစ်ကောင်စီသည် လေကြောင်းမှ ရက်ဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေကြောင်း ညီနောင်မဟာမိတ်တပ်ဖွဲ့မှ ယမန်နေ့ ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

ပေါက်တောတစ်မြို့လုံးပျက်စီးသွားစေရန် စစ်ကောင်စီသည် ကြည်း၊ ရေ၊ လေ မျိုးစုံ တိုက်ခိုက်မှုဖြင့် ဖျက်ဆီးခဲ့သည့်နည်းတူ ရမ်းဗြဲမြို့ကိုလည်း လက်နက်ကြီးများ လှမ်းပစ်ခြင်း၊ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်နေသည်ဟု ညီနောင်နဟာမိတ်က ဆိုသည်။

စစ်ကောင်စီ၏ တိုက်ခိုက်ဖျက်ဆီးမှုများကြောင့် ရမ်းဗြဲမြို့တွင် နေအိမ်များ၊ ဈေးဆိုင်ခန်းများ၊ စာသင်ကျောင်းများနှင့် ဘုရားပုထိုးစေတီများ မီးလောင်ပျက်စီးမှု အများအပြားရှိနေသည်။

ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ မဆုံးရှုံးရစေရန် ရက္ခိုင့်တပ်တော် AA သည် မြို့တွင်တိုက်ပွဲများကို ရှောင်ရှားသော်လည်း စစ်ကောင်စီတပ်များနှင့် လေကြောင်းတို့က လူနေကျေးရွာများနှင့် မြို့တွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ ဗုံးကြဲခြင်းများကို ပြုလုပ်လျှက်ရှိသည်ဟု ညီနောင်မဟာမိတ်အဖွဲ့က ပြောသည်။

စစ်ကောင်စီ မီးလောင်တိုက်သွင်းခဲ့သော ပေါက်တောမြို့ကို ဇန်နဝါရီလ ၂၄ ရက်နေ့ကစ၍ AA က အလုံးစုံ သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဟု ညီနောင်အဖွဲ့က ထုတ်ပြန်ပြောဆိုထားသည်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #AA

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article