25 C
Yangon

စစ်ကောင်စီ လက်အောက်ခံ မြန်မာ့သတ္တုတွင်းလုပ်ငန်းတွင် ဩစတြေးလျနှင့်ဆက်စပ်ကုမ္ပဏီများ ပါဝင်နေမှု ချက်ချင်းအရေးယူရန် တောင်းဆို

Must read

စစ်ကောင်စီ လက်အောက်ခံ မြန်မာ့သတ္တုတွင်းလုပ်ငန်းတွင် ဩစတြေးလျနှင့်ဆက်စပ်ကုမ္ပဏီများ ပါဝင်နေမှု ချက်ချင်းအရေးယူရန် တောင်းဆို

ရန်ကုန်၊ ဇန်နဝါရီ ၃၀

မြန်မာနိုင်ငံရှိ စစ်ကောင်စီလက်အောက်ခံ မြန်မာ့သတ္တုတွင်းလုပ်ငန်းတွင် ဩစတြေးလျနှင့်ဆက်စပ်ကုမ္ပဏီများ ပါဝင်နေမှု ချက်ချင်းအရေးယူရန် Myanmar Campaign Network က ဩစတြေးလျအစိုးရကို တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံ၏ သတ္တုတွင်းလုပ်ငန်းတွင် ဩစတြေးလျနှင့် ဆက်စပ် ကုမ္ပဏီများက ပံ့ပိုးကူညီနေမှုသည် သတ္တုတွင်းတူးဖော်ခြင်းလုပ်ငန်းကဏ္ဍမှတစ်ဆင့် အကြမ်းဖက်စစ်အာဏာရှင်ကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်သောနည်းနှင့် ဖြစ်စေ ပံ့ပိုးပေးနေခြင်းဖြစ်သည့်အတွက် မြန်မာနိုင်ငံ သတ္တုတွင်းလုပ်ငန်းကဏ္ဍအပေါ် ပိတ်ဆို့အရေးယူရန် တောင်းဆို ခြင်းဖြစ်သည်။

Justice For Myanmar က ထုတ်ပြန်သည့်’လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်သတ္တုမိုင်းများ’အစီရင်ခံစာတွင် အကြမ်းဖက်စစ်တပ်၏ ၂၀၂၁ ခုနှစ် အာဏာသိမ်းရန် ကြိုးပမ်းမှုအပြီး မြန်မာနိုင်ငံတွင် လုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေသည့် ဩစတြေးလျနှင့် ဆက်စပ်ကုမ္ပဏီ ၁၀ ခုကို ဖော်ထုတ်ထားပြီး အဆိုပါ ကုမ္ပဏီများ၏ တည်ရှိမှုသည် အကြမ်းဖက်စစ်တပ်ကို အမြတ်အစွန်းနှင့် အခွန်များရရှိစေကာ သတ္တုတွင်းလုပ်ငန်း ဆက်လက်လည်ပတ်စေရန် ပံ့ပိုးနေခြင်းဖြစ်ကြောင်းလည်း Myanmar Campaign Network က ပြောဆိုသည်။

“အာဏာသိမ်းပြီး သုံးနှစ်ကြာပြီး မြန်မာနိုင်ငံမှာ ၎င်း၏ သတ္တုတူးဖော်ရေး လုပ်ငန်းများမှ ငွေကြေးထောက်ပံ့မှုတွေကြောင့် အကြမ်းဖက်စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်လက်ဖြစ်ပေါ်နေပါတယ်။ ဒီအကြမ်းဖက်စစ်တပ်မှ ထိန်းချုပ်ထားသော နိင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့အရေးယူတာဟာ သံတမန်ရေးရာ လှုပ်ရှားမှုတစ်ခု မဟုတ်ဘဲ ကိုယ်ကျင့်တရားဆိုင်ရာ လိုအပ်ချက်ဖြစ်ပါတယ်။ ကျွန်ုပ်တို့က ဒီစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် အသံတိတ် လက်တွဲဖော်မဖြစ်နိုင်တော့ပါဘူး။” ဟု Myanmar Campaign Network မှ Campaign မန်နေဂျာ Tasneem Roc က ပြောဆိုသည်။

စစ်ကောင်စီလက်အောက်ရှိ လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေခြင်းသည် ဩစတြေးလျအဖွဲ့အစည်းများအနေဖြင့် စစ်တပ်၏ အကြမ်းဖက်လှုပ်ရှားမှုများတွင် ပါဝင်ကူညီရုံသာမက တာဝန်ယူမှုရှိသည့် စီးပွားရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းများကို ချိုးဖောက်ရာရောက်နေကြောင်းလည်း Myanmar Campaign Network က ထောက်ပြထားသည်။

မြန်မာစစ်တပ်ကို ပြတ်ပြတ်သားသားဆန့်ကျင်ရန် ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (MONREC) အပါအဝင် သတ္တုတွင်းလုပ်ငန်းကဏ္ဍရှိ လူတစ်ဦးချင်းနှင့် အဖွဲ့အစည်းများကို အပြည့်အဝပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန်၊ အမှတ် ၁ သတ္တုတွင်းလုပ်ငန်း ((ME1) နှင့် အမှတ် ၂ သတ္တုတွင်းလုပ်ငန်း (ME2) နှင့် မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း (MGE) တို့ဖြစ်သည်။ MCN သည် သတ္တုတွင်းဌာန (DoM)၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဌာန (DGSE) နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန (ECD) ကဲ့သို့သော အဓိကပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအပေါ် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန် Myanmar Campaign Network က ဩစတြေးလျအစိုးရကို တောင်းဆိုထားသည်။

ထို့ပြင် သတ္တုတူးဖော်ခြင်းလုပ်ငန်းအပြင် အကြမ်းဖက်စစ်တပ်၏ နိုင်ငံခြားဝင်ငွေ အရင်းအမြစ်များကို ဖြတ်တောက်ရန် ရေနံနှင့် သဘာဝဓာတ်ငွေ့၊ သစ်၊ ပုလဲ၊ ကျောက်မျက်ရတနာနှင့် ရေနံဓာတုပစ္စည်းများ အပါအဝင် အခြားသော ဝင်ငွေကြွယ်ဝသော လုပ်ငန်းကဏ္ဍများကို ပိတ်ဆို့အရေးယူပေးရန်လည်း ဆက်လက်တောင်းဆိုထားသည်။

လက်ရှိအချိန်တွင် ဩစတြေးလျအစိုးရက လူပုဂ္ဂိုလ် ၁၆ ဦးနှင့် စစ်တပ်နှင့် ဆက်နွှယ်နေသည့် စီးပွားရေးအဖွဲ့အစည်း ၂ ခုကိုသာ ပိတ်ဆို့အရေးယူထားပြီး အမေရိကန်၊ ယူကေ၊ EU နှင့် ကနေဒါတို့သည် မြန်မာစစ်တပ်နှင့် ဆက်နွှယ်နေသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းပေါင်း ၃၉၀ ကို ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားပြီးဖြစ်ကြောင်း Transparency International Australia ၏ CEO ဖြစ်သူ Clancy Moore က ပြောဆိုသည်။

“သြစတြေးလျနိုင်ငံမှ ကုမ္ပဏီများက မြန်မာနိုင်ငံမှာ လူ့အခွင့် အရေးကြောင့် လုံ့လစိုက်ထုတ်မှု ပျက်ကွက်နေပြီး သြစတြေးလျ အစိုးရမှ အရေးယူမှုမရှိသည့် အထောက်အထားများ တိုးပွားလာနေပါတယ်။ မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပေါ်နေသော ရက်စက်ကြမ်းကြုတ်မှုများကြောင့် သတ္တုတူးဖော်ခြင်းလုပ်ငန်းကို ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်းဖြင့် သြစတြေးလျအစိုးရအား ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန်နှင့် သြစတြေးလျစီးပွားရေးချိတ်ဆက်မှုများကို ပြန်လည်သုံးသပ်ရန် ကျွန်ုပ်တို့ အလေးအနက် တိုက်တွန်းအပ်ပါတယ်” ဟု Publish What You Pay Australia မှ National Director ဖြစ်သူ Mia Pepper က ပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article