ရန်ကုန်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်း ယနေ့နံနက်အစောပိုင်း မီးလောင်မှု ကားဂိတ်နှင့် ဆိုင်ခန်း ၁၀ ခန်း ထက်မနည်း မီးထဲပါသွား၊ ၂ ဦးသေဆုံးပြီး ၁ ဦး ပျောက်ဆုံးနေ
ရန်ကုန်၊ ဖေဖော်ဝါရီ ၅
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးဝင်းအတွင်းတွင် ယ နေ့ နံနက်ပိုင်း မီးလောင်ကျွမ်းရာ ကားဂိတ်နှင့် ဆိုင်ခန်း ၁၀ ခန်းထက်မနည်း မီး လောင်ပြာကျသွားကြောင်း ကားဝင်းအတွင်းနေထိုင်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၅ နာရီ ၅ မိနစ်အချိန် မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကွင်း၊ ပစောက်ဝင်း သို့မဟုတ် (ပ)ဝင်း၊ တနင်္သာရီလမ်းတွင် မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း၊ မီးမှာ မိနစ် ၄၀ ကျော်လောင်ကျွမ်းခဲ့ပြီး နံနက် ၆ နာရီအချိန် မီးလုံး၀ ငြိမ်းသွားကြောင်း သိရှိရသည်။
“လောင်ကတာက ပစောက်ဝင်းထဲမှာ၊ တနင်္သာရီလမ်းထဲမှာ လောင်တာ။ ပိတ်ထားတဲ့ ဆိုင်ခန်းထဲကနေ စလောင်တာ။ မီးထဲပါသွားတာက ဝင်းကားဂိတ် ၊ ရာဇာမင်းကားဂိတ်၊ အောင်ကျော်ဇောကားဂိတ်၊ ကားလက်မှတ်အရောင်းဂိတ်တွေ ပါကုန်တယ်။ ဆိုင်တွေက ၁၀ ခန်းထက်မနည်းပဲ ပါသွားတာ။ကုန်တွေ၊ စာရွက်စာတမ်းတွေ အကုန်ပါသွားတယ်” ဟု ကားဝင်းအတွင်းနေထိုင်သူတစ်ဦးက ပြောဆိုသည်။
မီးလောင်သွားသော ကားဂိတ်များတွင် ကုန်များသိုလှောင်ထားသဖြင့် မီးပိုမိုလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ မီးလောင်ကျွမ်းမှု အသေးစိတ်ဖြစ်စဉ်ကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။
“မီးဘယ်လိုစလောင်လဲတော့မသိသေးဘူး။ စုံစမ်းနေတုန်းပဲ။ ပိတ်ထားတဲ့ ဆိုင်ခန်းက မီးလောင်တာဆိုတော့ သေချာစစ်ဆေးပြီးမှ ထုတ်ပြန်မယ်ပြောတယ်” ဟု ကားဝင်းအတွင်းနေထိုင်သူက ရှင်းလင်းပြောဆိုသည်။
ကားဝင်းအတွင်းမှ သတင်းရင်းမြစ်တစ်ခုကမူ မီးစတင်လောင်ကျွမ်းခြင်းသည် ရွှေလင်းယုန်ကားဂိတ်မှ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း ပြောဆိုသည်။
“မီးစလောင်တာက ရိုးရိုးလေးပိုင်ဂိတ်ကိုအငှားပေးထားတဲ့ ရွှေလင်းယုန်ဂိတ်ကစတာပါ။ ဝါယာရှော့ခ်လို့ပြောကြသလို ခြင်ဆေးခွေလို့လည်း ပြောကြတယ်။ ရွှေလင်းယုန်ဂိတ်ထဲမှာ ညအိပ်သူ ၃ ဦးမှာ ၂ ဦးသေ၍ ၁ ဦးပျောက်တယ်လို့သိရပါတယ်။ ရွှေလင်းယုန်ဂိတ်မှူးက လောလောဆယ်အောင်ဆန်းကွင်း တန် ဆာဂိတ် မှာရှိနေတာ။ မီးလောင်မှုမှာ သေမှုသေခင်း ပါတော့ ရွှေလင်းယုန်ဂိတ်မှူးကို ဖမ်းသွားကြပြီ ” ဟု ကားဝင်းအတွင်းနေထိုင်သူက ရှင်းပြသည်။