25 C
Yangon

AA ၏ ထိုးစစ်ကြောင့် ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းနှင့်တပ်ဖွဲ့ဝင် ၃၈၀ ကျော်ရှိလာပြီး စစ်တွေသို့ ပြန်ပို့မည်ဟုဆို

Must read

AA ၏ ထိုးစစ်ကြောင့် ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းနှင့်တပ်ဖွဲ့ဝင် ၃၈၀ ကျော်ရှိလာပြီး စစ်တွေသို့ ပြန်ပို့မည်ဟုဆို

ရန်ကုန်| ဖေဖော်ဝါရီ ၈

ရက္ခိုင့်တပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှင့် ဝန်ထမ်း ၃၈၀ ကျော် ရှိလာပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းများက AA ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် မောင်တောမြို့နယ်က နယ်ခြားစောင့်တပ်စခန်းများက တစ်ဆင့် ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကို မြန်မာနိုင်ငံပြန်လည်ပို့ဆောင်ရေး စီစဉ်နေကြောင်း ဒေသအတွင်း မီဒီယာများက ဖော်ပြသည်။

ဖေဖော်ဝါရီ ၇ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး ဒေါက်တာ မိုဟာမက် မွန်(န)ဝါ ဟူစိန်နှင့် စစ်

ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA) ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတို့ နေပြည်တော်၌ တွေ့ဆုံမှုတွင် ထွက်ပြေးသွားသူကို ပြန်လည် ပို့ဆောင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထွက်ပြေးသွားသူများကို မြန်မာစစ်တပ်က မောင်တောနယ်စပ် နတ်မြစ်ကတစ်ဆင့် ရေကြောင်း သင်္ဘောဖြင့် ပြန်လည်ပို့ဆောင်ရန် ပြောဆိုသော်လည်း လုံခြုံရေး အခြေအနေများကြောင့် လေယာဉ်နှင့် ပို့ဆောင်ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ပြောဆိုထားကြောင်း ဒါကာ အခြေစိုက် သတင်းများက ဆိုသည်။

ထွက်ပြေးသွားသည့်ထဲတွင် မောင်တောမြို့မှ နယ်ခြားစောင့် ရဲများ၊ စစ်တပ်အရာရှိများနှင့် အကောက်အခွန် အရာရှိများ စုစုပေါင်း ၃၈၀ ကျော်ရှိပြီး ၎င်းတို့ကို ယခုရက်ပိုင်းများတွင် စစ်တွေမြို့သို့ ပြန်လည် ပို့ဆောင်သွားမည်ဟု သိရသည်။

ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ၎င်းတို့နှင့် ပါလာသည့် လက်နက် ခဲယမ်းများကိုလည်း သိမ်းဆည်းကာ ထိန်းသိမ်းထားကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောဆိုထားသည်။

မောင်တောမြို့ရှိ နယ်ခြားစောင့်တပ်စခန်းများဖြစ်ကြသည့် တောင်ပြို လက်ယာ ဗျူးဟာကုန်းကို ဖေဖော်ဝါရီ ၄ ရက်နေ့က ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ခဲ့ပြီး ဖေဖော်ဝါရီ ၆ ရက်နေ့တွင် လက်ဝဲ စခန်းအား အပြီးသတ်သိမ်းပိုက်ခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ပလက်ဝဒေသတစ်ခုလုံးကို ရက္ခိုင့်တပ်တော် AA က တိုက်ခိုက်ပိုက်သိမ်းစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီ လက်နက်ချခဲ့သလို အိန္ဒိယဘက်သို့ ဆုတ်ခွာထွက်ပြေးသူ ၆၀၀ ကျော်ကိုလည်း စစ်တွေမြို့သို့ ပြန်လည် ပို့ဆောင်ခဲ့သည်။

ဘင်္ဂလားဒေ့ချ်နိုင်ငံသို့ ထွက်ပြေးသွားသည့် စစ်ကောင်စီ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များမှာ မွတ်ဆလင်များအား လူမျိုးတုံး သတ်ဖြတ်မှု အပါအဝင် နယ်မြေရှင်းလင်းမှုအတွင်း ပါဝင်ပတ်သတ်သူများ ဖြစ်နေ၍ ပြင်းပြင်းထန်ထန် အရေးယူရန် လိုအပ်နေကြောင်း ဘာသာရေးခေါင်းဆောင်များက တောင်းဆိုထားသည်။

ပြီးခဲ့သည့် ၂၀၁၆၊ ၂၀၁၇ ခုနှစ်အတွင်းတွင် မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင်တို့က မွတ်ဆလင်များကို စစ်ကောင်စီတပ်က အကြမ်းဖက်နှိမ်းနင်းရေး ခေါင်းစဉ်ဖြင့် နယ်မြေရှင်းလင်းမှုလုပ်စဉ် မွတ်ဆလင် ၇ သိန်းခန့် တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article