ပခုက္ကူမြို့ပေါ် ရပ်ကွက် အုပ်ချုပ်ရေးရုံးများတွင် Jammer စက် တပ်ဆင်ရန် အတွက် လုပ်ငန်းရှင်နှင့် ဈေးဆိုင်များထံမှ ငွေကြေး အတင်း အဓမ္မ လိုက်လံ ကောက်ခံ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀
မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်ရှိ ရပ်ကွက် အုပ်ချုပ်ရေးရုံးများတွင် Jammer စက် တပ်ဆင်ရန် အတွက် ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင်များက လုပ်ငန်းရှင်များနှင့် ဈေးဆိုင်များထံမှ ငွေကြေး အတင်း အဓမ္မ လိုက်လံ ကောက်ခံနေကြောင်း ဒေသပြည်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၈ ရက်နေ့က စတင်ကာ ပခုက္ကူမြို့ပေါ် အမှတ် ၃၊ အမှတ် ၁၃နှင့် အမှတ် ၁၅ ရပ်ကွက်ရှိ အုပ်ချုပ်ရေးအဖွဲ့ဝင်များက ဈေးဆိုင် တစ်ဆိုင်လျှင် အနည်းဆုံး ၃၀၀၀၀ ကျပ်မှ ငွေကျပ် သိန်းချီ တောင်းခံပြီး လုပ်ငန်းရှင်များကို ဖိတ်စာဖို့ခေါ်ယူကာ ရပ်ကွက် အုပ်ချုပ်ရေးရုံးများတွင် Jammer စက် တပ်ဆင်ရန် အတွက် ငွေကြေး အတင်း အဓမ္မ ကောက်ခံနေခြင်း ဖြစ်ကြောင်း သိရသည်။
“ပခုက္ကူမြို့ပေါ်မှာ ဈေးဆိုင်တွေ ဆီကနေ ငွေကြေး ၃၀၀၀၀ ကျပ်က စတင်ပြီး သိန်းချီပြီး ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့တွေကနေ အတင်း အဓမ္မ လိုက်လံ ကောက်ခံနေပါတယ်။ သူတို့ကတော့ အများပြည်သူ လုံခြုံရေးအတွက်ဆိုပြီး အလှူငွေထည့်ခိုင်းပါတယ်။ မထည့်နိုင်သေးဘူး ပြောတဲ့အခါမှာ အနည်းဆုံး မထည့်မနေရဆိုပြီး အတင်းကောက်ပါတယ်။ အခြားဆိုင်တွေ ရပ်ကွက်တွေမှာလည်း အလားတူ ပြုလုပ်နေပါတယ်။ ဈေးဆိုင်ကြီးရင်ကြီးသလို သတ်မှတ်နှုန်းထားမတူဘဲ ကောက်တယ်လို့သိရပါတယ်။ အဲဒီ ကောက်ခံလို့ရရှိတဲ့ ငွေကြေးတွေကို သူတို့နေထိုင်တဲ့ ရုံးတွေမှာJammer များတပ်ဆင်ဖို့လို့လည်း သိရပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထိုသို့ ကောက်ခံရာတွင် ငွေကျပ် သိန်း ၃၀၀၀ ကျော်ရရှိအောင် ကောက်ခံသွားမည် ဖြစ်ပြီး လုပ်ငန်းရှင် ၁ ဦးလျှင် မည်မျှကောက်ခံသည်ကို မသိရှိရသေးဘဲ လက်ရှိချိန်တွင် ရပ်ကွက် ၃ ခု၌ စတင်ကောက်ခံနေကြောင်း သိရသည်။
“မနေ့က စကောက်တာက အမှတ် ၃၊ အမှတ် ၁၃ နဲ့ အမှတ် ၁၅ ရပ်ကွက်တွေ ရပ်ကွက်တိုင်း ကောက်မယ်လို့ ယူဆရပါတယ်။ လုပ်ငန်းရှင်တွေကို ဖိတ်စာနဲ့ပို့ပြီး ရုံးမှာ အတင်း ငွေကောက်ကြတယ်လို့ သိရတယ်။ သူတို့က သိန်း ၃၀၀၀ အထက်ရာ ထားတယ်ပြောတယ်။ လောလောဆယ် လုပ်ငန်းလုပ်တဲ့ သူတွေဆီကပဲ ကောက်တယ်တဲ့ ဈေးဆိုင်အကုန်လုံးပဲ” ဟု ဒေသပြည်သူတစ်ဦးက ဆက်လက်ပြောဆိုသည်။
မိုဘိုင်းလ်ဖုန်းနှင့်ဆက်သွယ်ရေးကွန်ရက် ဖြတ်တောက်သည့် Jammer များကို ဒရုန်းဖြင့် လာရောက်ဗုံးကျဲမှုများ၊ ဖုန်းဖြင့် ဖောက်ခွဲသော အဝေးထိန်းမိုင်းများ ကို ကာကွယ်ရန် အဓိက အသုံးပြုခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- နေပြည်တော်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အသုံးပြုနေသည့် ရွေ့လျား Jammer ။ (ပုံအဟောင်းဖြစ်ပါသည်။)