29 C
Yangon

ပြည်သူများ၏ အသက်ကို ကယ်တင်ရန်၊ စစ်အာဏာရှင် ချုပ်ငြိမ်း ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ကုလသမဂ္ဂက ထိရောက်သော အရေးယူမှု နှင့်ကူညီမှု ပေးရန် သံအမတ်ကြီးဦးကျော်မိုးထွန်းတောင်းဆို

Must read

ပြည်သူများ၏ အသက်ကို ကယ်တင်ရန်၊ စစ်အာဏာရှင် ချုပ်ငြိမ်း ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ကုလသမဂ္ဂက ထိရောက်သော အရေးယူမှု နှင့်ကူညီမှု ပေးရန် သံအမတ်ကြီးဦးကျော်မိုးထွန်းတောင်းဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

မြန်မာပြည်သူများ၏ အသက်ကို ကယ်တင်ရန်၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်း ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည် ဆောက်ရေး ကုလသမဂ္ဂက ထိရောက်သော အရေးယူမှု ဆောင်ရွက်ရန် သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုသလမဂ္ဂအထွေထွေညီလာခံတွင် တင်ပြတောင်းဆိုလိုက်သည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ Work of the Organization အစီရင်ခံစာနှင့်ပတ်သက်၍ ဆွေးနွေးသည့် ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ၅၄ ကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထိုသို့ တောင်းဆိုလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံအရေးကိစ္စအတွက် လုပ်ငန်းစဉ်များ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရာတွင် မြန်မာပြည်သူများ၏ ဘဝများ အသုံးချခံ စတေးခံ မဖြစ်သင့်၊ ယင်းအစား မြန်မာပြည်သူများ၏ အသက်ကို ကယ်တင်ရန်နှင့် ပြည်သူများ ကြိုးပမ်းဆောင်ရွက်နေသည့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့အတွက်ကို ဉီးတည်သည့် ပံ့ပိုးကူညီရန် ဦးကျော်မိုးထွန်းက တောင်းဆိုသည်။

မြန်မာနိုင်ငံတွင် မအောင်မြင်သော စစ်အာဏာသိမ်းမှုသည် ၄ နှစ်တာကာလသို့ပင် ချဉ်းနင်းဝင်ရောက်လာခဲ့ပြီ ဖြစ်ကြောင်း၊ လွန်ခဲ့သော ၃ နှစ် အတွင်း အကြီးမားဆုံး ဆုံးရှုံးခဲ့သည်မှာ ပြည်သူများ၏ အသက်များပင်ဖြစ်ကြောင်း၊ အကြမ်းဖက်အာဏာသိမ်းစစ်တပ်က အပြစ်မဲ့ပြည်သူပေါင်း ၄,၄၀၀ ကျော်ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပြီး လူပေါင်း ၂၅,၀၀၀ ကျော်ကို မတရားဖမ်းဆီးချုပ် နှောင်ခဲ့ကြောင်း၊ ထို့အတူ နိုင်ငံတွင်းရှိ ပြည်သူပေါင်း ၂ ဒသမ ၆ သန်းခန့်သည် အကြမ်း ဖက်စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာ၍ တိမ်းရှောင်ထွက်ပြေးနေရလျက် ရှိကြောင်း၊ အာဏာသိမ်းစစ်တပ်၏ တပ်ဖွဲ့ဝင်များသည် ဘာသာ‌ရေး အဆောက်အဉီးများ အပါအဝင် အရပ်သားအဆောက်အဉီး ပေါင်း ၈၆,၀၀၀ ကျော်ကို ဖျက်ဆီးခြင်း သို့မဟုတ် မီးရှို့ခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း၊ လူပေါင်း ၁၉ သန်းနီးပါးမှာ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများကို အရေးတကြီးလိုအပ်လျက်ရှိပြီး လူဉီးရေ၏ တစ်ဝက်မှာ ဆင်းရဲမွဲတေမှုဒဏ်ကို ခံစားနေရပြီဖြစ်ကြောင်း သံအမတ်ကြီးက ရှင်းပြသည်။

တစ်ဖက်တွင်လည်း မြေပြင်၌ ဒီမိုကရေစီအင်အားစုများသည် အနိုင်ရရှိနေပြီး စစ်တပ် သည် နေ့စဉ်နှင့်အမျှ အတုံးအရုံးဖြင့် ရှုံးနိမ့်နေကြောင်း၊ သို့သော် စစ်တပ်က တိုက်လေယာဉ်များနှင့် စစ်ရဟတ်ယာဉ်များကို အသုံးပြ၍ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ဘာသာရေးအဆောက်အဦများ အပါအဝင် အရပ်သားပြည်သူများနေထိုင်ရာဒေသများကို ဆက်လက်တိုက်ခိုက်လျက်ရှိကြောင်း၊ ပြီးခဲ့သည့် တနင်္လာနေ့ကပင် ကရင်နီ (ကယား) ပြည်နယ်၊ ဒီမောဆို့မြို့နယ်ရှိ ကျောင်း တစ်ကျောင်းကို စစ်တပ်က လေကြာင်းမှတဆင့် တိုက်ခိုက်ခဲ့ရာ ကလေးငယ်အချို့ သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။

အခြားတစ်ဖက်တွင်လည်း စစ်တပ်သည် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပျက်သုဉ်းစေခဲ့ကြောင်း၊ တရားမဝင်စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲအဖြစ် အွန်လိုင်းအခြေပြု ငွေကြေးလိမ်လည်ခြင်း၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုများစသည့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများသည် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတလျှောက်တွင် ကြောက်ခမန်းလိလိ မြင့်တက်လာခဲ့ပြီး ဒေသတွင်း တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးကို ခြိမ်းခြောက်လျက်ရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံကိစ္စသည် နိုင်ငံရေးပြဿနာဖြစ်ကြောင်း၊ ရင်းမြစ်ပြဿနာကို မဖြေရှင်းဘဲ လူသားချင်းစာနာထောက်ထားမှု သို့မဟုတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လိုအပ်ချက်များ အားကိုသာ ဦးတည်ဖြေရှင်းပေးရုံမျှဖြင့် လုံလောက်မှု မရှိသကဲ့သို့ ရေရှည်တည်တံ့ နိုင်မည်လည်း မဟုတ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၏ ပြဿနာကို ကိုင်တွယ်ဖြေရှင်း ရန် ဘက်ပေါင်းစုံမှ ချဉ်းကပ်မှုမျိုးကို လိုအပ်ပါ‌ကြောင်း၊ ထို့အတူ မည်သည့်အခြေအနေမျိုးတွင်မဆို လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးရေးကိစ္စအား နိုင်ငံရေးအဖြစ် အသုံးမချသင့်ကြောင်း၊ မြန်မာနိုင်ငံအရေးကိစ္စအတွက် လုပ်ငန်းစဉ်များ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရာတွင် မြန်မာပြည်သူများ၏ ဘဝများ အသုံးချခံ စတေးခံ မဖြစ်သင့်ပါကြောင်း၊ ယင်းအစား မြန်မာပြည်သူများ၏ အသက်ကို ကယ်တင်ရန်နှင့် ပြည်သူများကြိုးပမ်းဆောင်ရွက်နေသည့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်း ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့အတွက်ကို ဉီးတည်သည့် ပံ့ပိုးကူညီမှုမျိုးသာဖြစ်သင့်ကြောင်း သံအမတ်ကြီးက ထောက်ပြသည်။

စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်နေသည့် အခိုက်အတန့်၊ အထူးသဖြင့် ကမ္ဘာတစ်လွှား ဖြစ်ပျက်နေသော ပဋိပက္ခ များ အားလုံးအပေါ်၌ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ပြည့်ဝညီမျှသော အာရုံစူးစိုက်မှု ရှိသင့်သည်ဟု ရှုမြင်ပါကြောင်း၊ မြန်မာနိုင်ငံအရေးကိစ္စသည်လည်း ချွင်းချက် မဖြစ်သင့်ကြောင်း၊ ကုလသမဂ္ဂ၊ နိုင်ငံအတွင်းရှိ ကုလသမဂ္ဂ အဖွဲ့များ/အေဂျင်စီများ၊ အထူးသဖြင့် ပဋိပက္ခ ဖြစ်ပွားရာဒေသများတွင် လုပ်ကိုင်ဆောင်ရွက်နေကြသည့် အေဂျင်စီများအနေဖြင့် ယခု အာဂျင်ဒါ အောက်မှတင်သွင်း လာမည့်အစီရင်ခံစာတွင် မြန်မာ့အရေးအား ပိုမိုမျှတစွာ ထည့်သွင်း ဖော်ပြပေးနိုင်ရန် မျှော်လင့်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အခြေအနေများအတွက် ကုလသမဂ္ဂအနေဖြင့် ပိုမို တက်ကြွသော အခန်းကဏ္ဍမှ ပါဝင်ခြင်းက အလွန်အရေးပါကြောင်း၊ ဤနေရာတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အား အလျင်အမြန်ခန့်အပ်နိုင်ရေးကိုလည်း တောင်းဆိုလိုပါကြောင်း၊ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာအသိုက်အဝန်းတို့အနေဖြင့် မြန်မာနိုင်ငံရှိ ပြည်သူများ၏ အခက်အခဲကို အလေးအနက်ထား၍ စစ်အာဏာရှင်စနစ် ပပျောက်ရေးနှင့် မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရန် ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးသင့်ပါကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက တင်ပြတောင်းဆိုခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article