25 C
Yangon

ပြည်သူလူထုကို စစ်မီးထဲ ဆွဲခေါ်နေသည့် အကြမ်းဖက်စစ်တပ်၏ ငါနှင့်မတူ ငါ့ရန်သူ (Us or Them) လုပ်ရပ်ကို တစ်နိုင်ငံလုံး ညီညီညွတ်ညွတ် အုံကြွဆန့်ကျင်ရန် လိုအပ်နေ

Must read

ပြည်သူလူထုကို စစ်မီးထဲ ဆွဲခေါ်နေသည့် အကြမ်းဖက်စစ်တပ်၏ ငါနှင့်မတူ ငါ့ရန်သူ (Us or Them) လုပ်ရပ်ကို တစ်နိုင်ငံလုံး ညီညီညွတ်ညွတ် အုံကြွဆန့်ကျင်ရန် လိုအပ်နေ

■ မင်းအောင်လှိုင်၊ ဖက်ဆစ်စစ်တပ်နှင့် ဗိုလ်ချုပ်များကို ချေမှုန်း အဆုံးသတ်ရမည်

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက်စစ်ကောင်စီက အာဏာရှင် သန်းရွှေ ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းကြောင်း ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညပိုင်းတွင် ဆိုင်းမဆင့် ဘုံမဆင့် ကြေညာလိုက်သည်။

ယင်းဥပဒေသည် အာဏာရှင် သန်းရွှေ အာဏာ လက်မလွှတ်မီ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့ ပြဋ္ဌာန်းခဲ့ခြင်းဖြစ်‌ပြီး အကြမ်းဖက် မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အသက်သွင်းလာခြင်းဖြစ် သည်။

စင်စစ် လက်တွေ့တွင် နိုင်ငံတော်တွင် အကြမ်းဖက်စစ်တပ်၏ တရားမဝင် စစ်အာဏာသိမ်းမှုကြောင့် ပြည်သူလူထုက တော်လှန်နေသော တော်လှန်ရေးစစ်ပွဲများပေါ်ပေါက်နေခြင်းသာဖြစ်ပြီး မည်သည့် ပြည်ပကျူးကျော်ရန်မှ မရှိပေ။ အခြားတစ်ဖက်တွင်လည်း နိုင်ငံတော်သည် ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်သွင်းကျင့်သုံးရသည်အထိ ပြည်ပ ခြိမ်းခြောက်မှု လုံး၀ မရှိသည့်ကာလဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီက အာဏာ ငမ်းငမ်းတက် လိုချင်သောကြောင့် ပြည်သူ့အစိုးရကို ဖြုတ်ချကာ ယနေ့ အခြေအနေများ ဖြစ်ထွန်းလာရခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီက ပြည်သူတိုင်း၊ လူငယ်တိုင်း စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းလာခြင်းသည် တစ်နည်းအားဖြင့် အရပ်စကားဖြင့် ဆိုရမည်ဆိုလျှင် “စစ်တပ်ဘက်မှာ နေရင်နေ၊ စစ်တပ်ဘက်မှာ မနေလျှင် တော်လှန်ရေးဘက်မှာ သွားနေ” ဟု ဘက်နှစ်ဘက်ကို ပြည်သူများအား ရွေးခိုင်းခြင်းဖြစ်သည်။

စစ်တပ်၏ သဘာထေားက “ငါနှင့်မတူလျှင် ငါ့ဘက်တော်သား မဟုတ်လျှင် ငါ့ရန်သူသာလျှင်ဖြစ်သည်”ဆိုသော US or Them ငါ့ဘက်တော်သားလား၊ သူတို့ဘက်တော်သားလားဟု ခွဲခြားခြင်းဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ကြားနေလူ မရှိတော့ဆိုသည့်သဘောဖြစ်သည်။

ပိုမို၍ နားလည်အောင်ရှင်းပြရမည်ဆိုလျှင် အကြမ်းဖက်စစ်တပ်၏ ပြည်သူ့စစ်မှုထမ်းဥပဒေ အောက်တွင် စစ်တပ်တွင် အမှုထမ်းရမည်ဖြစ်ပြီး စစ်တပ်တွင် အမှုမထမ်းလိုပါလျှင် တော်လှန်ရေးဘက်သွားတော့ဟု ဆိုလိုခြင်းဖြစ်သည်။

စစ်တပ်ထဲသို့ လူငယ်လူငယ်ရွယ်များ မဖြစ်မနေ ဆွဲထည့်မည့် လုပ်ထုံးလုပ်နည်း၊ ဥပဒေ ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ အမိန့်များကို စစ်ကောင်စီက ဆက်လက် ပြဋ္ဌာန်းမည်မှာ အသေအချာပင်ဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေသည် နောက်ပြောင်ရမည့်ဟာသမဟုတ်ပေ

==================================================

အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းကြောင်း ယမန်နေ့ညပိုင်း ကြေညာချိန်တွင် လူမှုကွန်ရက်တွင် အမြင်အမျိုးမျိုးထွက်ပေါ်လာပြီး ယင်းတို့အထဲတွင် “ငါက အသက်ကျော်သွားပြီ” “ငါက ခြွင်းချက် ဖြစ်သည်” “အမျိုးသမီးတွေ အိမ်ထောင်ပြုထားလျှင် လွတ်သည်” “စစ်မှုထမ်းပြီး သေနတ်ပြောင်းကို စစ်တပ်ကို ပြန်လှည့်မယ်” စသည့် ဟာသနှော၍ နောက်ပြောင်မှုများ လုပ်ဆောင်ကြသည်ကို မြင်ကြရသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေတွင် အသက်ကန့်သတ်ချက်များ ပြဋ္ဌာန်းထားသော်လည်း ဥပဒေကို ပြင်ဆင်ခြင်း၊ လိုအပ်သလို ပြောင်းလဲခြင်းကို အကြမ်းဖက် မင်းအောင်လှိုင်က လုပ်ဆောင်နိုင်သည်။ ထို့ပြင် အကြမ်းဖက် မင်းအောင်လှိုင်က ထပ်မံ ဖွဲ့စည်းမည့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟို၊ တိုင်း/ပြည်နယ်၊ ခရိုင်၊ မြို့နယ်များက လိုအပ်သလို လူတိုင်းစစ်ထဲ ဆွဲခေါ်နိုင်သော အဓိပ္ပာယ်အမျိုးမျိုး ထွက်သည့် ပြဋ္ဌာန်းချက်များ ပါဝင်သည်။

ဥပမာအားဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေ အခန်း ၅ စစ်စည်းရုံးခြင်း အခန်း ပုဒ်မ ၂၁ (က) (ခ) (ဂ) တို့တွင် လိုအပ်သလို စစ်ကောင်စီက ပြည်သူများကို စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သော ပြဋ္ဌာန်းချက်များဖြစ်သည်။

ပုဒ်မ ၂၁ (က) နိုင်ငံတော်၏ ဒေသအချို့တွင်လည်းကောင်း၊ နိုင်ငံတော်တစ်ဝန်းလုံးတွင်လည်းကောင်း၊ နိုင်ငံတော် ကာကွယ်ရေးနှင့်လုံခြုံရေးအတွက် အရေးပေါ် အခြေအနေ ပေါ်ပေါက်လျှင် နိုင်ငံတော်အစိုးရသည် စစ်မှုထမ်းရန် အရွယ်ရောက်သားအားလုံးကို ဖြစ်စေ၊ ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ပြီးသူအားလုံးကို ဖြစ်စေ၊ အချို့ကို ဖြစ်စေ သင့်လျှော်သည့်ဒေသတွင် စစ်စည်းရုံးခြင်း အမိန့်ကို ထုတ်ဆင့်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။ လူတိုင်းကို စစ်မှုထမ်းရေး ဆင့်ခေါ်ရန် မည်သည့်အခြေအနေတွင်မဆို စစ်ကောင်စီကို အာဏာပေးထားခြင်းဖြစ်သည်။

စစ်မှုထမ်းအသက်ကန့်သတ်ချက်ကို လက်ရှိ ဥပဒေတွင် အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိ၊ ကျွမ်းကျင်သူ အမျိုးသားဆိုလျှင် အသက် ၁၈ နှစ်မှ အသက် ၄၅ နှစ်မပြည့်သေးသော နိုင်ငံသား၊ အမျိုးသမီးဆိုလျှင် အသက် ၁၈ နှစ်မှ အသက် ၂၇ မပြည့်သေးသော နိုင်ငံသား၊ ကျွမ်းကျင်သူ အမျိုးသမီးဆိုလျှင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း ဆိုလိုသည်ဟု ပြဋ္ဌာန်းထားသည်။

အဆိုပါ အသက်ကန့်သတ်ချက်များကို အကြမ်းဖက်မင်းအောင်လှိုင်နှင့် စစ်ကောင်စီက လိုအပ်လျှင် လိုအပ်သလို ပြောင်းလဲပြဋ္ဌာန်းနိုင်သည့်အခွင့်အာဏာရှိနေပြန်သည်။ စစ်မှုထမ်းရန် ပျက်ကွက်လျှင် ထောင်ဒဏ် ၃ နှစ်၊ စစ်မှုထမ်းခြင်းမှ တိမ်းရှောင်လွှဲဖယ်လိုလျှင် ထောင်ဒဏ် ၅ နှစ်၊ စစ်မှု မထမ်းစေရန် ကူညီအားပေးလျှင် ထောင်ဒဏ် ၁ နှစ်ဟုလည်း ပြဋ္ဌာန်းထားသည်။

ပြည်သူလူထုတစ်ရပ်လုံး ဆန့်ကျင်ရန်လို

================================

ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်ကောင်စီက ပုံစံအမျိုးမျိုးဖြင့် လူထုနှင့် လူငယ်များကို စစ်ထဲဆွဲသွင်းလာမည်ဖြစ်သည်။ ယင်းအတွက် ကြိုတင်ပြင်ဆင်ရမည်ဖြစ်ပြီး တရားမဝင် စစ်တပ်က လုပ်ဆောင်လာသော တရားမဝင် အမိန့်အာဏာများကို ဖီဆန်ရန်ဖြစ်သည်။ စစ်တပ်၏ မတရားသော တရားမဝင်သော အမိန့်များကို မည်သို့ ဖီဆန်ရမည်ဆိုသော နည်းလမ်းများနှင့် လုပ်ဆောင်သင့်သည့် အခြေအနေများကို တော်လှန်ရေးဘက်တော်သားများက လူထုကို ဦးဆောင် အလင်းပြရန်လည်း လိုအပ်သည်။

ညီညွတ်ရေးသည် အဓိက အင်အားဖြစ်သည်။ ပြည်သူလူထုတစ်ရပ်လုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တညီတညွတ်တည်း ဆန့်ကျင်ရန် အဓိကသာဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီ၊ မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်များ ကို ပြည်သူလူထုက မဖြစ်မနေ အဆုံးသတ် ချေမှုန်းရမည်ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article