■ ရန်ကုန်တိုင်းအတွင်းရှိ ရပ်ကွက်တစ်ခုလျှင် လူငယ် ၂၀ စုဆောင်းပေးရန် စစ်ကောင်စီက ညွှန်ကြား
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ငွေသန်းဝင်းရပ်ကွက်တွင် လူငယ်များ ပေါ်တာဆွဲခံရပြီး သန်လျင်ဘုရားကုန်းအနီးရှိ စစ်တပ်ထဲတွင် စုဆောင်းခံထားရကြောင်း ပေါ်တာဆွဲခံရသည့် ကလေးများ၏ မိဘပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီ ၁၂ ရက်နေ့ စစ်တပ်၊ ရဲနှင့် အုပ်ချုပ်ရေးအဖွဲ့များက သန်လျင်မြို့နယ်၊ မီးပွိုင့်အနီးရှိ ငွေသန်းဝင်းရပ်ကွက်တွင် တစ်အိမ် တစ်ဦး မဖြစ်မနေ ပေးရမည်ဟုဆိုကာ လူငယ်များကို ခေါ်ဆောင်သွားကြောင်း၊ ယင်းသို့ ခေါ်ဆောင်ခံရသည့်လူငယ်များတွင် အသက်မပြည့်သေးသော ကလေးငယ်များ ပါဝင်သွားကြောင်း သိရှိရသည်။
“ဖေဖော်ဝါရီလ ၁၂ ရက်နေ့ သန်လျင်မီးပွိုင့် ငွေသန်းဝင်းရပ်ကွက်အတွင်းမှာ တစ်အိမ်တစ်ဦး မဖြစ်မနေ ဆိုပြီး အမျိုးသားတွေကို ခေါ်ဆောင်သွားပါတယ်။ အခုက ကလေးတွေအကုန်လုံး သန်လျင်ဘုရားကုန်းနားက စစ်တပ်ထဲမှာ ရှိပါတယ်။ ကျမမောင်လေး ပါသွားပါတယ်။ ကလေးက နှလုံးရောဂါသည်ပါ။ သူမလိုက်ရင် အမေကို ဖမ်းမယ်ဆိုလို့ လိုက်သွားရတာပါ။ ဖမ်းသွားတဲ့အထဲမှာ အသက်မပြည့်တဲ့ကလေးတွေလည်းပါတယ်။ အခုက အဆက်အသွယ်ပေးမလုပ်တော့ဘူး” ဟု ပေါ်တာဆွဲခံရသည့် လူငယ်တစ်ဦး၏ အမဖြစ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စစ်တပ်က လူငယ်များကို ခေါ်ဆောင်သွားချိန်တွင် ၂ ပတ်ကြာလျှင် ပြန်ပို့မည်ဟု ပြောဆိုသွားသော်လည်း လက်ရှိတွင် မိဘများကို လုံး၀ အဆက်အသွယ်မလုပ်တော့ကြောင်း ပြောဆိုသည်။
ထို့ပြင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များမှ ရပ်ကွက်များတွင် တစ်ရပ်ကွက်လျှင် လူငယ် ၂၀ ဦး စီ စာရင်းပေးရန် စစ်ကောင်စီက စာရင်းတောင်းခံလာကြောင်း ရန်ကုန်မြို့နယ်ရှိ မြို့နယ်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များထံမှ သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
