36 C
Yangon

ရသေ့တောင်နှင့် ရမ်းဗြဲတွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲပြင်းထန်နေ

Must read

ရသေ့တောင်နှင့် ရမ်းဗြဲတွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲပြင်းထန်နေ

ရန်ကုန်| ဖေဖော်ဝါရီ ၁၅

ရခိုင်ပြည် ရသေ့တောင်မြို့နယ်က စစ်ကောင်စီတပ်စခန်းများအား သိမ်းပိုက်နိုင်ရေးအတွက် ရက္ခိုင့်တပ်တော် AA မှ ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိနေရာ စစ်ကောင်စီဘက်မှ ကြည်း၊ ရေ၊ လေ သုံးခုစလုံးအသုံးပြု၍ ခုခံစစ်အား စတင်နေသည်ဟု မြောက်ပိုင်းညီနောင်မဟာမိတ်နှင့် ဒေသခံများ ပြောဆိုချက်အရ သိရသည်။

ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့ကို AA မှ သိမ်းပိုက်နိုင်ရေးအတွက် စစ်ကောင်စီတပ်စခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ ပြီးခဲ့သည့် လကစတင်နေခြင်းဖြစ်ပြီး ရသေ့တောင်တွင် စစ်ကောင်စီ၏ခမရ (၅၃၆) ခမရ (၅၃၇)နှင့် ခမရ (၅၃၈)တပ်ရင်း ၃ ရင်းရှိသည်။

လက်ရှိတွင် မောင်တောဒေသက တောင်ပြိုမြို့ကို သိမ်းပိုက်ထားသလို မြို့ပေါ်တပ်များကလွဲ အခြားသော တပ်ရင်းတပ်ဖွဲ့၊ တပ်ခစန်းများအား AA မှ သိမ်းပိုက်ထားနိုင်ပြီလည်း ဖြစ်သည်။

ရသေ့တောင်ဒေသတစ်ဦးက “စစ်ကောင်စီက ရသေ့တောင်မြို့အနီးဝန်းကျင်မှာရှိတဲ့ ကျေးရွာဆီကို လက်နက်ကြီးတွေနဲ့ မနေ့ညက ပစ်ခတ်နေတာ။ ဂျက်တိုက်လေယာဉ်တွေနဲ့လည်း ဗုံးကြဲတိုက်ခိုက်နေတယ် ” ဟု ပြောသည်။

ရသေ့တောင်မြို့ အနီးဝန်းကျင်တွင်ရှိသည့် ပြားချောင်းကြီး၊ ခနောင်းကြီး၊ သောင်းဒရား၊ ရွာသစ်ကေ၊ ကျောက်ဆုံ၊ ဇရပ်လှ၊ နွားတင်းကုတ်၊ လမုန်းတိုင်နှင့် လိုင်ဂွင် စသည့်ကျေးရွာများအား ယမန်နေ့ ညနေ ၇ နာရီကျော်အချိန်က စ၍ ဂျက်တိုက်လေယာဉ် တစ်စီးပြီးတစ်စီး အဆက်မပြတ် လာရောက်ဗုံးကြဲတိုက်ခိုက်နေကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်က ထုတ်ပြန်ထားသည်။

ရသေ့တောင်မြို့ မကျရှုံးစေရေးအတွက် AA ထိုးစစ်ကို စစ်ကောင်စီသည် ဘူးသီးတောင်မြို့ပေါ်ရှိ တပ်ရင်းများ၊ စစ်တွေအနီးရှိ စစ်သင်္ဘောများနှင့် စစ်တွေမြို့ အမြင့်ကျွန်း ပါဒလိတ်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ကူပေး၍ အပြင်းအထန် ခုခံနေကြောင်း သိရသည်။

လက်ရှိ ရခိုင်ပြည်အတွင်း ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ အမ်း၊ ကျောက်ဖြူ၊ တောင်ကုတ် စသည့် မြို့နယ်များတွင် စစ်ကောင်စီတပ်များနှင့် AA တို့ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ တောင်ပြို၊ ပေါက်တော စသည့်မြို့များကို AA မှ သိမ်းပိုက်ထိန်းချုပ်ထားပြီး ကျန်နေသေးသော မြို့များကိုလည်း တစ်မြို့ပြီးတစ်မြို့ သိမ်းပိုက်နိုင်ရန် ကြိုးပမ်းနေကြောင်း AA က ပြောဆိုသည်။

ရခိုင်ပြည် ရမ်းဗြဲမြို့ကို အာဏာသိမ်းစစ်ကောင်စီမှ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှု အပါအဝင် နေဗီများနှင့် အထိုင်ချတပ်စခန်းများက လက်နက်ကြီးများဖြင့် ပစ်ကူပေးနေကြောင်း ဒေသခံများက ပြောဆိုကြသည်။

ယခု ဖေဖော်ဝါရီလအတွင်းမှာ ရမ်းဗြဲမြို့အား ဗုံးကြဲနေသည်မှာ ၄၀ ကျော် ကြိမ်ထက်မနည်းရှိနေပြီး ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီခန့်မှာလည်း ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲသွားကြောင်း Western News ရင်းမြစ်များက ပြောသည်။

သတင်းရင်းမြစ်တစ်ဦးက ” ဒီနေ့ နံနက် ၁၁ နာရီလောက်မှာ ဂျက်ဖိုက်တာနဲ့ ရမ်းဗြဲမြို့ကို ဗုံးလာကြဲတာ။ အမှတ် ၄ ရပ်ကွက်နဲ့ အမှတ် ၅ ရပ်ကွက်က လူနေအိမ်တွေ တော်တော်များများ မီးလောင်သွားပါတယ်။ အရေအတွက်တော့ အတိအကျ မသိနိုင်ဘူး။ မြို့ထဲက သွားလို့မရဘူးဆိုတော့လေ။ မီးခိုးတွေက အခုထိ ထွက်နေတုန်းပါပဲ” ဟု ပြောသည်။

ရမ်းဗြဲမြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ရေးအတွက် ရက္ခိုင့်တပ်တော် AA မှ ပြီးခဲ့သည့် ဒီဇင်ဘာလကစ၍ ကိုယ်ရံတောင်ထိပ်ရှိ စစ်ကောင်စီတပ်နှင့် ရမ်းဗြဲမြစ်ရှိ စစ်ရေယာဉ်အား ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေကြောင်း သိရသည်။

နှစ်ဖက်တိုက်ပွဲများကြောင့် ရမ်းဗြဲမြို့ရှိ ပြည်သူလူထုများမှာ ဘေးကင်းရာ၌ တိမ်းရှောင်နေရပြီး ကျေးလက်ဒေသများတွင် အဆင်ပြေသလို့ စားသောက်နေထိုင်ကာ စစ်ဘေးရှောင်နေကြကြောင်း သိရသည်။

စစ်ကောင်စီမှ လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်းအပါအဝင် လက်နက်ကြီးပစ်ခတ်ခြင်းတို့ကြောင့် ဆက်တိုက်ပြုလုပ်လျှက်ရှိနေပြီး ရမ်းဗြဲမြို့ရှိ လူနေအိမ်အများအပြားနှင့် ဈေးဆိုင်းခန်းများ၊ စာသင်ကျောင်းများမှာ ထိခိုက်ပျက်စီးသွားပြီဟု သိရသည်။

ဇန်နဝါရီလအတွင်းကလည်း ရမ်းဗြဲမြို့အား စစ်ကောင်စီမှ လေကြောင်းကနေ ဓာတုအဆိပ်ငွေ့ဗုံးဖြင့် တိုက်ခဲ့ကြောင်းနှင့် လူနေကျေးရွာများရှိရာသို့လည်း လက်နက်ကြီးများ ရမ်းကားပစ်ခတ်ခဲ့ပြီး အရပ်သား ထိခိုက်သေဆုံးမှုရှိသော်လည်း အမည်နှင့်အရေအတွက်အား သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်။

လက်ရှိတွင် ရခိုင်ပြည်အနှံ့က စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များကို AA မှ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မြို့ ၆ မြို့အထိကို သိမ်းပိုက်ထိန်းချုပ်ထားကာ ဆက်လက်၍လည်း ပြည်နယ်စစ်ကောင်စီရုံးချုပ်ရှိရာ စစ်တွေမြို့ကို မကြာမီတိုက်ခိုက်သွားမည်ဟု စုံစမ်းသိရသည်။

ရမ်းဗြဲမြို့ကို စစ်ကောင်စီက ကြည်း၊ ရေ၊ လေ တပြိုင်နက်တည်း ပစ်ခတ်တိုက်ခိုက်လျက်ရှိပြီး ဖေဖော်ဝါရီလ ၁၃ ရက် တစ်ရက်တည်းတွင်ပင် စစ်ကောင်စီသည် ရမ်းဗြဲမြိုနှင့် အနီးတစ်ဝိုက်နေရာများသို့ လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ ပစ်ခတ်ခဲ့သည်။

ရမ်းဗြဲမြို့ကို ဂျက်ဖိုက်တာဖြင့် ၇ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ပြီး Y-12 ထောက်ပို့ လေယာဉ်ဖြင့်လည်း ၃၇ ကြိမ်ထက် မနည်း လာရောက်ပြီး အချက်ပေါင်းများစွား အပြင်းအထန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရမ်းဗြဲ ဒေသခံများက ပြောသည်။

သိမ်တောင်ဘုရားကုန်းထက်တွင် အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းမှလည်း လက်နက်ကြီး အရေအတွက် ၇၆ ကြိမ်ထက်မက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကလိန်တောင်မြစ်၊ တိန်ချောင်းဝနှင့် သလူချောင်းဝအကြားတွင် ရပ်နားထားသည့် စစ်ကောင်စီ၏ ဇက်သင်္ဘော ပေါ်မှ ပစ်ခတ်ခဲ့သည်။

ယင်းကဲ့သို့ ကိုယ်ရံတောင်စေတီနှင့် အောင်ချမ်းသာစေတီ အနီးပတ်ဝန်းကျင်‌ နေရာများသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သလို မြို့ပေါ်ရပ်ကွက်အချို့မှ လူနေအိမ် အပါအဝင် အဆောက်အအုံတချို့မှာလည်း မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။

အလားတူ ကျောက်ဖြူမြို့နယ်၊ ငှက်ပျောချောင်းကျေးရွာနှင့် အနီးဝန်းကျင်နေရာများသို့ လေကြောင်းမှ ဗုံးအလုံးပေါင်း ၃၀ ထက်မနည်း လာရောက်ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ကုလာဘာကျေးရွာ၊ အူချေထောင့်မှ နေအိမ် ၄လုံး ပျက်စီးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ထားသည့် ပလက်ဝမြို့နယ်နှင့် ကျောက်တော်မြို့ကို လေကြောင်းမှ ဗုံးကြဲမှုကြောင့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ တစ်ရက်တည်း အတွင်း အရပ်သား ၉ ဦးသေဆုံးခဲ့ပြီး ၁၁ ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ရခိုင်တွင် စစ်ရှုံးနေသည့် စစ်ကောင်စီသည် လေကြောင်း အပါအဝင် လက်နက်ကြီးများဖြင့် ပစ်ခတ်လာမှုကြောင့် အရပ်သားပြည်သူများမှာ ယခု ရက်ပိုင်းအတွင်း သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ မြင့်တက်လာကြောင်း ဒေသခံများက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article