ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီက လေယာဉ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆီဆိုင်စျေး၊ ပဆျာႏကလိုႏကျေးရွာတို့ မီးလောင်ပျက်စီးပြီး ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း PNLA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့တွင် ဆီဆိုင်မြို့နယ်၊ မြို့ပေါ် ၊ လွယ်ပွတ်ကျေးရွာ၊ ကျောက်တချားကျေးရွာတို့တွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ဆီဆိုင်စျေး မီးလောင်ကျွမ်းခဲ့ကြောင်း၊ စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲခြင်း ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခြင်းကြောင့် လွယ်ပွတ် တစ်ကြော ၊ကျောက်တချားကျေးရွာ တစ်ကြောတွင် ပြည်သူပိုင်နေအိမ်များ မီးများလောင်ကျွမ်းခဲ့ကြောင်း၊ ပြည်သူများအားလုံး စစ်ဘေးရှောင်နေရကြောင်း သိရှိရသည်။
“မနေ့က တစ်နေကုန် တိုက်ပွဲပြင်းထန်တယ်။ စစ်တပ်ဘက်ရော၊ မဟာမိတ်တွေဘက်ကရော ထိခိုက်ကျဆုံးမှုတွေရှိတယ်” ဟု PNLA သတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် ယမန်နေ့ နံနက် ၁၀နာရီ ၃၀ မိနစ်အချိန် စစ်ကောင်စီက ဆီဆိုင်မြို့နယ် ပဆျာႏကလိုႏကျေးရွာကို လေယာဉ်ဖြင့် ဗုံးငါးကြိမ် တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ပြည်သူနှစ်ဦး ထိခိုက်သေဆုံးခဲ့ရပြီး ပြည်သူ ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၊ ပြည်သူများ၏ အိုးအိမ်စည်းစိမ်များလည်း အများအပြားပျက်စီးခဲ့ရကြောင်း သိရှိရသည်။
ပဆျာႏကလိုႏကျေးရွာတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)က တပ်စွဲထားခြင်းလည်းမရှိသလို တိုက်ပွဲဖြစ်ပွားသည့် နေရာလည်း မဟုတ်ကြောင်း၊ ပဆျာႏကလိုႏကျေးရွာသည် ဆီဆိုင်မြို့နှင့် မိုင် ၄၀ ကျော်ကွာဝေးပြီး ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ် နယ်စပ်တွင်တည်ရှိသည့် ရွာဖြစ်ကြောင်း သိရှိရသည်။
စစ်ကောင်စီနှင့်အပေါင်းအပါများ၏ လုပ်ရပ်သည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်သလို ပအိုဝ်းကျေးရွာ ဒေသများကို တမင် တကာ ဖျက်ဆီးနေသည့် ရက်စက်ယုတ်မာသည့် လုပ်ရပ်ပင်ဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



