ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်တွင် စစ်တပ်၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် လူနေအိမ် ၁၅၀ ကျော် မီးလောင်ပျက် စီးခဲ့ပြီး ကျောက်ဖြူမြို့နယ်တွင်မူ စျေးဆိုင်တန်း အဆောင် ၆ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးကြောင်း ရခိုင်တပ်တော်AA က ယမန်နေ့ညပိုင်း သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့အား အလုံးစုံပြိုပျက်စေရန် ရည်ရွယ်ချက်ဖြင့် စစ်ကောင်စီသည် လေကြောင်း၊ ရေကြောင်းက ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှု အကြိမ်အရေအတွက် ရာကျော်ရှိပြီး ရမ်းဗြဲမြို့၊ အမှတ် (၄) ကင်းတဲရပ်ကွက်မှ လူနေအိမ် (၁၅၀) ကျော်အထိ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။
အလားတူ ဖေဖော်ဝါရီလ ၁၈ ရက်နေ့၊ နံနက် ၁၁ နာရီ ၅၂ မိနစ်အချိန်မှ မွန်းလွဲ ၁၂ နာရီ ၂၂ မိနစ်အချိန် အကြားတွင် ရမ်းဗြဲသိမ်တောင်ဘုရားကုန်းထက်၌ အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းက ရမ်းဗြဲမြို့ကို လက်နက်ကြီးဖြင့် (၂) ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်လမ်းခွဲရှိ ပြည်သူများ၏ နေအိမ်နှင့် စျေးဆိုင်ခန်း တွဲဆောက်ထားသည့် အဆောင် ၆ လုံးကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်တွင် တမင်တကာရည်ရွယ်ချက်ရှိရှိ လာရောက်မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း၊ တစ်ဆက်တည်းမှာပင် အဆိုပါအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ မင်းတက်တောင်ကျေးရွာဘက်သို့ အပြန်လမ်းတွင် အပြစ်မဲ့အရပ်သားပြည်သူ ၄ ဦးတို့ကို အင်အားသုံး၍ မျက်နှာကို အဝတ်ဖြင့်အုပ်ပြီး အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။
ရက္ခိုင်ဒေသတွင်း စစ်ရေးအရ အလုံးစုံရှုံးနိမ့်တော့မည့် ပကတိအနေအထားကို လက်ခံနိုင်ခြင်းမရှိသည့် စစ်ကောင်စီက ဖက်ဆစ်တို့၏လုပ်ရပ်အတိုင်း အရပ်သားပြည်သူလူထုကို ပစ်မှတ်ထားဖမ်းဆီးသတ်ဖြတ်ခြင်း၊ လမ်းပန်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် ဖြတ်တောက်ခြင်း၊ ကုန်စည်စီးဆင်းမှုဖြတ်တောက်ခြင်းတို့ကို ပြုလုပ်ပြီး ရှုံးမဲမဲလျက်ရှိကြောင်း၊ စစ်ရာဇဝတ်မှုကျူးလွန်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းများကို မိုက်ရူးရဲဆန်စွာ ကျူးလွန်လျက်ရှိကြောင်း AA က ထောက်ပြထားသည်။
ဓာတ်ပုံ – ပေါက်တောမြို့တွင် စစ်တပ်၏ ပစ်ခတ်မှုများကြောင့် ပြည်သူ့နေအိမ်များ မီးလောင်ကျွမ်းနေစဉ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar