30 C
Yangon

ကျောက်ဖြူမြို့နယ်၊ ကျောက်တစ်လုံးကယ်ဆယ်ရေးစခန်းရှိ မွတ်စလင် ဒုက္ခသည်များအနက်မှ လူဦးရေ ၃၅၀ စစ်မှုထမ်းရန် စစ်တပ်က အတင်းအကျပ် ဖိအားပေးခြိမ်းခြောက်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကျောက်တစ်လုံး ကယ်ဆယ်ရေးစခန်းရှိ မွတ်စလင်များအနက်မှ လူဦးရေ ၃၅၀ ကို စစ်တပ်တွင် စစ်မှုထမ်းရန် စစ်ကောင်စီက အတင်းအကျပ်ဖိအားပေး ခြိမ်းခြောက်နေကြောင်း အဆိုပါစခန်းမှ မွတ်စလင် လူငယ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကျောက်ဖြူတပ်နယ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ၁ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျောက်တစ်လုံး ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိလာပြီး စခန်းရှိ မွတ်စလင် ဒုက္ခသည်များအနက်မှ လူဦးရေ ၃၅၀ ဦး စစ်မှုထမ်းရန် လာရောက် ပြောဆိုကြောင်း၊ စစ်မှုမထမ်းပါက ထောင်ချမည်ဟု ခြိမ်းခြောက်ကြောင်း၊ မွတ်စလင်များဘက်ကမူ စစ်မှုထမ်းမည်မဟုတ်ဘဲ နိုင်ငံသားဖြစ်ခွင့် ပေးရန် တောင်းဆိုကြကြောင်း သိရှိရသည်။

“စစ်ကောင်စီက ကျောက်တစ်လုံးကယ်ဆယ်ရေးစခန်းက လူတွေထဲကနေ လူဦးရေ ၃၅၀ ကိုစစ်မှုထမ်းရမယ်လို့ ဗျူဟာမှူး ဗိုလ်မှူးကြီးက အတင်းအကျပ် ဖိအားပေးတယ်။ စစ်မှု မထမ်းရင် ထောင်ချမယ်လို့ပြောပါတယ်။ မထမ်းချင်ရင်လည်း ထမ်းရမယ်လို့ပြောပါတယ်။ ဒါက နိုင်ငံတော်ဥပဒေလို့ ပြောတယ်။ ကျနော်တို့ကတော့ စစ်မှု မထမ်းဘူးလို့ ပြတ်ပြတ်သားသားငြင်းပယ်ခဲ့ပါတယ်။နိုင်ငံသားဖြစ်ခွင့်ပေးဖို့နဲ့ မှတ်ပုံတင် ထုတ်ပေးဖို့ တောင်းဆိုတယ်။ မွတ်စလင် မိဘတွေလည်း သားသမီးတွေအတွက် စိုးရိမ်ပူပန် စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်နေကြပါတယ်” ဟု ကျောက်တစ်လုံးကယ်ဆယ်ရေးစခန်းမှ မွတ်စလင် လူငယ်တစ်ဦးက ရှင်းပြသည်။

ကျောက်ဖြူမြို့နယ်၊ ကျောက်တလုံးကယ်ဆယ်ရေးစခန်းသည် ၂၀၁၂ ခုနှစ် ပဋိပက္ခများအပြီးတွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယင်းစခန်းတွင် မွတ်စလင် ဒုက္ခသည်ဦးရေ ၁၅၀၀ ကျော်ရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article