ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်ဗိုလ်ချုပ်များနှင့် ပိုင်နိုင်အောင် ပေါင်းသင်းထားသည့် ရှမ်းပြည်နယ်ရဲမှူး ရဲမှူးချုပ် တင်ကိုကိုသည် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်းများ၊ မူး ယစ် လုပ်ငန်းများထံမှ ဆက်ကြေး သိန်းထောင်ချီ ရယူခဲ့သော်လည်း ရာထူး မပြုတ်ဘဲ ဆက်လက် တည်မြဲနေသည်ဟု ပြည်ထဲရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ရှမ်းပြည်နယ်ရဲမှူး ရဲမှူးချုပ် တင်ကိုကိုသည် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးအဖြစ် ၂၀၂၀ ခုနှစ်မှစတင်၍ လက်ရှိအချိန်အထိ တာဝန်ယူထားပြီး ၎င်းသည် ပြည်နယ် ရဲမှူး စဖြစ်ချိန်ကတည်းက မူးယစ်လုပ်ငန်းများ၊ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ဆက်စပ် ဆက်ကြေးယူမှုများ ရှိခဲ့ကြောင်း သိရှိရသည်။
တရုတ်နိုင်ငံက နှိမ်နင်းခဲ့သည့် ကျားဖြန့်ငွေလိမ်ဂိုဏ်းများ ရှမ်းပြည်နယ်၊မြောက်ပိုင်း လောက်ကိုင်တွင် ကြီးထွားလာချိန် ရှမ်းပြည်နယ်ရဲမှူး ရဲမှူးချုပ်တင်ကိုကိုသည် ယင်းကျားဖြန့် လုပ်ငန်းများထံမှ ဆက်ကြေး သိန်းထောင်ချီ၍ ရယူခဲ့ကြောင်း ၊ အဆိုပါ ကြီးထွားလာသော ငွေလိမ်ဂိုဏ်းများနှင့် လောင်းကစားဂိုဏ်းများကို မသိကျိုးကျွံ လျစ်လျူရှုပေးခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှ ပယ်ဆောက်ချိန် အပါအဝင် ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ဆက်စပ်သူများကို တရုတ်က ဖမ်းဆီးပြီးနောက် ရှမ်းပြည် နယ် မြောက်ပိုင်းတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော ရဲမှူးကြီးများ နှင့်
ထွေ/အုပ် ဒုညွှန်ချုပ်၊ ညွှန်ကြားရေးမှူးများကို စစ်ကောင်စီက ရာထူးတာဝန်များမှ ချက်ချင်းရပ်ဆိုင်းခဲ့သည်။ သို့သော် ရဲမှူးချုပ် တင်ကိုကို မပါဝင်ဘဲ ရာထူးဆက်လက် တည်မြဲနေခဲ့သည်။
ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး တာဝန်ယူခဲ့သူ ရဲမှူးကြီး အောင်မြင့်နိုင်၊ လောက်ကိုင်ခရိုင်မှူး တာဝန်ယူခဲ့ကြသည့် ရဲမှူးကြီး ဗညာဦး၊ ရဲမှူးကြီး ညီညီထွန်းနှင့် ဒုတိယရဲမှူးကြီး ခန့်အောင်ကိုတို့ကို စစ်ကောင်စီက အရေးယူခဲ့သည်။
“ဒုတိယပြည်နယ်မှူး (လာရှိုး) ရဲမှူးကြီး အောင်မြင့်နိုင်နဲ့ လောက်ကိုင်ခရိုင်မှူး ရဲမှူးကြီးတွေက ရဲမှူးချုပ် တင်ကိုကိုရဲ့ အမိန့် ဩဇာအောက်မှာသာ တာဝန်ထမ်းဆောင်ခဲ့တာပါ။ ကျားဖြန့် လုပ်ငန်းတွေဆီကနေ လစဉ် ဆက်ကြေးတွေကို အခု အရေးယူခံရတဲ့ ဒုတိယပြည်နယ်ရဲမှူး ၂ ယောက်(လာရှိုး) နှင့် လောက်ကိုင် ခရိုင်မှူးဖြစ် တာဝန်ထမ်းဆောင်ဖူးသူ ရဲမှူးကြီး ၂ ဦးထံ ပေးသွင်းခဲ့ရသလို ပြည်နယ်မှူး ရဲမှူးချုပ်တင်ကိုကိုထံလည်း လစဉ် သိန်းပေါင်း ထောင်ချီပေးသွင်းခဲ့ရပါတယ်။ လောက်ကိုင် တင်မဟုတ်ဘဲ တာချီလိတ်၊ မူဆယ်၊ ကျိုင်းတုံ စတဲ့ လောင်းကစား မြို့တော်ကြီးတွေမှ ခရိုင်မှူး၊ မြို့နယ်မှူး၊ စခန်းမှူးတွေက အခုအထိ ရဲမှူးချုပ် တင်ကိုကိုဆီသို့ ဆက်ကြေးငွေ ပေးသွင်းနေရဆဲပါ။ လောင်းကစားလုပ်ငန်းတွေ အကြီးအကျယ်မရှိတဲ့ ရှမ်းရှေ့၊ ရှမ်းတောင် ရှမ်းမြောက် နေရာအသီးသီးမှ ခရိုင်မှူး၊ မြို့နယ်မှူး၊ စခန်းမှူးတွေက ပြည်နယ်မှူး ရဲမှူးချုပ် တင်ကိုကိုထံ သူရဲ့ PSO တွေက တဆင့် သူ့အိမ်သို့ ဆက်ကြေး လက် ရောက်ပေးသွင်းနေရပါတယ်။ အခုအချိန်ထိ ဖြစ်ပါတယ်” ဟု ပြည်ထဲရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် ရဲတပ်ဖွဲ့ဝင်များ နေရာအပြောင်းအရွှေ့အတွက်လည်း ရဲမှူးချုပ် တင်ကိုကို နှင့် မိန်းမဖြစ်သူ ဒေါ်အိအိထွန်းထံသို့ ငွေကျပ် သိန်းရာချီ၍ ကန်တော့ကြေးပေးရသည်ဟု ရဲတပ်ဖွဲ့အသိုင်းအ၀ိုင်းက ဆိုသည်။
“ပြည်နယ်နဲ့ တိုင်းတွေကနေ အပြောင်းဝင်လာတဲ့ အရာရှိတွေ၊ အခြားအဆင့်တွေကို ချက်ချင်း ရှမ်းပြည်နယ်ဒေသအသီးသီး စခန်းတွေကို တာဝန်ပေးစေလွတ်ခြင်းမရှိဘဲ ပြည်နယ်အကူတပ်ဖွဲ့အောက်မှာ ၆ လ၊ ၇ လ ၊ ၈ လ အထိထားတယ်။ ရဲတွေမှာ နေစရာမရှိ မိသားစုခေါ်မရ လစာမလောက် မင နဲ့ အခွင့်အာဏာ သုံးကာ နိုင်ထက် စီးနင်းပြုခံရတယ်။ ပြည် နယ်မှူး ရဲမှူးချုပ် တင်ကိုကိုရဲ့ မိန်းမ ဒေါ်အိအိထွန်းထံ ငွေ သိန်းရာချီပေးထားတဲ့ ရဲတွေသာ နေရာကောင်းတွေဆီ စေလွတ်ပါတယ်။ ငွေမပေးနိုင်တဲ့ရဲတွေကို နယ်စွန်နယ် ဖျား စခန်းတွေဆီကို စေလွတ်ပါတယ်။ မတရားတဲ့ နည်းလမ်းနဲ့ ရဲမှူးချုပ် တင်ကိုကိုက အုပ်ချုပ်နေပေမယ့် အခုအချိန်ထိ အရေးယူမှုလည်း မရှိခဲ့ပါဘူး” ဟု ရဲသတင်းရင်းမြစ်က ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက ထောင်ဒဏ် ၅ နှစ် ချမှတ်ပြီး ရာထူးမှ ဖြုတ်ပယ်လိုက်သော ပြည်ထဲရေး ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် မိန်းမတို့သည် ရဲမှူးချုပ် တင်ကိုကိုထံမှ ဆက်ကြေး သိန်းထောင်ချီ လက်ခံခဲ့ကြပြီး ရဲမှူးချုပ်တင်ကိုကို ကိုလည်း မည်မျှ တိုင်ကြားမှုများ ရှိနေခဲ့စေကာမူ ရှမ်းပြည်နယ် ရာထူးတာဝန်မှ မပြောင်းရွှေ့စေရန် စိုးထွဋ်လင်မယားက စောင့်ရှောက်ပေးခဲ့ကြသည်။
လက်ရှိတွင် ရဲမှူးချုပ်တင်ကိုကို က တောင်ကြီးတွင် နန်းတော်ကဲ့သို့ ခမ်းနားသော ခြံဝင်းကျယ်ဖြင့် နေအိမ်ကို ခမ်းခမ်းနားနား ဆောက်လုပ်ပြီးစီးခဲ့ပြီးုထိုသို့ အကြီးအကျယ် ခြစား ချမ်းသာနေမှုကို မင်းအောင်လှိုင်နှင့်ထိပ်ပိုင်းခေါင်းဆောင်များက လျစ်လျူရှုထားကြသည်။
ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် လက်ထက်တွင် ရဲမှူးချုပ် တင်ကိုကိုသည် ကျားဖြန့် ငွေလိမ်ဂိုဏ်များနှင့် ပတ်သက်ခဲ့သူဖြစ်သော်လည်း ရာထူးမပြုတ်သည့်အပြင် နေပြည်တော် ရဲဌာနချုပ်သို့ ရာထူးတိုးဖြင့် ပြန်လည်ခေါ်ယူရန် ပြင်ဆင်နေကြောင်း ပြည်ထဲရေး သတင်းရင်းမြစ်က ရှင်းပြသည်။
ဓာတ်ပုံ- မင်းအောင်လှိုင်နှင့် ရဲမှူးချုပ် တင်ကိုကို။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
