တော်လှန်ရေး ဖင့်နှေးနေမှု နဲ့ စစ်ကောင်စီကို အနားပေးမှုတွေက တိုင်းပြည်နဲ့ ပြည်သူအတွက် နောင်တရစရာတွေ ဖြစ်လာနိုင်တယ်
By လမ်းသစ်
တော်လှန်ရေးမှာ အချိန်မဆွဲဘူး၊ သွေးမကွဲဘူး၊ ရန်သူကို အနားမပေးဘူး ဆိုတဲ့ စကားရပ်တွေဟာ ပြည်သူတွေ ကြားနေကျ စကားလုံးတွေ ဖြစ်ပါတယ်။
ဒါပေမယ့် အိမ်နီးချင်းအင်အားကြီး တရုတ်နိုင်ငံရဲ့ ပါဝင်စွက်ဖက်မှုကြောင့် အာဏာသိမ်းစစ်ကောင်စီဟာ ကောင်းစွာ အနားရသွားတာမျိုး မဟုတ်သည့်တိုင် အသက်ရှုခွင့်ရသွားတယ်လို့ ဆိုနိုင်ပါတယ်။
ကိုးကန့်တပ် MNDAA ၊ တအာင်းတပ် TNLA နဲ့ ရခိုင့်တပ်တော် AA တို့ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ဖွဲ့ရဲ့ ၁ဝ၂၇ စစ်ဆင်ရေးကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အလူးအလဲခံခဲ့ရတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရတာပါ။
ဒါပေမယ့် တရုတ်က အတင်းအကြပ် ဖိအားပေးခဲ့တဲ့ ဟိုင်ဂင်သဘောတူညီချက်ကြောင့် ရှမ်းမြောက်ဒေသမှာ တိုက်ပွဲတွေ ရပ်သွားခဲ့ပါတယ်။
မြောက်ပိုင်း ၃ဖွဲ့ထဲမှာ AA က ရခိုင်ဒေသအတွင်း အပြင်းအထန် ဆက်တိုက်နေပေမယ့် ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့အနေနဲ့ ရှမ်းမြောက်ဒေသမှာ ထိုးစစ်တွေ ရပ်တန့်လိုက်မှုဟာ စစ်ကောင်စီကို အသက်ရှုချောင်စေခဲ့ပါတယ်။
၁ဝ၂၇ စစ်ဆင်ရေးကာလအတွင်း ရှမ်းမြောက်ဒေသက အရေးပါတဲ့ မြို့များစွာကို မြောက်ပိုင်းညီနောင် ၃ဖွဲ့နဲ့ မဟာမိတ်တွေက သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီရဲ့ တပ်ရင်း ၂၁ရင်းနဲ့ အင်အား ၁သောင်းနီးပါး ပြုန်းတီးသွားခဲ့ပါတယ်။
ညီနောင်မဟာမိတ်တွေဟာ သံချပ်ကာကား၊ တင့်ကား၊ ဟောင်ဝစ်ဇာအမြောက်တွေ စတဲ့ လက်နက်ခဲယမ်းပေါင်း တပုံတပင်ကို စစ်ကောင်စီထံကနေ သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဒီလိုအခြေအနေကောင်းတွေ အများကြီး ဖန်တီးထားနိုင်ပြီး ရန်သူ အလဲလဲအကွဲကွဲ ဖြစ်နေချိန်ကျမှ အနားပေးလိုက်ရတာဟာ တရုတ်နိုင်ငံရဲ့ အတင်းအကြပ် ဖိအားပေးမှုတွေကြောင့်ပဲ ဖြစ်ပါတယ်။
ရှမ်းမြောက်မှာ တိုက်ပွဲတွေရပ်အောင် ၃ကြိမ်တိုင်တိုင် ကြားဝင်ဖြေရှင်း ဖိအားပေးခဲ့တဲ့ တရုတ်နိုင်ငံကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်နှစ်ကူးပွဲတော်မှာ ဝမ်းသာအားရနဲ့ ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။
အကြမ်းဖက်ခေါင်းဆောင်က သူ့အနေနဲ့ “တရုတ် မကြိုက်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ဖြေရှင်းနေပါတယ်၊ တရုတ် တစ်နိုင်ငံတည်း မူဝါဒကို ထောက်ခံပါတယ်၊ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက်လည်း ကူညီပါဦး” လို့ ပြောခဲ့ပါတယ်။
ဘာပဲဖြစ်ဖြစ် တရုတ်နိုင်ငံကြောင့် အာဏာသိမ်းစစ်အုပ်စု သက်ဆိုးရှည်နေတယ် ဆိုတာကတော့ ငြင်းလို့မရတဲ့ အချက်ပါပဲ။
ရှမ်းမြောက်မှာ အနားရသွားတဲ့ စစ်ကောင်စီက ပြုန်းတီးသွားတဲ့ သူ့ရဲ့တပ်အင်အားကို ပြန်လည်ဖြည့်တင်းဖို့ လုပ်ဆောင်နေပါတယ်။
တတိုင်းပြည်လုံးကို စစ်ကျွန်နစ်စေမယ့် စစ်မှုမထမ်းမနေရ ဥပဒေကို စတင်အကောင်အထည် ဖော်နေပြီး သင်္ကြန်ရုံးပိတ်ရက်တွေနောက်ပိုင်း တစ်လကို လူ ၅,ဝဝဝ နှုန်းနဲ့ ပြည်သူတွေကို စစ်တပ်ထဲ ခေါ်သွင်းမယ်လို့ ထုတ်ဖော်ပြောဆိုထားတာပါ။
စစ်မှုထမ်းဖို့ ဆင့်ခေါ်မှုတွေ ရောက်မလာသေးခင် လက်ရှိအချိန်မှာတောင် လူတွေကို ပေါ်တာဆွဲတာတွေ လုပ်နေပါပြီ။ လူငယ်တွေ စာမလာ သတင်းမကြားဘဲ ပျောက်သွားတဲ့သတင်းတွေလည်း မကြာခဏ ကြားနေရပါတယ်။
စစ်ရေးရှုံးနိမ့်မှုတွေ ကြုံနေရတဲ့ ရခိုင်ဒေသမှာလည်း စစ်ကောင်စီက စစ်ဘေးဒုက္ခသည်စခန်းတွေဆီ သွားပြီး စစ်သားစုဆောင်းမှုတွေ လုပ်နေပါတယ်။ ဒါ့အပြင် အင်အားစုဆောင်းရေးအတွက် ရန်ကုန်ကနေ ရခိုင်ကို ပြန်လာတဲ့ လူငယ်တွေကို လေဆိပ်မှာ စောင့်ဖမ်းတယ်ဆိုတဲ့ သတင်းတွေကလည်း ဒီရက်ပိုင်းမှာ ဆက်တိုက် ကြားနေရတာပါ။
အလူးအလဲခံခဲ့ရတဲ့ ရှမ်းမြောက်တိုက်ပွဲတွေကနေ အနားရသွားခဲ့တဲ့ စစ်ကောင်စီဟာ အခု မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်သိမ်းပိုက်ထားနိုင်ခဲ့တဲ့ စစ်ကိုင်းတိုင်း ကောလင်းမြို့ကို အင်အားအလုံးအရင်းနဲ့ ပြန်လည်ထိုးစစ်ဆင် သိမ်းပိုက်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁ရက်ကစလို့ ကောလင်းမြို့ကို လေကြောင်းနဲ့ လက်နက်ကြီးတွေ အသုံးပြုတိုက်ခိုက်ခဲ့ပြီး အင်အားထောင်ချီ အသုံးပြုကာ ထိုးစစ်ဆင်ခဲ့တာပါ။
မြို့ထဲက ပြည်သူပိုင်ပစ္စည်းတွေကို မီးရှို့၊ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေ လုပ်ခဲ့တဲ့ စစ်အုပ်စုဟာ ဖေဖော်ဝါရီ ၁၄ရက်မှာ ကောလင်းတစ်မြို့လုံးကို ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။
ဒါကို ကြည့်ခြင်းအားဖြင့် ရှမ်းမြောက်စစ်ပွဲတွေ ရပ်တန့်သွားတဲ့အချိန်မှာ စစ်ကောင်စီဟာ အသက်ရူပေါက်ရရှိသွားပြီး၊ သူ့ကို ဒုက္ခပေးနေတဲ့ မြန်မာပြည်အလည်ပိုင်း စစ်ကိုင်း မကွေးဒေသတွေကို အင်နဲ့အားနဲ့ ထိုးစစ်ဆင်လာကို တွေ့ရပါတယ်။
လက်ရှိ စစ်ကောင်စီက ကောလင်းမြို့ကို ပြန်သိမ်းပြီးမကြာမီမှာပဲ ရွှေပြည်အေးမြို့ကို ဆက်လက် ထိုးစစ်ဆင်လာလို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပြန်လည်ခုခံကာကွယ်နေတယ်လို့ သတင်းများက ဆိုပါတယ်။
လက်ရှိမှာတော့ ကိုးကန့်တပ် MNDAA က ရှမ်းမြောက် ကိုးကန့်အထူးဒေသ ၁ မှာ စစ်အပြီး ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေပြီး ပညာရှင်တွေနဲ့ လုပ်သား အမြောက်အမြား ခေါ်ယူနေတာ တွေ့ရပါတယ်။
ရှမ်းမြောက်ဒေသက နမ့်ခမ်းနဲ့ နမ္မတူမြို့တွေမှာဆိုရင်လည်း တအာင်းတပ် TNLA ရဲ့ အုပ်ချုပ်မှုတွေ စတင်အသက်ဝင်နေပြီး၊ အခြားမြို့ရွာတွေမှာလည်း အုပ်ချုပ်ရေးနဲ့ ပြည်လည်ထူထောင်ရေးတွေ လုပ်ဖို့ စိုင်းပြင်းနေပါတယ်။
ဒါပေမယ့် ဒီလို အုပ်ချုပ်ရေးနဲ့ ပြည်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်နေပေမယ့်၊ ဒီနယ်မြေတွေရဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးမှုတွေအတွက် ဘယ်လောက်အထိ အာမခံချက် ရှိမလဲလို့ မေးရင်၊ ဖြေစရာ အဖြေရှိမယ် မထင်ပါဘူး။
ကောက်ကျစ်စဥ်းလဲပြီး တတိုင်းပြည်လုံးရဲ့ ရေ၊ မြေ၊ လေ အားလုံးကို လက်မလွှတ်လိုတဲ့ မင်းအောင်လှိုင်ရဲ့ စစ်တပ်ကို အခွင့်အရေး ရတုန်း အမြစ်မဖြတ်လိုက်နိုင်ရင်တော့၊ အားမတန်လို့ မာန်လျော့ထားရတဲ့ ကျားစဥ်းလဲလို သူပြန်အင်အားပြည့်လာချိန်မှာတော့ အားလုံးဟာ ဒီထက်ပိုပြီး ပျက်ဆီးရာ ပျက်ဆီးကြောင်း ဖြစ်တော့မှာပါ။
စစ်ကောင်စီကို ဆက်လက်ရှင်သန်ခွင့် ပေးထားမယ်ဆိုရင် အခုငြိမ်းချမ်းနေပါတယ်ဆိုတဲ့ ဒေသတွေကို တစ်ချိန်မဟုတ်တစ်ချိန် ပြန်လာတိုက်မှာ အသေအချာပါပဲ။ အဲ့ဒီအခါကျရင် လက်ရှိကြိုးစားတည်ဆောက် ထားတာတွေဟာ အဟောသိကံ ဖြစ်လို့သွားမှာပါ။
တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ မြို့တွေသိမ်းယူနိုင်ရင်တောင် အဲ့ဒီဒေသတွေက အေးချမ်းမှာမဟုတ်ပါဘူး။ ဒီဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်မယ်လို့ ပေါ်ပေါ်ထင်ထင် ထုတ်ဖော်ခြိမ်းခြောက်ထားပြီး တကယ်လည်း လက်လွတ်စပယ် ဗုံးကြဲတိုက်ခိုက်နေတဲ့ .. ယုတ်မာတဲ့ စစ်တပ် မဟုတ်ပါလား။
အထူးသဖြင့် တော်လှန်ရေးတပ်ဖွဲ့များအနေနဲ့ ရှမ်းမြောက်ဒေသမှာ အပြတ်အသတ် စစ်ရေးအသာစီး ရထားလျက်နဲ့ ပြင်ပဖိအားကြောင့် စစ်ပွဲအရှိန်ရပ်ပြီး စစ်ကောင်စီကို အချိန်ပေးခဲ့ရမှုရဲ့ နောက်ပိုင်း ဖြစ်လာနိုင်ခြေတွေကို အထူး စိုးရိမ်သင့်ပါတယ်။
ညီနောင် ၃ဖွဲ့ဟာ ၁ဝ၂၇ စစ်ဆင်ရေး စတင်ချိန်မှာ ကျားဖြန့်အွန်လိုင်း ငွေလိမ်ဂိုဏ်း နှိမ်နင်းရေးနဲ့အတူ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး လုပ်ဆောင်မယ်လို့ ကြေညာထားခဲ့တာပါ။
ဒီအတွက် ပြည်သူလူထုအားလုံးက ဝိုင်းဝန်းကြိုဆိုထောက်ခံခဲ့သလို ညီနောင်မဟာမိတ်တွေကလည်း ပြည်သူနဲ့အတူ အဆုံးထိ လျှောက်လှမ်းသွားမယ်လို့ အကြိမ်ကြိမ် ကတိပြုထားတာ ဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာတော့ နှစ်ကာလထောင်ချီ ရှိပြီဖြစ်တဲ့ နှစ်နိုင်ငံဆက်ဆံရေးတွေအရလည်း တရုတ်နှစ်ကူးကာလအတွင်း တရုတ်နယ်စပ်တစ်လျှောက် သေနတ်သံမထွက်ဘဲ အေးအေးချမ်းချမ်းရှိစေဖို့ သတိထားမှုတွေကတော့ လိုအပ်ပါလိမ့်မယ်။
ဒါမေယ့် နှစ်ကူးကာလအလွန် မြန်မာပြည်သူတို့ရဲ့ အလိုအင်ဆုံးဆန္ဒကို ပြောပါဆိုရင်တော့ “အဆုံးသတ်တိုက်ပွဲ” တနည်းအားဖြင့် “စစ်အာဏာရှင် အပြီးသတ် ချုပ်ငြိမ်းရေးတိုက်ပွဲ” ပြန်လည်ဆင်နွှဲဖို့ မျှော်လင့်နေကြတယ် ဆိုတာပါပဲ။
– ညီနောင် ၃ဖွဲ့ကလည်း ဒီနှစ်အတွင်း မြန်မာပြည်သူတွေ လိုလားတဲ့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး ပြီးမြောက်နိုင်မယ်လို့ ကြေညာထားတာကြောင့်၊ ပြည်မတော်လှန်ရေး အင်အားစုများနဲ့အတူ လက်တွဲပြီး အချိန်မဖင့်နွှဲစေသော၊ အနားပေးခြင်း လုံးဝမရှိသည့် တိုက်ခိုက်ခြင်းမျိုးဖြင့် စစ်ကောင်စီကို အဆုံးထိ ချေမှုန်းဖို့ ပြည်သူများက မျှော်လင့်နေကြပြီပဲ ဖြစ်ပါတယ်။
– မြန်မာ့နွေဦး အာဏာရှင်တော်လှန်ရေးမှာ တပ်ဦးလို့ ဆိုနိုင်တဲ့ NUG အစိုးရရဲ့ ဦးဆောင်ပံ့ပိုးမှု အပိုင်းကလည်း တော်လှန်ရေး အတက်အကျကို ဦးတည်စေတာကြောင့်၊ NUG အစိုးရအနေနဲ့ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေအကြား ဗျူဟာမြောက်တဲ့ ဆက်ဆံရေး၊ အချင်းချင်းအကြား နားလည်သဘောတူညီမှု၊ ယုံကြည်မှုနဲ့ အချိန်ကိုက် ပူးပေါင်းလုပ်ဆောင်မှုတွေကို နှောင့်နှေးစေမှု မရှိဘဲ အစွမ်းကုန် ကြိုးစားဆောင်ရွက်ရမယ့် အချိန်ကို ကျရောက်လို့နေပါပြီ။
အထူးသဖြင့် မင်းအောင်လှိုင်စစ်တပ်ဟာ နိုင်ငံရဲ့ ရင်းမြစ်အားလုံးကို အလွယ်တကူ ယူငင်သုံးစွဲနိုင်သလို၊ လူအင်အား၊ ငွေကြေးအင်အား၊ လက်နက်အင်အားတွေကို အချိန်တိုအတွင်း ပြန်လည်ဖြည့်တင်းနိုင်တာကြောင့်၊ လက်ရှိအင်အားချိနဲ့နေပြီဖြစ်တဲ့ စစ်တပ်ကို အချိန်ပေးနေခြင်းဟာ (စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေး အချိန်ကြာတာနဲ့အမျှ) ပြည်သူတွေအတွက်၊ တောင်ပေါ် ပြည်မ တော်လှန်ရေး အင်အားစုတွေအတွက်၊ တိုင်းပြည်အတွက် … နောင်တရစရာတွေ ဖြစ်လာနိုင်တယ်ဆိုတာ သတိချပ်သင့်ပါကြောင်း အားမနာတမ်း တင်ပြလိုက်ရပါတယ်။
