25 C
Yangon

မုဒိန်းကျင့်သတ်ဖြတ်မှု အပါအဝင် စစ်တပ်၏ သတ်ဖြတ်မှုများကြောင့် ၆ လအတွင်း အမျိုးသမီး ၇၀၈ ဦးသေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှ အမျိုးသမီးအရေအတွက် အများဆုံး အသတ်ခံရ

Must read

မုဒိန်းကျင့်သတ်ဖြတ်မှု အပါအဝင် စစ်တပ်၏ သတ်ဖြတ်မှုများကြောင့် ၆ လအတွင်း အမျိုးသမီး ၇၀၈ ဦးသေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှ အမျိုးသမီးအရေအတွက် အများဆုံး အသတ်ခံရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

မြန်မာနိုင်ငံတွင် မုဒိန်းကျင့်သတ်ဖြတ်မှု အပါအဝင် စစ်တပ်၏ သတ်ဖြတ်မှုများကြောင့် ၆ လအတွင်း အမျိုး သမီး ၇၀၈ ဦးသေဆုံးခဲ့ဟု မြန်မာအမျိုးသမီးသမဂ္ဂက ယမန်နေ့ အစီရင်ခံ ထုတ်ပြန်လိုက်သည်။

၂၀၂၁ ခုနှစ် ဇူလိုင်လမှ ဒီဇင်ဘာလအထိ အကြမ်းဖက်စစ်တပ်က ကျူးလွန်သည့် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကြောင့် သေဆုံးသူ ၄၂၇၅ ဦးရှိပြီး ထိုအထဲတွင် အမျိုးသမီး ၇၀၈ ဦး သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း၊ အမျိုးသမီးများ သေဆုံးသည့် ဦးရေ အများဆုံးမှာ စစ်ကိုင်းတိုင်းတွင် ဖြစ်ပြီး ၆ လအတွင်း ၂၉၇ ဦးအထိ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

သေဆုံးသူ အမျိုးသမီးများတွင် သပိတ်ဖြိုခွဲခံရ၍ ၂၇ ဦး၊ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ၁၄၅ ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၂၃၇ ဦး၊ ထိန်းသိမ်းခံထားရာမှ ၈၅ ဦး၊ မုဒိန်းကျင့်ခံရမှုကြောင့် ၁၁ ဦး၊ မီးရှို့ခံရခြင်းကြောင့် ၄၇ ဦး၊ သေနတ်နှင့် ပစ်ခတ်ခံရမှုကြောင့် ၁၃၀ ဦး၊ ကားဖြင့် တိုက်သတ်ခြင်း/ ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းခြင်း/ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်း/ မြေမြှုပ်မိုင်းကြောင့် ၁၆ ဦး၊ အခြားအကြော်းများကြောင့် သေဆုံသူ ၁၀ ဦး စုစုပေါင်း ၇၀၈ ဦးဖြစ်ကြောင်း မြန်မာအမျိုးသမီးသမဂ္ဂ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အကြမ်းဖက်စစ်တပ်သည် အာဏာသိမ်းရန် ကြိုးပမ်းသည့် အချိန်မှ စ၍ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုပေါင်း ၁၄၄ ကြိမ်အထိ ကျူးလွန်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့တွင်လည်း ကချင်ပြည်နယ် မုန်လိုင်ခက်ကျေးရွာသို့ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးများ ပစ်ခတ်ခဲ့၍ အမျိုးသမီး ၁၀ ဦးနှင့် အမျိုးသမီးငယ် ၁၀ ဦးအပါအဝင် အနည်းဆုံး ၂၉ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၆၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့တွင်လည်း ချင်းပြည်နယ် ဝေလူးတောင်ပေါ်ကျေးရွာရှိ စာသင်ကျောင်းအဖြစ် အသုံးပြုနေသည့် အိမ်ပေါ်သို့ ဗုံးကျဲချခဲ့ကာ ကလေးငယ် ၈ ဦးနှင့် လူကြီး ၃ဦး သေဆုံးခဲ့ရကြောင်း မြန်မာအမျိုးသမီးသမဂ္ဂ၏ အစီရင်ခံစာတွင် ပါရှိသည်။

အောက်တိုဘာ ၂၂ ရက်နေ့မှ ၃၁ ရက်နေ့အတွင်းတွင်လည်း အကြမ်းဖက်စစ်တပ်သည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုနှင့် ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ပြည်သူ ၅၀ ကျော်ကို မတရားသဖြင့် ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြုခဲ့ကြောင်း ၊ အောက်တိုဘာ ၂၇ ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်တွင် ပြည်သူ ၅ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် အောက်တိုဘာ ၂၇ ရက်နေ့မှ စတင်၍ မြောက်ပိုင်း ညီနောင် ၃ ဖွဲ့၏ အောင်မြင်သည့် စစ်ဆင်ရေးများ ၊ ကရင်နီ ခုခံတော်လှန်ရေး အင်အားစုများ၏ ၁၁၁၁ စစ်ဆင်ရေးများကြောင့် အကြမ်းဖက်စစ်တပ်သည် ရှုံးနိမ့်မှုများစွာ ဖြစ်ပေါ်ခဲ့ပြီး တိုက်ပွဲများကို အကြောင်းပြု၍ အကြမ်းဖက်စစ်တပ်က ပြည်သူများကို ပစ်မှတ်ထား၍ လေယာဉ်ဗုံးကျဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူများလည်း သိသိသာသာ ဆုံးရှုံးနစ်နာမှုများ ရှိခဲ့ကြောင်း၊ ကုလသမဂ္ဂ၏ သတင်းထုတ်ပြန်ချက်အရ အောက်တိုဘာ ၂၇ ရက်မှ စ၍ အနည်းဆုံး အရပ်သား ၃၇၈ ဦး သေဆုံးကာ ၅၀၅ ဦး ဒဏ်ရာရရှိခဲ့ပြီး လူပေါင်း ၆၆၀,၀၀၀ ကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရကြောင်း၊ နိုင်ငံအဝန်း စစ်ဘေးရှောင် ပြည်သူ ၂ သန်းနီးပါးအထိ ရှိသွားပြီဖြစ်ကြောင်း မြန်မာအမျိုးသမီး သမဂ္ဂ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အကြမ်းဖက်စစ်တပ်သည် တိုက်ပွဲများအတွင်း လူနည်းစု တိုင်းရင်းသား အမျိုးသငမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျယ်ကျယ်ပြန့်ပြန့်ကျူးလွန်နေဆဲဖြစ်ပြီး ဇူလိုင်လ ၃၀ ရက်နေ့တွင် ကွတ်ခိုင်မြို့နယ် စွမ်လုံကျေးရွာမှ အမျိုးသမီး ၂ ဦးကို ခမရ ၅၆၉ မှ အကြမ်းဖက်စစ်သားများက သီးခြားစီ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုလုပ်ဆောင်ခဲ့ကာ ဩဂုတ်လ ၂၆ ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ရှိ ရွှေမန်းသူ အမည်ရ အသက် ၂၀ ကျော်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးကို အသတ်မခံရမီ အကြိမ်ကြိမ် မုဒိမ်းကျင်ခဲ့ကြောင်းလည်း အစီရင်ခံတွင် ပါရှိသည်။

ထို့ပြင် အကြမ်းဖက်စစ်တပ်ကို ထောက်ခံသည့် အမျိုးသားများသည် အွန်လိုင်းတွင်ပါ အမျိုးသမီးတက်ကြွလှုပ်ရှားသူများကို ၎င်းတို့၏ တည်နေရာအပါအဝင် ပုဂ္ဂိုလ်ရေးအချက်အလက်များကို ဖော်ထုတ်ဖြန့်ဝေခြင်း၊ လိင်အစွန်းရောက် အသုံးအနှုန်းများ အသုံးပြုကာ ပစ်မှတ်ထား တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြကြောင်း၊ ထိုသို့ ပစ်မှတ်ထားခံရသူ အမျိုးသမီး အများအပြားသည်လည်း အကြမ်းဖက်စစ်တပ်၏ အတင်းအဓမ္မမတရားဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း သိရှိရသည်။

အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအပြင် အခြားသော အကြမ်းဖက်မှုများကို ခုခံတော်လှန်ရေး အင်အားစုများလည်း ကျူးလွန်နေပြီး ၂၀၂၃ ခုနှစ် ဧပြီလတွင် NUG လက်အောက် လှုပ်ရှားနေသည့် လုံခြုံရေးတပ်ဖွဲ့တစ်ခု၏ အဖွဲ့ဝင် ၈ ဦးသည် ဖမ်းဆီးထိန်းသိမ်းထားသည့် အမျိုးသမီး ၁ ဦးကို အုပ်စုဖွဲ့ မုဒိန်းကျင့်မှုကျူးလွန်ခဲ့သည့်အတွက် ဖမ်းဆီးအပြစ်ပေးခံခဲ့ရကြောင်း ၊ မကွေးတိုင်းတွင်လည်း အာဏာပိုင်များနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ဇူလိုင်လ ၁၉ ရက်နေ့တွင် အစည်းအဝေးပြုလုပ်နေစဉ် လှောင်ပြောင်သရော်ခဲ့မှုကြောင့် အမျိုးသမီး ၂ ဦးကို ကြိုးချည်ကာ အချက် ၃၀ ရိုက်နှက်ခဲ့မှုလည်း ဖြစ်ပွားခဲ့ကြောင်း မြန်မာအမျိုးသမီးသမဂ္ဂ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေနှင့် အကြမ်းဖက်စစ်တပ်ကို ငြင်းပယ်ဆန့်ကျင်ရန်၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် ICC သို့ ပေးပို့ရန်၊ ကမ္ဘာလုံးဆိုင်ရာ လက်နက်ပိတ်ဆို့မှုပြုလုပ်ရန်နှင့် အကြမ်းဖက်စစ်တပ်အား လေယာဉ်ဆီမရောင်းရန်၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူများ အထူးသဖြင့် အမျိုးသမီးလူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအတွက် ဂေဟာ/ ခိုလှုံရာ နေရာပေးထားသည့် ဒေသခံ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများကို ကူညီပံ့ပိုးရန် မြန်မာအမျိုးသမီးသမဂ္ဂ ၏ အစီရင်ခံစာတွင် တောင်းဆိုထားသည်။

ထို့ပြင် အမျိုးသမီးအခွင့်အရေးအဖွဲ့အစည်းများနှင့် လူထုအခြေပြု လူမှုအဖွဲ့အစည်းများ၏ နိုင်ငံရေးပါဝင်ခွင့်အတွက် နိုင်ငံတွင်းရှိ ကူညီဖန်တီးပေးနေသူများကို ကူညီပံ့ပိုးရန်၊ ပဋိပက္ခနှင့် သက်ဆိုင်သည့် လိင်အကြမ်းဖက်မှုများ၊ ထိန်းသိမ်းထားစဉ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တိုက်ခိုက်မှုများနှင် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ အပါအဝင် အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် နည်းမျိုးစုံနှင့် အကြမးဖက်မှုများအတွက် အပြစ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်ရရှိနေမှုကို အဆုံးသတ်ရန်အတွက် စည်းရုံးလှုံ့ဆော်သော လုပ်ငန်းများ ၊ လှုပ်ရှားမှုများကို ကူညီပံ့ပိုးရန်လည်း နိုင်ငံတကာအသိုင်းအဝိုင်းသို့ တောင်းဆိုထားသည်။

ဓာတ်ပုံ- ရခိုင်ပြည်နယ်၊ မင်းပြားတွင် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၇ ရက်နေ့ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် မင်းပြားမှ မူလတန်းပြဆရာမ ဒေါ်မမြစော၏ နာရေး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article