25 C
Yangon

ကလောတွင် တပ်မ ၅၅ က လယ်သမားများထံမှ မြေဧက ၃၀ ကျော် အတင်းအဓမ္မ သိမ်းယူပြီး စစ်ဗိုလ်ချုပ်များ ခွဲဝေပေး၊ ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးအမည်ဖြင့် ခြံခတ်သွားဟုဆို

Must read

ကလောတွင် တပ်မ ၅၅ က လယ်သမားများထံမှ မြေဧက ၃၀ ကျော် အတင်းအဓမ္မ သိမ်းယူပြီး စစ်ဗိုလ်ချုပ်များ ခွဲဝေပေး၊ ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးအမည်ဖြင့် ခြံခတ်သွားဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် တပ်မ ၅၅ က တောင်သူလယ်သမားများ ပိုင်ဆိုင်သော မြေဧက ၃၀ ကျော် အတင်းအဓမ္မ သိမ်းယူလိုက်ကြောင်း မြေသိမ်းခံရသည့် တောင်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဖဖော်ဝါရီလ ၁၀ ရက်နေ့ ကလောမြို့နယ်၊ အောင်ပန်း – ပင်းတယလမ်းမကြီး လမ်းဘေးဝဲယာ ၊ လွယ်မခံရွာ အနီးရှိ တောင်သူလယ်သမားများ၏ မြေယာများကို တပ်မ ၅၅ က သိမ်းယူသွားကြောင်း၊ တပ်မ ၅၅ က တာဝန်ခံ သိမ်းယူပြီးနောက် စစ်ကောင်စီတပ်မှ ဗိုလ်ချုပ်တချို့က ယင်းသိမ်းဆည်းမြေများကို ခွဲဝေယူသွားကြောင်း သိရှိရသည်။

“လွယ်မခံရွာ ကောင်းမှုတော်ဘုရား မြောက်ဘက်ခြမ်း ၊ ကားလမ်းမကြီး အရှေ့ဖက်ခြမ်းမှာ ဧက ၃၀ ပြည့်အောင် ယူမယ်ဆိုပြီး အများကြီး သိမ်းသွားတာပါ။ မြေယာဆုံးရှုံးလိုက်ရတဲ့ တောင်သူ ခြံရှင် တွေ အများကြီးပါ။

သိမ်းတာကတော့ တပ်မ ၅၅ က တာဝန်ယူသိမ်းတယ်။ စစ်တပ် အရာရှိတွေက ကိုယ်ကျိူးအတွက် အဓမ္မသိမ်းဆည်းတာ။ ကလောတပ်မ ၅၅ သိမ်းခိုင်းတာဆိုပြီး တောင်သူတွေ လက်ရှိပိုင်ဆိုင်စိုက်ပျိုးနေဆဲမြေယာတွေပေါ်မှာ အလံနီတွေစိုက်ပြီး သိမ်းတာပါ” ဟု မြေယာသိမ်းဆည်းခံရသည့် တောင်သူတစ်ဦးက ရှင်းပြသည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေး အမည်ကို အသုံးပြု၍ ကလောမြို့နယ်၊ လွယ်မခံရွာအဝင်၊ နှင်းရွေရည် စက်သုံးဆီဆိုင် မျက်စောင်းထိုး ၊ ကားမလမ်းမကြီး အရှေ့ဘက်ခြမ်းတစ်ခုလုံးကို စစ်ကားများဖြင့် ကွန်ကရစ်တိုင်များ သယ်လာကာ ခြံဝင်းများခတ်သွားကြောင်း သိရှိရသည်။

“စစ်ကားတွေနဲ့ ကွန်ကရစ်တိုင်တွေ တစ်ခါတည်းသယ်လာတယ်။ အိမ်စီးကား Mark 2 အဖြူရောင်နဲ့ စစ်ဗိုလ် တွေက လာကြီးကြပ်ပြီး ကြိုးဆွဲ၊ တိုင် တွေစိုက် ၊ တိုင်ထိပ်မှာ အစိမ်းရောင် အမှတ်အသား တွေ သုတ်ပြီး တစ်ခါထဲခြံခတ်သိမ်းသွားတယ်။ ဗိုလ်ချုပ်ကြီး မောင်မောင်အေးရဲ့ ခြံဖြစ်သွားပြီလို့ ပြောတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်အရာရှိ တွေ ရဲ့ အဓမ္မ မြေယာသိမ်းဆည်းမှုမှာ ဆုံးရှုံးလိုက်ရတဲ့ တောင်သူ မြေရှင်တွေများတယ်” ဟု မြေသိမ်းဆည်းခံရသည့် တောင်သူက ဆက်လက်ရှင်းပြသည်။

ကလောမြို့သည် ခရီးသွားလုပ်ငန်းထွန်းကားပြီး ရာသီဥတုအေးဆေးသဖြင့် စစ်ဗိုလ်ချုပ်များ မျက်စိကျကာ အတင်းအဓမ္မ မြေယာသိမ်းဆည်းမှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဓာတ်ပုံ- မြေယာအဓမ္မသိမ်းယူသည့် ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article