ပခုက္ကူမြို့ရှိ အမှတ် ၁၀၁ ခြေမြန်တပ်မ ဌာနချုပ်ကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံး
ရန်ကုန်၊ မတ် ၃
မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၁၀၁ ခြေမြန်တပ်မ ဌာနချုပ်ကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း Phoenix Ranger PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ပခုက္ကူမြို့ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၁၀၁ ခြေမြန်တပ်မ ဌာနချုပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ရော့ကတ်များဖြင့် သွားရောက် ပစ်ခတ် တိုက်ခိုက်ရာ ပစ်မှတ်ကို ထိရောက်စွာ ပစ်ခတ်နိုင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ပစ်တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှလည်း လက်နက်ကြီးဖြင့် အချက်ရေများစွာ ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့ကြောင်း၊ တော်လှန်ရေး ရဲဘော်များ၏ လုံခြုံရေးအတွက် ကင်းထောက်ပေးနေသည့် ဒရုန်း ၁ စီး jammer ထိမှန်ကာ ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
“တပ်မထဲမှာနေတဲ့ ပျူတွေရောသေတယ်။ ဖရဲသီးသတင်း လှမ်းပေးတာကတော့ ၅ ကောင်သေတယ်လို့ပဲပြောတာ အခြားနေရာကနေ ကြားမိတာတော့ ပျူတွေရော သေတယ်ပြောတယ်။ အင်တာနက်က မရတော့ သတင်းပေးရတာ နောက်ကျနေတာပါ” ဟု Phoenix Ranger PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Phoenix Ranger ၊ Royal Defence Forceနှင့် Burma Revolution Ranger တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။