25 C
Yangon

မုံရွာနှင့် ကလေး မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုး ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၇ ဦးကို သတ်ဖြတ်

Must read

မုံရွာနှင့် ကလေး မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုး ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၇ ဦးကို သတ်ဖြတ်

ရန်ကုန်၊ မတ် ၁၅

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ၀င်ရောက် စီးနင်းပြီး ပြည်သူ ၄ ဦးကို သတ်ဖြတ်ကာ နေအိမ် ၄၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များ ထံမှ သိရသည်။

မတ်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်တပ်က သက္ကယ်ကျင်းကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူ တချို့ကို ဖမ်းဆီးကာ ကျေးရွာကို မီးရှို့ ဖျက်စီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ အကြောင်းမဲ့ မီးရှို့ဖျက်စီးမှုကြောင့် အဖွားအို ၁ ဦး အပါအဝင် အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦး၏ ရုပ်အလောင်းများ မီးလောင်ပြင်တွင် တွေ့ရှိခဲ့ကြောင်း သိရရှိရသည်။

“နေ့လည် ၁ နာရီကျော်လောက်ကစပြီး သေနတ်တွေ ပစ်၀င်လာတာပေါ့။ ဖမ်းခံလိုက်ရသူတွေ လည်းရှိတယ်။ အရေအတွက်တော့သေချာမသိရသေးဘူး။ မီးလောင်သေဆုံးထားတဲ့ အလောင်း ၄ လောင်းလည်း တွေ့ရတယ်။ အိမ်ခြေ ၄၀၀ လောက်လည်း ဆုံးရှုံးတယ်” လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့၀င် တစ်ဦးက ပြောဆိုသည်။

ထို့ပြင် သက္ကယ်ကျင်းကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မီးရှို့ဖျက်ဆီး နေချိန်တွင် ကျောက်စစ်ပုံ အမြောက်တပ်က လက်နက်ကြီးများဖြင့် ကိုင်းတောကျေးရွာကို ပစ်ခတ် ခဲ့သောကြောင့် ရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကာ ထိခိုက် ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း သိရသည်။

ဖေဖော်ဝါရီလပိုင်းက စတင်ကာ မုံရွာမြို့အနီးရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က နေ့စဉ် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးကာ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းများ ပြုလုပ်နေသောကြောင့် ကျေးရွာ ၁၀ ရွာကျော်မှ ထောင်နှင့်ချီသော ပြည်သူပိုင် နေအိမ်များ မီးလောင်ပျက်စီးခဲ့ပြီး ပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ လက်ပံချောင်းရွာကို အကြမ်းဖက် စစ်တပ်က မတ်လ ၁၄ ရက်နေ့ ည ၉ နာရီကျော်ခန့်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ် ခဲ့သောကြောင့် အရပ်သား ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စခန်းကြီးကျေးရွာကမှ အသက် ၆၀ ကျော် အမျိုးသမီး ၁ ဦးနှင့် အသက် ၄၁ နှစ်အရွယ် အမျိုးသား ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ကလေးမြို့ အနီးဝန်းကျင်တွင် ဒေသ ကာကွယ်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်ကောင်စီတပ်သားများ စစ်ရေး တင်းမာနေပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင်း သိရှိရသည်။

မတ်လ ၈ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် စီးစံကျေးရွာမှ အသက် ၇၀ ကျော် အရွယ် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး ဖေဖော်ဝါရီလအတွင်း ကလေးမြို့နယ်တွင် အကြမ်းဖက် စ်တပ်၏ လက်နက်ကြီး ပစ်ခတ်မှု၊ ပစ်ခတ်သတ်ဖြတ်မှု ၊ မိုင်းပေါက်ကွဲမှုများကြောင့် အရပ်သား ပြည်သူ ၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article