28 C
Yangon

မင်းတပ်မြို့နယ်နှင့် မင်းပြားမြို့ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ၂ ဦးသေဆုံး၊ စာသင်ကျောင်း ၁ ကျောင်း ပျက်စီး

Must read

မင်းတပ်မြို့နယ်နှင့် မင်းပြားမြို့ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ၂ ဦးသေဆုံး၊ စာသင်ကျောင်း ၁ ကျောင်း ပျက်စီး

ရန်ကုန်၊ မတ် ၁၆

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ် ၃ ကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ၂ ဦးသေဆုံးခဲ့ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။

မတ်လ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင်မင်းတပ်မြို့နယ်၊ တိုက်နယ် ၃ ကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် အသက် ၄၀ ကျော်အရွယ် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှု အတွင်း အသက် ၂၈ နှစ်အရွယ် CDM ကျောင်းဆရာ ၁ ဦး၊ အသက် ၇ နှစ် နှင့် ၁၀ နှစ်အရွယ် ကလေးငယ် ၂ ဦးနှင့် အသက် ၇၀ နှစ်အရွယ် ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာ ရရှိပြီး နေအိမ် ၁ လုံး မီးလောင်ပျက်စီးကာ ဘုရားကျောင်း၊ စာသင်ကျောင်းနှင့် အခြား အဆောက်အဦများလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အလားတူ ရခိုင်ပြည်နယ်၊ မင်းပြားမြို့ကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် စာသင်ကျောင်း ၁ ကျောင်း ပျက်စီးခဲ့ကြောင်း ရခိုင်ဒေသ သတင်းရင်းမြစ် Arakan Princess Media က သတင်းဖော်ပြသည်။

မတ်လ ၁၆ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က မင်းပြားမြို့၊ မင်းဗာကြီးရပ်ကွက်ရှိ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) ကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် စာသင်ကျောင်း ခြံစည်းရိုး၊ အုတ်ထရံ၊ အမိုး၊ မျက်နှာကျက် အပါအဝင် စာသင်ခန်း အဆောင်များ ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ မတ်လ ၆ ရက်နေ့ ည ၁၁ နာရီခန့် ကလည်း အကြမ်းဖက် စစ်တပ်က မင်းပြားမြို့နယ်၊ အမ်းသားရွာ စာသင်ကျောင်းကို ပေါင် ၂၀၀ ဗုံး ၄ လုံး ကျဲချသောကြောင့် စာသင်ကျောင်း ပျက်စီးခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၂၇ ရက်နေ့ နံနက် ၁ နာရီ ၄၅ မိနစ်ခန့်ကလည်း မင်းပြားမြို့နယ်၊ မင်းဖူးဆေးရုံကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ လေယာဉ် ၁ စီးဖြင့် လာရောက် တိုက်ခိုက်ခဲ့ကြောင့် ဆေးရုံ ၁ ခုလုံး ပျက်စီးခဲ့ပြီး ပြည်သူများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ စစ်သုံ့ပန်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၁ နာရီ ၂၅ မိနစ်ကလည်း မင်းပြားမြို့နယ်၊ သေကန်ရွာကို အကြမ်းဖက် စစ်တပ်က ရည်ရွယ်ချက် ရှိရှိ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် စာသင်ကျောင်း အပါအဝင် ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက် ပျက်စီးခဲ့ပြီး ပြည်သူ ၃၀ ခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ဇန်နဝါရီ ၂ ရက်နေ့ နံနက် ၄ နာရီခန့်ကလည်း မင်းပြားမြို့ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် အကြိမ်ပေါင်း ၃၀ ခန့် ရည်ရွယ်ချက် ရှိရှိ ပစ်ခတ်တိုက်ခိုက် ခဲ့သောကြောင့် ပြည်တော်သာ ရပ်ကွက်မှ မူလွန် စာသင်ကျောင်း အပါအဝင် လူနေအိမ်များ ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်သည် ရခိုင်ဒေသ စစ်မျက်နှာတွင် ၎င်းတို့၏ တပ်မ၊ တပ်ရင်းဌာနချုပ်၊ စစ်စခန်း၊ ရဲစခန်း များစွာ နှင့် တစ်မြို့ပြီး တစ်မြို့ လက်လွှတ်ဆုံးရှုံးနေရသည့်အတွက် ရှုံးမဲမဲကာ မြို့ရွာများရှိ အပြစ်မဲ့ အရပ်သား ပြည်သူများ၏ နေအိမ်များ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဈေး များကို ပစ်မှတ်ထား တိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း လက်ရဲဇက်ရဲ ဆက်တိုက် ကျူးလွန်နေခြင်း ဖြစ်ကြောင်း သိရသည်။

Photo credit – Arakan Princess Media

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article