27 C
Yangon

နိုင်ငံ၏ အခြေအနေမှာ ပုံမှန်မဟုတ်သော အခြေအနေရောက်ရှိနေ၍ 7 EAO Alliance ဖွဲ့စည်းလိုက်ရပြီး RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ခေါင်းဆောင်အဖြစ် တာဝန်ယူ

Must read

နိုင်ငံ၏ အခြေအနေမှာ ပုံမှန်မဟုတ်သော အခြေအနေရောက်ရှိနေ၍ 7 EAO Alliance ဖွဲ့စည်းလိုက်ရပြီး RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ခေါင်းဆောင်အဖြစ် တာဝန်ယူ

ရန်ကုန်၊ မတ် ၁၈

မြန်မာနိုင်ငံ၏ အခြေအနေမှာ ပုံမှန်မဟုတ်သော အခြေအနေတွင် ရောက်ရှိနေ၍ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ၇ ခု ပါဝင်သော 7 EAO Alliance ဖွဲ့စည်းလိုက်ရကြောင်း 7 EAO Alliance အဖွဲ့ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။

မတ်လ ၁၇ ရက်နေ့မှ ယနေ့ မတ်လ ၁၈ ရက်နေ့အထိ ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့၌ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေး အဖွဲ့အစည်း ၇ ဖွဲ့၏ မျက်နှာစုံညီအစည်းအဝေး (7 NCA-S EAO Summit)တွင် လက်ရှိနိုင်ငံရေးအခြေအနေများကို သုံးသပ်ခြင်း၊ ပြင်ဆင်ရေး အလုပ် အဖွဲ့မှ တင်သွင်းသော နိုင်ငံရေးဆိုင်ရာအဆိုပြုချက်များနှင့် 7 NCA-S EAO ပြန်လည် ဖွဲ့စည်းမှုဆိုင် ရာ ဖွဲ့စည်းပုံစည်းမျဉ်း (Regulation) တို့ကိုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဆွေးနွေးခဲ့ပြီးနောက် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များ အ ပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်သွားရန်ဖြစ်ပြီး မျှော်မှန်းချက်မှာ ဖက် ဒရယ် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်မှတဆင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်း ရေး တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် 7 EAO Alliance သည် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေးမှတဆင့် ငြိမ်းချမ်းရေး ဆိုင်ရာ ရလဒ်များ ဖော်ထုတ်နိုင်ရန် လူထု၏သဘောထားများဖေါ်ထုတ်နိုင်သော အခင်းအကျင်းများ ဖန်တီးခြင်း၊ သက်ဆိုင်သည့် အဖွဲ့အစည်းများအနေဖြင့် ပြည်သူလူထုအား ကာကွယ်ရန် တာဝန်ရှိမှု ကို သိရှိစေခြင်း၊ အဓိပ္ပါယ်ပြည့်ဝ၍ နိုင်ငံရေးအပြောင်းအလဲများ တိုးတက်ဖြစ်ပေါ်လာစေရန် သက် ဆိုင် သူများအားလုံးနှင့် နိုင်ငံရေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ကျင်းပခြင်းတို့ကို ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အသိပေးထားသည်။

ရည်မှန်းချက်များအနေဖြင့် အဓိပ္ပါယ်ပြည့်ဝသော နိုင်ငံရေးအပြောင်းအလဲများ တိုးတက်ဖြစ်ပေါ် လာ စေရန်၊ နိုင်ငံရေးဆွေးနွေးပွဲများကို သက်ဆိုင်သူများအားလုံးနှင့် စဉ်ဆက်မပြတ်ကျင်းပသွားရန်၊ လက်ရှိ ပဋိပက္ခကိုဖြေရှင်းရာတွင် ငြိမ်းချမ်းစွာအဖြေရှာလိုသော အင်အားစုများ၏ သဘောထားများ ဖေါ်ထုတ်နိုင်ရေးအတွက် အခင်း အကျင်းနှင့် နည်းလမ်းများ ဖော်ဆောင်သွားရန်၊ ပြည်သူလူထု အား ကာကွယ်စောင့်ရှောက်ရေးနှင့် သက်ဆိုင်သည့်အဖွဲ့အစည်းများအနေဖြင့် ပြည်သူလူထုအား ကာကွယ်ရန်တာဝန်ရှိခြင်းကို သိရှိစေရေး တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့က နိုင်ငံရေးသဘောထားချမှတ်နိုင်ခဲ့ကြောင်း သိရသည်။

“ဒီအချိန်ကတော့ ကျနော်တို့နိုင်ငံမှာ စစ်ရေးဘောင်က အရမ်းကို ကျယ်ပြန့်ပြီး တော့ နိုင်ငံရေးဆွေး နွေးမှုဘောင်က တော်တော်လေးကို ကျဉ်းနေတဲ့ကာလတစ်ခုအောက်မှာ သက်ဆိုင်သူအားလုံး ပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတစ်ခုဖြစ်မြောက်ရေးဆိုတဲ့ စကားလုံးကို ပြောရတာကတော့ တော်တော်လေးလည်း ကြီးကြီးမားမား စွန့်စားမှုများပါတယ်လို့ ပြောချင်ပါတယ်။ လက်ရှိ ကျနော်တို့ နိုင်ငံမှာဖြစ်ပျက်နေတဲ့ ပုံမှန်မဟုတ်တဲ့အခင်း အကျင်းကိုလည်းပဲ ကျနော်တို့အကုန်လုံး မျက်ဝါးထင် ထင်တွေ့ရှိခဲ့ရတယ်။ ကျနော်တို့ ၇ ဖွဲ့အနေနဲ့ကတော့ ဝေဖန်မှုတွေ ၊အခက်အခဲတွေ အမျိုးမျိုး ရှိနေ တဲ့ ကြားကပဲ နိုင်ငံရေး ယဉ်ကျေးမှုအသစ်ပေါ့၊ စစ်ရေးနည်းနဲ့မဟုတ်ဘဲနဲ့ နိုင်ငံရေး တွေ့ဆုံခြင်းနည်းနဲ့ ဖြေရှင်းနိုင်တဲ့ အခင်းအကျင်းပေါ်ပေါက်လာဖို့ အာသီသနဲ့ စုဖွဲ့မှုအသစ်ကို သွားလိုက် တာဖြစ်ပါ တယ်။” ဟု 7 EAO Alliance အဖွဲ့ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့‌ ပြောဆိုသည်။

7 EAO Alliance တွင် ဗိုလ်ချုပ်ကြီး ယွက်ဆစ်က အဖွဲ့ခေါင်းဆောင်အဖြစ်လည်းကောင်း၊ ဒုတိယခေါင်းဆောင် အဖြစ် နိုင်အောင်မင်းကလည်းကောင်း ဦးဆောင်ကြမည်ဖြစ်ပြီး အတွင်းရေးမှူးအဖွဲ့တွင်

(၁) ဗိုလ်မှူးကြီး စိုင်းငင်း၊ အထွေထွေအတွင်းရေးမှူး

(၂) ဗိုလ်မှူးကြီး စောကျော်ညွှန့်၊ တွဲဘက်အတွင်းရေးမှူး

(၃) နိုင်အောင်မငေး၊အဖွဲ့ဝင်

(၄) ဗိုလ်မှူးချုပ် စောစိန်ဝင်း၊အဖွဲ့ဝင်

(၅) ကျာယာကုပ်၊ အဖွဲ့ဝင်

(၆) ဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်၊ အဖွဲ့ဝင်

(7) PNLO၊အဖွဲ့ဝင်

(၈) ဦးမျိုးဝင်း၊ Coordinator တို့အဖြစ် ပါဝင်ကြကြောင်း သိရှိရသည်။

7 EAO Alliance အနေဖြင့် လက်ရှိနိုင်ငံရေးအကျပ်အတည်းကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းကာ ကျော်လွှားနိုင်ရေးအတွက် သက်ဆိုင်ရာအင်အားစုများနှင့် ဆွေးနွေးညှိနှိုင်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်သည်အထိ ဆက်လက်ပြီး ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ယမန်နေ့ မတ်လ ၁၇ ရက်နေ့က ဗိုလ်ချုပ်ကြီး ယွက်ဆစ်၏ အဖွင့်အမိန့်ခွန်းပါ မိမိတို့ ၇ ဖွဲ့ ထိန်းချုပ် နယ် မြေအသီးသီးတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး စနစ်ဖြင့် အုပ်ချုပ်သွားရန် ကိစ္စနှင့်ပတ်သက်၍ ရန်ကုန် ခေတ်သစ်သတင်းဌာနက မေးမြန်းခဲ့ရာ –

“ကျနော်တို့ ၂ ရက်တာခေါ်တဲ့အစည်းအဝေးမှာတော့ ဒီကိစ္စကို အာဂျင်တာတစ်ခုအနေနဲ့ ထည့် သွင်းဆွေး နွေးနိုင်တဲ့အခင်းအကျင်းတော့မရှိဘူး၊ ကျနော်နားလည်သလောက် ပြောရ မယ်ဆို ရင်တော့ ကျနော်တို့နိုင်ငံရဲ့အခြေ အနေက ပုံမှန်အခြေအနေမဟုတ်ဘူး၊ ဒီအခြေအနေတစ်ခု အောက်မှာ ကျနော်တို့ တိုင်းရင်းသားအဖွဲ့အစည်းတွေအနေနဲ့ကလည်း မိမိတို့ထိန်းချုပ်နယ်မြေနဲ့ ဆက်စပ် နေတဲ့ ပြည်သူလူထုတွေရဲ့ ဝန်ဆောင်မှုတွေ ပေါ့လေ၊ ပညာရေးဖြစ်ဖြစ်၊ ကျန်းမာရေး ဖြစ်ဖြစ် ဒေသတည်ငြိမ်ရေးပဲဖြစ်ဖြစ်၊ ဖွံ့ဖြိုးတိုးတက်ရေးပေါ့ဖြစ်ဖြစ်ပေါ့လေ၊ အဖွဲ့အစည်းတစ်ခု ကနေ သူလုပ်နိုင်တဲ့အတိုင်းအတာနဲ့ သူလုပ်နိုင်တဲ့နည်းလမ်းတွေနဲ့ ဆောင်ရွက်မှုတွေရှိနေနိုင်တယ်၊ လုပ်လည်း လုပ်နေကြမယ်ဆိုတဲ့ အခင်းအကျင်း သွားနေကြမယ်လို့ပဲ အဲလိုမျိုး နားလည်မှုရှိပါ တယ်ဗျ၊” ဟု 7 EAO Alliance အဖွဲ့ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့‌ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article