25 C
Yangon

မြောက်ဦး၊ အထက်လေညှင်းတောင်ကျေးရွာကို စစ်ကောင်စီက တိုက်လေ ယာဉ်ဖြင့် ဗုံးကျဲမှု ကလေးငယ်များ အပါအဝင် ပြည်သူ ၅ ဦးသေဆုံး

Must read

မြောက်ဦး၊ အထက်လေညှင်းတောင်ကျေးရွာကို စစ်ကောင်စီက တိုက်လေ ယာဉ်ဖြင့် ဗုံးကျဲမှု ကလေးငယ်များ အပါအဝင် ပြည်သူ ၅ ဦးသေဆုံး

ရန်ကုန်| မတ် ၂၁

ရခိုင်ပြည် မြောက်ဦးမြို့နယ်၊ လေညှင်းတောင်ကျေးရွာ (အထက်) ကို ယနေ့ မတ်လ ၂၁ ရက် နံနက် ၈ နာရီခွဲကျော်အချိန်က ဂျက်တိုက်လေယာဉ်ဖြင့် စစ်ကောင်စီက လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် များအပါအဝင် အရပ်သား ၅ ဦးသေဆုံးပြီး ၂၀ ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

ဒီနေ့ နံနက် ၈ နာရီခွဲကျော်အချိန်လောက်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ဗုံးလာကြဲတာ။ အသက်မပြည့်သေးတဲ့ ကလေးတွေအပါအဝင် ၅ ဦးသေသွားပါတယ်။ အမျိုးသမီးတွေ အပါအဝင် ၂၀ ကျော် ပြင်းထန်ဒဏ်ရာ ရကြပါတယ်။ ဒဏ်ရာတဲ့ သူတွေထဲမှာ ခြေထောက်ပြတ်ထွက်သွားတာ၊ လက်ပြတ်ထွက်သွားတာ။ ခန္ဓာကိုယ်တစ်ခုလုံးမှာ ထိခိုက်ဒဏ်ရာ ရကြပါတယ်။ အရမ်းစိတ်မကောင်းဖြစ်ရပါတယ်။ စစ်ကောင်စီက အရပ်သားကျေးရွာတွေကို ဒီလိုသာ ဗုံးကြဲတိုက်ခိုက်နေရင် အားလုံးသေသွားမှာပေါ့” ဟု ပြောသည်။

အရပ်သားများ သေဆုံး ထိခိုက်ကြသည့်အပြင် နေအိမ် ၃၀ ကျော်လည်း ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

စစ်တွေမြို့အနီး ကုလားတန်မြစ်ကြောင်း၌ ရပ်တန့်ထားသော စစ်ကောင်စီနေဗီကလည်း မြောက်ဦးမြို့ကို နေ့စဉ်နှင့်အမျှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုရှိနေကြောင်း သိရသည်။

မတ်လ ၁၇ ရက်နေ့ နံနက် ၆ နာရီခန့်ကလည်း မြောက်ဦးမြို့ကို စစ်ကောင်စီက လေကြောင်းမှ ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့၍ လမ်းသွားနေသော အသက် ၂၀ အရွယ် မိန်းကလေးငယ်တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ရကြောင်း၊ စစ်ကောင်စီ ကျဲချခဲ့သော ဗုံးများသည် မြောက်ဦးမြို့ တောင်ရပ်ရပ်ကွက်နှင့် ကုန်သည်တန်းရပ်ကွက်သို့ ကျရောက်ပေါက်ကွဲပြီး နေအိမ်အများအပြားလည်း ပျက်စီးသွားကြောင်း မြို့ခံတစ်ဦးက ပြောသည်။

မတ်လ ၁၆ ရက်နေ့ နံနက် ၇ နာရီကလည်း မြောက်ဦးမြို့ကို စစ်ကောင်စီက ဗုံးကျဲတိုက်ခိုက်ခဲ့၍ မြောက်ဦးမြို့နယ်၊ ပုရိန်ကျေးရွာမှ အသက် ၁၃ နှစ်အရွယ် မွတ်ဆလင်ကလေးငယ် မောင်နုရ်ဟာန်နော်ဒိန် (ဘ) ဦးချောဘီခါး ထိခိုက်ဒဏ်ရာရရှိသွားသည်။

မတ်လ ၁၅ ရက်နေ့ကလည်း ရှေးဟောင်းမြောက်ဦးမြို့တော်ကို စစ်ကောင်စီက ဗုံးကျဲတိုက်ခိုက်ခဲ့၍ ရွာဟောင်းတောကျေးရွာမှ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ရသည်။

ယခုလ အစောပိုင်းတွင်လည်း မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့၍ နေအိမ်အများအပြား ပျက်စီးခဲ့ရကြောင်း၊ မြောက်ဦးမြို့တွင် စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ် ၂၀ ထက်မနည်း ပျက်စီးသွားသလို နန်းတော်ရာကုန်းပေါ်တွင်ရှိသည့် ရခိုင့်ယဉ်ကျေးမှုအမွေအနှစ်များထားရှိရာ ပြတိုက်လည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

မင်းပြားမြို့နယ် မွတ်စလင်ကျေးရွာ သာဒါကျေးရွာကို မတ်လ ၁၈ ရက်နေ့က စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်ခဲ့၍ မွတ်စလင် ၂၂ ဦးသေဆုံးကာ ၂၉ ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။

ဓာတ်ပုံ – မတ်လ ၁၈ ရက်နေ့က စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့၍ မင်းပြားမြို့နယ် သာဒါကျေးရွာက သေဆုံးသွားသော မွတ်စလင်ကလေးငယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article