28 C
Yangon

ငဖဲမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူများပြား

Must read

ငဖဲမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူများပြား

ရန်ကုန်၊ မတ် ၂၄

မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် အကြမ်းဖက် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃၀ ဦးခန့်သေဆုံးခဲ့ကြောင်း People’s Revolution Alliance အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၄ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် အင်အား ၇၀ ခန့် ပါဝင်သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ငဖဲမြို့နယ်၊ မထုံးကျေးရွာနှင့် ဂုတ်စီးရိုးကျေးရွာ လမ်းပိုင်းကို ရောက်ရှိလာစဉ် PRA-Magway ၏ မောလုံ စစ်ကြောင်းက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ထိတွေ့ တိုက်ပွဲ ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ဝ ဦးခန့် သေဆုံးခဲ့သည်ကို မျက်မြင် တွေ့ရှိခဲ့ရပြီး ဒဏ်ရာရရှိသူများလည်း ရှိကြောင်း၊ အကြမ်းဖက် စစ်တပ်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ပြီး ပစ်အား မယှဉ်သာသည့်အတွက် PRA-Magway တပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။

ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စစ်မှုထမ်း မတရား ဥပဒေအရ တောင်ပေါ် ဒေသရှိ ကျေးရွာများကို တပ်သားသစ် စုဆောင်းရန် ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရှိရသည်။

“အဲစစ်ကြောင်းက စစ်မှုထမ်း ဥပဒေအတွက် အတင်းအဓမ္မ တပ်သားသစ်စုဆောင်းနေတဲ့ စစ်ကြောင်းပေါ့။ သူလာခဲ့တာက လင်းတဲရွာ၊ စွန်းတဲရွာ နောက်တစ်ခု မှိန်းစိန်းရွာပေါ့။ မထုံးကျေးရွာတွေကို သူတို့ကို ဝင်ရောက်ခဲ့တယ်ပေါ့။ ဒီထဲက တချို့ရွာတွေကတော့ ရွာလုံးကျွတ် တိမ်းရှောင်နေတာတွေရှိတယ်။ အဲရွာတွေကနေ အပြန်မှာ ကျွန်တော်တို့ မိုင်းဆွဲပြီးတော့ တိုက်ခိုက်ခဲ့တာပါ။ လက်ရှိချိန်မှာတော့ ဒီစစ်ကြောင်းက ပြန်ပြီးတော့ ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။ စစ်ခွေး စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီးတော့ ကားတွေ တက်လာတာတော့ ရှိတယ်။ စစ်ခွေး အလောင်းတွေ ပြန်သယ်ဖို့လား ဒဏ်ရာရတဲ့ သူတွေကို သယ်ဖို့လား ဆိုတာ သတင်းအတိအကျတော့ မရနိုင်သေးဘူး။ ကျွန်တော်တို့ဘက်က ထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။ သူတို့ဘက်ကသာ မိုင်းဆွဲ တိုက်ခိုက်ခံရတဲ့အချိန်မှာ အတော်များများ ပွဲချင်းပြီးသွားတယ်ပေါ့။ ဒီတိုက်ခိုက်မှုက ပြည်သူ လူထုကို နည်းမျိုးစုံနဲ့ အကြမ်းဖက် နေတဲ့ နှိပ်စက် ညှင်းပမ်းနေတဲ့ ရန်သူ့ စစ်ကောင်စီကို နည်းလမ်းပေါင်းစုံနဲ့ တိုက်ခိုက်သွားမယ်လို့ ကျွန်တော်တို့တွေ ဆုံးဖြတ် ချထားတယ်။ နောက်နောင်လည်း စစ်အာဏာရှင် တစ်ခုလုံးရှိနေသ၍ ကျွန်တော်တို့ ဆက်လက်ပြီးတော့ တိုက်ပွဲဝင်သွားမယ်။ တိုက်ပွဲဝင်သွားတဲ့ နေရာမှာ တစ်ယောက်ချင်းသော်လည်းကောင်း မဟာမိတ်တွေနဲ့ ပူးပေါင်း၍သော်လည်းကောင်း ကျွန်တော်တို့ ရည်မှန်းချက်တွေ အောင်မြင်ပေါက်ရောက်သည်အထိ တိုက်ပွဲဝင်သွားမယ်လို့ ပြောချင်ပါတယ်” People’s Revolution Alliance အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

PRA-Magway သည် တခြားစစ်မျက်နှာများတွင်လည်း မဟာမိတ်များနှင့် ပူးပေါင်း တိုက်ပွဲဝင်လျက် ရှိနေပြီး တော်လှန်ရေးရည်မှန်းချက်များ အောင်မြင်သည်အထိ နည်းလမ်းမျိုးစုံဖြင့် ဆက်လက်တိုက်ပွဲဝင် သွားမည် ဖြစ်ကြောင်း People’s Revolution Alliance (PRA-Magway) မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article