30 C
Yangon

ထိုင်းနိုင်ငံရှိ သံမဏိစက်ရုံ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ကရိန်းပြိုကျမှုကြောင့် မြန်မာ အလုပ်သမား ၆ ဦးသေဆုံးခဲ့ပြီး တစ်ဦးလျှင် ဘတ် ၁၆ သိန်း လျော်ကြေးငွေ ရရှိ

Must read

ထိုင်းနိုင်ငံရှိ သံမဏိစက်ရုံ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ကရိန်းပြိုကျမှုကြောင့် မြန်မာ အလုပ်သမား ၆ ဦးသေဆုံးခဲ့ပြီး တစ်ဦးလျှင် ဘတ် ၁၆ သိန်း လျော်ကြေးငွေ ရရှိ

ရန်ကုန်၊ မတ် ၃၀

ထိုင်းနိုင်ငံ၊ လရောင်းမြို့နယ်ရှိ သံမဏိစက်ရုံ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ကရိန်းပြိုကျမှုကြောင့် မြန်မာ အလုပ်သမား ၆ ဦး သေဆုံးခဲ့ပြီး တစ်ဦးလျှင် ဘတ် ၁၆ သိန်း လျော်ကြေးငွေရရှိမည်ဟု ညှိနှိုင်းထားပြီး ဖြစ်ကြောင်း အဆိုပါ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ မြန်မာ အလုပ်သမားများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၉ ရက်နေ့တွင် ကရိန်းပြုတ်ကျ၍ မြန်မာအလုပ်သမား ၅ ဦးနှင့် တရုတ်နိုင်ငံသား ၁ ဦးမှာ ပွဲချင်းပြီး သေဆုံးသွားပြီး ကျန် မြန်မာအလုပ်သမား ၁ ဦးမှာသည် ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပြီး ဆေးရုံတွင် သေဆုံးခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် သေဆုံးသူများကို မြန်မာအလုပ်သမားများကူညီပေးရေးအဖွဲ့၏ ညှိနှိုင်းမှုဖြင့် တစ်ဦးလျှင် ဘတ် ၁၆ သိန်း ပေးလျော်မည်ဟု ညှိနှိုင်းပြီး ဖြစ်ကြောင်း၊ လတ်တလောတွင် တစ်ဦးလျှင် ဘတ် ၅ သိန်းစီ ရရှိထားပြီး ကျန်ငွေများကို ၂ ပတ်စောင့်လျှင် ပေးမည်ဟု ဆောက်လုပ်ရေးလုပ်ငန်းခွင်ဘက်က ပြောကြားထား၍ မြန်မာ့အလုပ်သမားအရေး ဆောင်ရွက်နေသူများနှင့် ညှိနှိုင်းဆဲပင်ဖြစ်ကြောင်း သိရှိရသည်။

“အရင်တုန်းကလည်း ဒီစက်ရုံမှာက စက်ရုံထဲမှာ သေပြီး အလောင်းပျောက်သွားပြီး ဘာမှမဖြစ်သလို ပြီးသွားတဲ့ဟာရှိတယ်။ အခုလည်း မြန်မာ ၆ ယောက်သေတာကျတော့ ဘယ်လိုမှ လက်မခံနိုင်ကြတော့ အကုန်လုံး မြန်မာတွေ ညီညီညွတ်ညွတ်နဲ့ ဆန္ဒပြလို့ ဘတ် ၁၆ သိန်းရတာ။ နောက်မို့ဆိုရင် ဘတ်ငွေ ၄ ၊ ၅ ၊ ၆ သိန်းနဲ့ လူ့အသက်တန်ဖိုးကို ဒီတိုင်းပဲ ပြီးသွားတာဗျ” ဟု အဆိုပါစက်ရုံရှိ မြန်မာလုပ်သားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ စက်ရုံတွင် မြန်မာ လုပ်သား ၃၀၀၀ နီးပါး ရှိပြီး သေဆုံးသူ လုပ် သားများ လျော်ကြေးငွေရရှိရေးအတွက် အလုပ်သမားရေးရာအဖွဲ့များနှင့် အားလုံးပေါင်း၍ ဆန္ဒပြခဲ့ရခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် မြန်မာလုပ်သားများသည် ရုံးအတွင်းတွင် ညှိနှိုင်းဆဲပင်ဖြစ်ကြောင်း မြန်မာလုပ်သားများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article