30 C
Yangon

အမ်းမြို့နယ်ရှိ တရုတ်ရေနံပိုက်လိုင်းအနီးတွင် စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲ၊ စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေဟု ဒေသပြည်သူများပြော

Must read

အမ်းမြို့နယ်ရှိ တရုတ်ရေနံပိုက်လိုင်းအနီးတွင် စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲ၊ စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေဟု ဒေသပြည်သူများပြော

ရန်ကုန်၊ မတ် ၃၀

ရခိုင်ပြည် အမ်းမြို့နယ်အတွင်းမှာရှိသော တရုတ်ရေနံပိုက်လိုင်းနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ နယ်မြေများတွင် စစ်ကောင်စီ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

အမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်း တစ်မိုင်ကုန်းမှပစ်ခတ်သည့် လက်နက်ကြီးကျည်များမှာ မတ်လ ၂၈ ရက်နေ့ ညအချိန်က ရေနံပိုက်လိုင်းဖြတ်သန်းရာ ဇင်ဂုန်အထက်ရွာနှင့် ဇင်ဂုန်အောက်ရွာသို့ ကျရောက်ခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

” မနေ့က ညည့်အချိန် တစ်မိုင်ကုန်းဖက်ကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာ။ ရေနံပိုက်လိုင်းအနီးတဝိုက်ကို ကျတယ်။ အဲ့နားမှာ ဇင်ဂုန်အထက်ရွာ၊ အောက်ရွာတွေရှိတယ်။ အဲ့ဒီကျေးရွာဖက်က ဖြတ်သွားတဲ့ ပိုက်လိုင်းဝန်းကျင်တွေမှာ ကျတာ” ဟု သတင်းရင်းမြစ်က ပြောသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) တည်ရှိရာ အမ်းမြို့နယ်တွင် စစ်ကောင်စီနှင့် AA တို့ကြား တိုက်ပွဲများ ပြင်းထန်လျှက်ရှိနေပြီး နပခ အနေဖြင့် လက်နက်ချအညံ့ခံရန် ရက္ခိုင့်တပ်တော် AA က သတိပေးထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ရင်းများအနေဖြင့် ကျေးရွာများအပြင် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းဒေသများကို လက်နက်ကြီးများဖြင့် စဉ်ဆက်မပြတ် ပစ်ခတ်နေကြောင်း အမ်းဒေသခံတစ်ဦးက ဆိုသည်။

” စိုးရိမ်တာကတော့ လက်နက်ကြီးတွေ အခုလို ဆက်တိုက်ပစ်နေရင် ပိုက်လိုင်းပေါက်သွားမှာကိုပဲ။ သူတို့က လူနေကျေးရွာတွေကိုတောင် ရည်ရွယ်ချက်ရှိရှိ ပစ်နေတာဆိုတော့ ပိုက်လိုင်းပေါက်အောင် မလုပ်ဘူးလို့လည်း မပြောနိုင်ဘူး။ အကယ်၍များ ပေါက်သွားရင် ဒေသနေသူတွေအတွက် အရမ်းအန္တရာယ်များတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့မှာ စစ်ကောင်စီတပ်ရင်း ၁၄ ခုရှိပြီး ယင်းတို့မှာ အမှတ် ၃၇၁ ခြေမြန်တပ်ရင်း၊ အမှတ် ၃၇၃ခြေ မြန်တပ်ရင်း၊ အမှတ် ၃၇၄ ခြေမြန်တပ်ရင်း၊ အမှတ် ၂ ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံ၊ အမှတ် ၉၄၆ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲ၊ အမှတ် ၃၄၅ စက်လက်နက် ပစွည်းတပ်ခွဲ၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (နပခ) တို့ရှိသည်။

ထို့ပြင် လုံကောက်အုပ်စုတွင် အမှတ် ၃၇ ၂ခြေမြန်တပ်ရင်း၊ အမှတ် ၈ အဆင့်မြင့် ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် ၉၂၆ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ခွဲ၊ အမ်းမြို့၊ စျေးရပ်ကွက်မှာ အမှတ် ၉၁၉ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း၊ အမ်းတောင်အုပ်စု အမှတ် ၇၅၇ အလုပ်ရုံတပ်ခွဲ (လျှပ်စစ်)နှင့် လေယာဥ်ကွင်းရပ်ကွက် အမှတ် ၁၀ တပ်ထိန်းတပ်ခွဲတို့လည်း တည်ရှိကြောင်း သိရသည်။

အမ်းအခြေစိုက် အမှတ် ၃၇၂ ခြေ မြန်တပ်ရင်းမှ ထောက်ပို့ တပ်မိသားစုများသည် မတ်လ ၂၇ ရက်နေ့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ တပ်ဆုတ်ပြီး ပူးပေါင်းသွားခဲ့ကြောင်း အမ်းမြို့နယ်လူမှုရေးလှုပ်ရှားသူတစ်ဦးက ရှင်းပြသည်။

နပခ ကို AA ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်သားအချို့ ထွက်ပြေးမှုများရှိနေပြီး သံတွဲဘက်သို့ ထွက်ပြေးနေကြကြောင်း ၊ မတ်လ ၂၆ ရက်နေ့ စစ်ကောင်စီ၏ထုတ်ပြန်ချက်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးအား ရာထူးမှဖယ်ရှားပြီး ၎င်း၏နေရာတွင် တနင်္သာရီတိုင်းရှိ ကမ်းရိုးတန်းစစ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာဦးကို နပခတိုင်းမှူးအဖြစ် တာဝန်ပေးလိုက်ကြောင်း သိရှိရသည်။

ပလက်ဝအပါအဝင် ရခိုင်ပြည်အတွင်းက မြို့နယ် ၁၀ မြို့နယ်ကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ထားပြီး စစ်ကောင်စီက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအား အစားထိုးခန့်လိုက်ပြီးနောက် AA ကလည်း ရခိုင်တွင် ထိုးစစ်ကို အရှိန်ဟုန်မြှင့်လိုက်ကြောင်း၊ အမ်းမြို့နယ်၊ လုံးကျေးရွာ၏ အနောက်ဘက်တွင် မတ်လ ၂၆ ရက်နေ့က စကခ (၅) လက်အောက်ခံ ခမရ (၃၄၆)၊ တခြားတပ်များမှ စုပေါင်းထားသော စစ်ကြောင်းနှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ယင်းတိုက်ပွဲမှာ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က ဒရုန်း၊ လေကြောင်းပစ်ကူမှုနှင့် မြေပြင်လက်နက်ကြီးပစ်ကူများပေး၍ တိုက်ခိုက်ခဲ့သော်လည်း တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးကာ ၁၅ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ပြီး ရက္ခိုင့်တပ်တော် AA ဘက်မှ တပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

ဓာတ်ပုံ – အမ်းမြို့နယ်အတွင်းတွေ့ရသော မြန်မာ-တရုတ်ရေနံပိုက်လိုင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article