25 C
Yangon

ရေဦးမြို့ပေါ်တွင် ပျော်ပွဲရွှင်ပွဲ ပြုလုပ်နေသော စစ်ကောင်စီ တပ်သားများနှင့် စစ်တပ်က တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး

Must read

ရေဦးမြို့ပေါ်တွင် ပျော်ပွဲရွှင်ပွဲ ပြုလုပ်နေသော စစ်ကောင်စီ တပ်သားများနှင့် စစ်တပ်က တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး

ရန်ကုန်၊ မတ် ၃၁

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်တွင် ပျော်ပွဲရွှင်ပွဲ ပြုလုပ်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် စစ်တပ်က တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း ရေဦး PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၃၁ ရက်နေ့ နံနက် ၁၀ နာရီ ၃၅ မိနစ်ခန့်တွင် ရေဦးမြို့ပေါ်ရှိ တဆည တိုက်တန်း အနောက်ဘက် နေရာတွင် ပျော်ပွဲရွှင်ပွဲ ပြုလုပ်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ရေဦး PDF က ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တည်ရှိရာနေရာကို ကျရောက် ပေါက်ကွဲခဲ့သောကြောင့် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ ရေဦးဆေးရုံကြီးတွင် ဆေးကုသမှု ပြုလုပ်နေကြောင်း သိရသည်။

ယနေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်တွင် ရေဦးမြို့ ရဲစခန်း အတွင်းရှိ ရဲဓမ္မာရုံတွင် စုနေကြသော ရဲများကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကို ထိမှန်ခဲ့ပြီး ရဲကား ၁ စီး ပျက်စီးကာ ရဲ ၄ ဦး ထိခိုက် ဒဏ်ရာရရှိပြီး ပျူစောထီးခေါင်းဆောင် ၁ ဦး၏ သားမှာ စိုးရိမ်ရကြောင်း သိရှိရသည်။

ဆက်လက်၍ မွန်းလွဲ ၁ နာရီ ၂၅ မိနစ်ခန့်တွင် ရေဦးမြို့၊ အောင်သရဖူ ဟိုတယ် အပေါ်ဆုံးထပ်တွင် နေရာယူထားသော အကြမ်းဖက် စစ်တပ်မှ Drone Slayer များ ၊ မှန်ပြောင်းများ ၊ စနိုက်ဘာများဖြင့် စောင့်ဆိုင်း ကွပ်ကဲနေသော အရာရှိ ၃ ဦးပါ စစ်ကောင်စီ တပ်သားများကို ရေဦး PDF က ဒရုန်းဖြင့် ဗုံးသီး ၃ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

“ရဲစခန်းထဲကို တိုက်ခိုက်တာက ရဲခွေး ၄ ကောင် ဒဏ်ရာရပြီးတော့ ပျူစောထီး ခေါင်းဆောင် ၁ ကောင်ရဲ့သား အဲမှာထိသွားပြီးတော့ အခြေအနေတော့ မကောင်းဘူးလို့ သိရတယ်။ သူတို့ အခန်းအနားပွဲတွေ ကျင်းပတဲ့ အခါမှာ အဲအောင်သရဖူ ဟိုတယ်မှာ သူတို့ နေလေ့နေထရှိတယ် ပြီးတော့ သူတို့ ပျော်ပွဲစားပွဲ အမြဲတမ်း လုပ်တဲ့ နေရာတစ်ခုပေါ့။ ဒီနေ့မှ အဲအပေါ်ဆုံးမှာ အရာရှိ ၃ ဦးက ကွပ်ကဲပြီးတော့ ဒရုန်း slayer တွေကော မှန်ပြောင်းနဲ့ကော စနိုက်ပါ သမားကောတင်ထားတာပေါ့။ အဲတာ ဟိုတယ် အပေါ်ကို ထိသွားတာ သူတို့ ဟိုတယ် အပေါ်ဆုံးထပ်မှာ နေတဲ့အချိန်မှာ ချတာ သူတို့က ရဲစခန်းကို ပြန်ပြီးတော့ Cover ပေးလို့ ရအောင် အဲနေရာမှာ ယူထားတာ ဒရုန်းနဲ့ ဗုံးသီးလာချရင် ဒရုန်း slayer နဲ့ ပြန်ပစ်ချလို့ရအောင်ပေါ့။ ဒီနေ့က ပျဉ်ထောင်ရွာက တပ်ကြပ်ကြီးရဲ့ အလှူ ဒါပေမယ့် ကျွန်တော်တို့က ပြည်သူတွေရှိတဲ့အတွက် ပြည်သူတွေရှိတဲ့ နေရာမှာ ရောထွေးနေတာကို တိုက်ခိုက်မှု မပြုလုပ်ဘူး။ ဒါပေမယ့် သူတို့ သီးသန့် ပွဲလုပ်တဲ့ နေရာကို သွားပြီးတော့ တိုက်ခိုက်တာပါ။ ရှေ့လျောက်ပြည်သူတွေ အနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ပျော်ပွဲရွှင်ပွဲ အစရှိသဖြင့်ပေါ့။ အလှူတွေ မင်္ဂလာဆောင်တွေကို မသွားဖို့ ရှောင်ဖို့ ကျွန်တော်တို့ ပြောချင်တယ်။ ကျွန်တော်တို့ သာသနာ့ နယ်မြေထဲမှာ စစ်မှုဝါဒအရ တိုက်ခိုက်တာ လုပ်မှာ မဟုတ်ဘူး။ ဒါပေမယ့် စစ်ကောင်စီနဲ့ ပတ်သတ်တဲ့နေရာတွေ သူတို့ တပ်စွဲထားတဲ့နေရာတွေမှာ လုပ်ခဲ့ရင်တော့ ကျွန်တော်တို့ တိုက်ခိုက်သွားမှာပါ” ဟု ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း ရေဦး PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article