25 C
Yangon

ပုသိမ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူများ လုံလောက်သော ဆေးဝါးစောင့်ရှောက်မှု မရရှိဘဲ ပြင်ပမှ ပို့ဆောင်သည့် နိုင်ငံခြားဆေးဝါးများကိုလည်း ထောင်အာဏာပိုင်များက သိမ်းယူထား

Must read

ပုသိမ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူများ လုံလောက်သော ဆေးဝါးစောင့်ရှောက်မှု မရရှိဘဲ ပြင်ပမှ ပို့ဆောင်သည့် နိုင်ငံခြားဆေးဝါးများကိုလည်း ထောင်အာဏာပိုင်များက သိမ်းယူထား

ရန်ကုန်၊ ဧပြီ ၁၀

ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူများ လုံလောက်သော ဆေးဝါးစောင့်ရှောက်မှုမရရှိဘဲ ပြင်ပမှ ပို့ဆောင်သည့် နိုင်ငံခြားဆေးဝါးများကိုလည်း ထောင်အာဏာပိုင်များက သိမ်းယူထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) အဖွဲ့မှ ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ပုသိမ်အကျဉ်းထောင်တွင် ပုဒ်မ ၅၀ (ည) ၊ ၅၂ (က) တို့ဖြင့် အထူးတရားရုံးက ထောင်ဒဏ် ၁၀ နှစ်ချခံထားရသည့် အသက် ၄၆ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူ ဒေါ်ချိုချိုဝင်း သည် သားအိမ်တွင် အကြိတ်လုံး တည်သည့် ရောဂါဝေဒနာကို ခံစားနေရသည့်အတွက် ထောင်ဆရာဝန်များကို မကြာခဏ ပြသနေရသော်လည်း ထောင်ဆရာဝန်များက အကိုက်အခဲ ပျောက်ဆေးကိုသာ ပေးလျက်ရှိကြောင်း သိရသည်။

ယနေ့အချိန်အထိ ထောင်ပြင်ပ ဆေးရုံတွင် ဆေးဝါးကုသခွင့် မရရှိသေးသည့်အပြင် ပုသိမ်ထောင်တွင် အမျိုးသမီးများအတွက် ဆေးရုံဆောင်မရှိဘဲ ရောဂါဖြစ်မှသာ ထောင်ဆရာဝန်ကိုခေါ်ယူ ကြည့်ရှု့ စစ်ဆေးစေပြီး လိုအပ်သော ဆေးဝါး၊ ကျန်းမာရေး စောင့်ရှောက်မှုကို အပြည့်အဝမရရှိဘဲ အဆောင်တွင်သာ နေထိုင်နေရပြီး ထောင်ဆရာဝန်ပေးသည့် အကိုက်အခဲပျောက်ဆေးသောက်၍သာ အသက်ရှင်သန်နိုင်ရေး ကြိုးစားနေရကြောင်း စိတ်မကောင်းဖွယ် စုံစမ်းသိရှိရသည်ဟု ကိုသိုက်ထွန်းဦးက ပြောဆိုသည်။

နိုင်ငံရေးအကျဉ်းသူ ဒေါ်ချိုချိုဝင်းအပါအဝင် ပုသိမ်ထောင်အတွင်းရှိ ကျန်းမာရေးမကောင်းသူ အားလုံးကို လုံလောက်သော ဆေးဝါးစောင့်ရှောက်မှုပေးရန် ‌တောင်းဆိုကြောင်း၊ ထို့ပြင် မက်ဆာဂရစ် ကဲ့သို့ ဆေးဝါးများကို ထောင်တွင်းကို မိသားစုများက ပို့ဆောင်ပေးသည်ကို ထောင်မှ လက်ခံထားသော်လည်း အကျဥ်းသားများထံ မရောက်ရှိဘဲ မိသားစုဝင်များထံလည်း ပြန်လည် ပေးအပ်ခြင်းမရှိဘဲ ထောင်မှ သိမ်းယူထားကြောင်း သိရသည်။

အကျဥ်းသား၊ အကျဉ်းသူ များမှ မကျန်းမာသည့်အခါ ထောင်တွင်း ဆေးခန်းကို ပြသရာတွင် ဆေးဝါးများမှာ ကာလကြာရှည်စွာ သောက်သုံးသော်လည်း ရောဂါသက်သာခြင်း မရှိသဖြင့် ဆေးဝါးနားလည်သည့်သူများကို မေးမြန်း၍ သောက်သုံးရန် လိုအပ်သော ဆေးဝါးများကို အကျဥ်းထောင် စျေးဘားမှ ဝယ်ယူခိုင်းရကြောင်းသိရှိရသည်။

“လက်ရှိ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေဟာ အကြမ်းဖက် စစ်ကောင်စီရဲ့ မတရားပြန်ပေးဆွဲခြင်းခံထားရသူတွေဖြစ်တယ်။ဒီလို ဥပဒေမဲ့ ဖမ်းဆီးထားသူတွေကို လုံလောက်သော ဆေးဝါးစောင့်ရှောက်မှု မပေးတာဟာ အခြေခံအကျဆုံးဖြစ်တဲ့ Right to life (အသက်ရှင်သန်ပိုင်ခွင့်)ကို အဆိုးရွားဆုံး ချိုးဖောက်ခံနေကြရပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) အဖွဲ့မှ ကိုသိုက်ထွန်းဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ အကျဉ်းဦးစီးဌာနအနေဖြင့် မတရားသဖြင့် ပြန်ပေးဆွဲခံထားရသည့် အပြစ်မဲ့ ပြည်သူများ၊ ရဟန်းသံဃာများ၊ နိုင်ငံရေးသမားများနှင့် အမှန်တရားအတွက် လက်နက်ကိုင်တော်လှန်စစ်ဆင်နွှဲစဉ် ဖမ်းဆီးခံရသူ များအပေါ် လုံလောက်သော ဆေးဝါးစောင့်ရှောက်မှုပေးရန်၊ မိသားစုဝင်များ အထွေထွေ အကြပ်အတည်းကြားမှ ပေးပို့သည့် နိုင်ငံခြား ဆေးဝါးများကို လက်ခံပေးရန်နှင့် လက်ခံခဲ့သည့် ဆေးဝါးများကို သက်ဆိုင်ရာ အကျဉ်းသား၊အကျဉ်းသူများထံ အချိန်မှီ ပို့ဆောင်ပေးရန် ‌မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က တောင်းဆိုထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article