25 C
Yangon

မတ္တရာမြို့နယ်နှင့် မြင်းခြံမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေး ၂ ဦး အပါအဝင် ပြည်သူ ၅ ဦး သေဆုံး

Must read

မတ္တရာမြို့နယ်နှင့် မြင်းခြံမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေး ၂ ဦး အပါအဝင် ပြည်သူ ၅ ဦး သေဆုံး

ရန်ကုန်၊ ဧပြီ ၁၀

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အောက်တောင်ကိုင်းကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေး ၂ ဦး အပါအဝင် ပြည်သူ ၄ ဦး သေဆုံးခဲ့ကြောင်း မတ္တရာမြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုဘိုတောက်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၀ ရက်နေ့ နံနက် ၈ နာရီခန့်တွင် မတ္တရာမြို့နယ် ရွှေကျောင်းကျေးရွာတွင် အခြေချတပ်စွဲထားသော အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် အောက်တောင်ကိုင်းကျေးရွာကို ပစ်ခတ်ခဲ့ရာ အသက် ၄၉ နှစ်အရွယ် ဒေါ်ဝင်းစန်း၊ အသက် ၄ နှစ်အရွယ် ဖိုးသင်္ကြန်၊ အသက် ၁၃ နှစ်အရွယ် ရဲမင်းခန့် နှင့် မတ္တရာမြို့ အမှတ် ၂ နေထိုင်သည့် အသက် ၆၆ နှစ်အရွယ် ဦးညွန့်ခင်လည်း သေဆုံးခဲ့ကြောင်း သိရသည်။

“လက်နက်ကြီး ၈၁ မမနဲ့ ၅ လုံးနဲ့ အောက်တောင်ကိုင်းကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်။ အောက်တောင်ကိုင်းကျေးရွာက အိမ်တစ်အိမ်ပေါ် ကျရောက်လို့ မိသားစုဝင် ၃ ဦးသေဆုံးခဲ့တယ်။ နောက် မတ္တရာမြို့ အမှတ် ၂ နေ နွားနို့ညှစ်သမားတစ်ဦးဖြစ်တဲ့ ဦးညွန့်ခင်လည်း သေဆုံးခဲ့ပါတယ်။ ပြည်သူတွေက ပွဲချင်းပြီး သေဆုံးတဲ့ အနေအထားပါ” ဟု မတ္တရာမြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုဘိုတောက်က ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် မတ္တရာမြို့နယ်အတွင်း ပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းကို အချိန်မရွေး အကြောင်းမဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်မှာ ၅ ရက်ခန့် ရှိပြီဖြစ်ကြောင်း၊ လတ်တလောတွင် ပြည်သူ ၁၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တူရွန်းဘို့ကျေးရွာကို ပျူစောထီးများက လက်နက်ကြီးဖြင့် ပစ်ခတ် ခဲ့ရာ မိသားစု ၄ ဦး ဒဏ်ရာရရှိပြီး အိမ်ထောင်ဦးစီးဖြစ်သူ အသက် ၃၄ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း နွားထိုးကြီးမြို့နယ်သတင်းတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယမန်နေ့ ဧပြီလ ၉ ရက် နံနက်ပိုင်းက မြင်းခြံမြို့နယ်၊ တရွန်းဘို့ကျေးရွာကို လယ်သစ်ကျေးရွာရှိ ပျူ စောထီးများက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အိမ် ထောင်ဦးစီးဖြစ်သူ အသက် ၃၄ နှစ်အရွယ် ဦးမင်းနိုင်ထူး သေဆုံးပြီး အသက် ၃၇ နှစ်အရွယ် ဇနီးဖြစ် သူ ဒေါ်စံကြည် ၊ သမီးဖြစ်သူ အသက် ၇ နှစ်အရွယ် မသင့်မြတ်ဖြိုးနှင့် သမီးဖြစ်သူ အသက် ၂ နှစ်အ ရွယ် မသဲမြတ်ဖြိုးတို့ အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“၆၀ မမနဲ့ပစ်တာ၊ မြင်းခြံ -နဘူးအိုင်လမ်းမပေါ် ဓူဝံကျေးရွာအနောက်ဖက်မှာ ဒေသကာကွယ်ရေး တပ်ဖွဲ့က စစ်ဆေးနေတာတော့ရှိတယ်၊ အဲဒီကို လှမ်းပစ်တဲ့သဘောပဲ၊ ဘယ်သူမှလည်းမရှိဘူး၊ လယ် သစ်ရွာကနေ လှမ်းပစ်တာ၊ တရွန်းဘို့ရွာထဲကို ကျပြီး အိမ်ကလည်း စုတ်ပြတ်သတ်သွားတာ၊ ယောက်ျားဖြစ်တဲ့သူက သေတယ်၊ ကျန်တဲ့ ဇနီးနဲ့ သမီးနှစ်ယောက် ဒဏ်ရာအပြင်းအထန်ရတာ၊” ဟု နွားထိုးကြီးမြို့နယ်သတင်းတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူများကို မြင်းခြံမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသသော်လည်း ကုသနိုင်ခြင်းမရှိသဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသ ထားရကြောင်း သိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article