25 C
Yangon

AA သိမ်းပိုက်ထားသော မင်းပြား မြို့မဈေး မီးလောင်မှု ဆိုင်ခန်းပေါင်း ၁၀၀ ကျော် ဆုံးရှုံး

Must read

AA သိမ်းပိုက်ထားသော မင်းပြား မြို့မဈေး မီးလောင်မှု ဆိုင်ခန်းပေါင်း ၁၀၀ ကျော် ဆုံးရှုံး

ရန်ကုန်| ဧပြီ ၁၄

အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော မြို့ဖြစ်သည့် ရခိုင်ပြည်၊ မင်းပြားမြို့မဈေးအတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် ဈေးဆိုင်ခန်းပေါင်း ၁၀၀ ကျော် ဆုံးရှုံးသွားကြောင်း မင်းပြားမြို့ခံများက ပြောသည်၊

ဖြစ်စဉ်မှာ ဧပြီလ ၁၃ ရက်နေ့ ည ၁၀ နာရီကျော်လောက်မှာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး မင်းပြားမြို့ မြို့မဈေး ငပိတန်းမှ စတင်လောင်ကျွမ်းခြင်းဖြစ်ကာ ညဉ့် ၁ နာရီကျော်လောက်တွင် ပြန်လည် မီးငြိမ်းသွားကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ယခင် မင်းပြားမြို့မဈေးတွင် ဈေးရောင်းချသူတစ်ဦးက “မနေ့က ၁၀ နာရီကျော်လောက်မှာ စတင်ပြီး မီးလောင်တယ်လို့ သိရပါတယ်။ မြို့မဈေးက ကွမ်းတန်း၊ ငပိတန်း ပြီးတော့ အဝတ်ထုပ် ဆိုင်တန်းတွေ ပါသွားတယ်။ ဆိုင်ခန်းပေါင်း ၁၀၀ ကျော် မီးလောင်ရာမှာ ပါသွားပါတယ်။ အကုန်ပြာကျသွားတာပါ။ မီးက ၁ နာရီကျော်မှာ ငြိမ်းသွားတယ် “ဟုပြောသည်။

မင်းပြားမီးသတ်ဌာနက တာဝန်ရှိသူများနှင့် အာရက္ခတပ်တော်၏ ရဲတပ်ဖွဲ့ဝင်များ ဝိုင်းဝန်း မီးငြိမ်သတ်မှုကြောင့် ယနေ့ည သန်းခေါင်းယံ ၁ နာရီကျော်လောက်မှာ မီးငြိမ်းသွားခဲ့ကြောင့် သွားရောက်မီးငြိမ်သတ်ခဲ့သည့် မီးသတ်ဌာနက တာဝန်ရှိသူတစ်ဦးက ပြောသည်။

AA နှင့် စစ်ကောင်စီတို့ မင်းပြားမြို့နယ်အတွင်း တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီက မြို့ကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာကနေ ဈေးဆိုင်များကို စတင်ပိတ်လိုက်ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ဈေးအား ပြန်လည် ဖွင့်လှစ်ထားခြင်း မရှိကြောင်း မင်းပြားမြို့ခံများက ပြောသည်။

ယင်းနောက်ပိုင်းတွင် မင်းပြားမြို့ကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပြီးနောက် သတ်မှတ်ထားသည့်အချိန်မှ အပ မင်းပြားမြို့ကို AA က ဝင်ခွင့် ပိတ်ထားလိုက်ခြင်း ဖြစ်ကြောင်း မြို့ခံများက ပြောသည်။

မင်းပြားမြို့ မြို့မ မြို့ဖတစ်ဦးက “ရှို့မီးလို့ ကျနော်တို့ကတော့ ယူဆပါတယ်။ ဘာလို့လည်းဆိုတော့ မင်းပြားမြို့ကို ၉ နာရီဆိုရင် ဝင်ထွက်ခွင့် ပိတ်ထားပါတယ်။ မြို့ထဲအိမ်မှာ ရှိရင်တောင်မှ ၉ နာရီဆို အပြင်ထွက်ခွင့်မပြုပါဘူး။ ဈေးကို ဖွင့်ခွင့်မပေးဘဲ ပိတ်ထားတာလည်း ကြာနေပြီ။ ဘယ်သူမှလည်း ဝင်ခွင့်မပေးပါဘူး။ ဘယ်သူမှလည်း ရောင်းချခွင့် မပြုပါဘူး။ ကင်းဆိပ်ဈေးလောက်ပဲ မနက်ပိုင်းရှိတယ်”ဟုပြောသည်။

ပျက်စီး ဆုံးရှုံးမှု နည်းသွားခြင်းမှာ ဈေးအတွင်း ဆိုင်များ ဖွင့်ခွင့်မရ၍ တန်ဖို့ရှိ ပစ္စည်းများ အား ဈေးသည်များက ရွှေ့ပြောင်းထားမှုကြောင့် ဆုံးရှုံးမှု နည်းခြင်းရခြင်း ဖြစ်ကြောင်း ဈေးကော်မတီအဖွဲ့ဝင်ဟောင်း တစ်ဦးက ပြောဆိုသည်။

“တော်သေးလို့ဗျ။ ဈေးပိတ်ထားတော့ ဆုံးရှုံးမှုကလည်း အရမ်းနည်းသွားတယ်။ ဈေးထဲမှာလည်း တန်ဖို့ရှိတဲ့ ပစ္စည်းတွေကလည်း ရှိမနေဘူးလေ။ ပြီးတော့ မီးလောင်သွားတဲ့နေရာကလည်း သစ်သားတန်းရှိတဲ့ နေရာလည်းဖြစ်တယ်။ ပြီးတော့ အဲ့ဒီနေရာ ကျူးကျော်ဆိုင်ခန်းနေရာလည်းဖြစ်တယ်။ တော်သေးလို့ ဟိုဖက် အခြမ်းကို လောင်မသွားဘူး။ ဟိုဖက်ခြမ်းကို လောင်သွားရင် တန်ရှိတဲ့ ဆိုင်ခန်းတွေ အကုန်လုံး ပါသွားမှာ”ဟုပြောသည်။

အဆိုပါ မီးလောင်မှုသည် မင်းပြားမြို့မဈေး ငပိတန်းမှ စတင်လောင်ခြင်းသာ သိရပြီး မည်သည့် မည်ပုံ မီးလောင်မှုဖြစ်ပွားသည်ကို သီးခြားအတည်ပြု၍ မရရှိသေးပေ။

မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ AA က တာဝန်ရှိသူများကို မေးမြန်းနေဆဲ ဖြစ်သည်။

မင်းပြားမြို့သည့် နှစ်စဉ်နှစ်တိုင်း မီးလောင်မှုကြောင့် ဆိုင်ခန်းများ၊ နေအိမ်များ ဆုံးရှုံးလေ့ရှိပြီး နွေရာသီရောက်တိုင်း မီးလောင်မှုများကို ကာကွယ်ပြင်ဆင်မှုများ အားနည်းသောကြောင့် ပိုမို ဆုံးရှုံးရခြင်း ဖြစ်ကြောင်း မင်းပြားမြို့ခံများက ပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article