33 C
Yangon

မြ၀တီမြို့နယ်တွင် စစ်ဘေးရှောင်ကား ၁ စီး ပစ်ခတ်ခံရပြီး မိန်းကလေးငယ် ၂ ဦး သေဆုံးကာ မိဘ ၂ ဦးဒဏ်ရာရ

Must read

မြ၀တီမြို့နယ်တွင် စစ်ဘေးရှောင်ကား ၁ စီး ပစ်ခတ်ခံရပြီး မိန်းကလေးငယ် ၂ ဦး သေဆုံးကာ မိဘ ၂ ဦးဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၂၁

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် စစ်ဘေးရှောင်လာသည့်ကား ၁ စီး ပစ်ခတ်ခံရပြီး မိန်းကလေးငယ် ၂ ဦးသေဆုံးကာ မိဘ ၂ ဦးဒဏ်ရာရရှိကြောင်း မြ၀တီမြို့မှ ပြည်သူများက ပြောဆိုကြသည်။

ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်း အမှတ် ၂ ချစ်ကြည်ရေးတံတားအနီးတွင် တိုက်ပွဲများ အလွန်ပြင်းထန်နေချိန် ပြည်သူများက စစ်ဘေးရှောင်ရန် ထွက်လာကြကြောင်း၊ ထိုအချိန် စစ်ဘေးရှောင်ကားတစ်စီးသည် အရှိန်ဖြင့် မောင်းထွက်လာကြောင်း၊ ယင်းကားကို ပစ်ခတ်သဖြင့် ကားပေါ်ပါ အမျိုးသမီးငယ် ၂ ဦး သေဆုံးပြီး မိဘ ၂ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“အမှတ် ၂ တံတားမှာ တိုက်ပွဲတွေ ပြင်းထန်နေတာ့ စစ်ဘေးရှောင် ဖို့ ဦးကျော်စွာတို့ မိသားစုက ကားနဲ့ အတင်းမောင်းထွက်လာတာ။ အဲဒါ အပစ်ခံရတယ်။ ပစ်တာကတော့ ဘယ်အဖွဲ့က ပစ်တာလဲမသိရဘူး။ အဲဒီဘက်မှာက စစ်တပ်က အသားကုန် ပစ်နေတဲ့အချိန် ဖြစ်သွားတာ။ သေဆုံးတာ ဦးကျော်စွာရဲ့ ချွေးမ နဲ့ သမီး အငယ်မလေး ဆုံးတယ်။ ဦးကျော်စွာနဲ့ ဇနီးကတော့ ဒဏ်ရာရလို့ မဲဆောက်ဆေးရုံမှာ တင်ထားရတယ်။ ကလေးမလေး ၂ ဦးကတော့ ကားပေါ်မှာပဲ ပွဲချင်းပြီးဆုံးတာ။ အမှတ် ၂ တံတားနားမှာ ပစ်ခတ်ခံရပြီး သေဆုံးတဲ့ ပြည်သူတွေ အလောင်းတချို့လည်းရှီနေတယ်။ သွားကောက်လို့လည်းမရဘူး” ဟု မြ၀တီမြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီက ယမန်နေ့ တစ်ညလုံးမှ ယနေ့ နံနက်ပိုင်းအထိ တိုက်လေယာဉ်များ၊ Y12 လေယာဉ်များဖြင့် ဗုံးများကျဲချနေရာ ပြည်သူများ ထိခိုက်သေဆုံးမှုများ များပြားကြောင်း သိရှိရသည်။

“ပြည်သူတွေ လေယာဉ်နဲ့ ဗုံးကျဲတော့ ထိခိုက်သေဆုံးတာတွေရှိတယ်။ ဗုံးကျဲတဲ့အထဲကိုလည်း ဝင်မရတော့ ဘယ်လောက်သေသလဲ မသိရသေးဘူး။ အမှတ် ၅ ထဲမှာ မီးလောင်တဲ့အိမ်တွေနဲ့ သေဆုံးတဲ့အလောင်းတချို့ရှိတယ်ကြားတယ်။ ဘယ်သူမှ မသွားရဲသေးဘူး” ဟု စစ်ဘေးရှောင် ပြည်သူတစ်ဦးက ရှင်းပြသည်။

ယနေ့တွင် အမှတ် ၁ ချစ်ကြည်ရေးတံတားတွင် မြ၀တီမှ မဲဆောက်ဘက်သို့ ကူးမရတော့သဖြင့် မြ၀တီဘက်အခြမ်းတွင် ပြည်သူများ ပိတ်မိနေပြီး သောင်ရင်းမြစ်ကမ်းဘေးတွင်လည်း ပြည်သူရာချီ၍ ပိတ်မိနေကြကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် မြ၀တီမြို့မှ စစ်ဘေးရှောင် အမျိုးသမီးငယ် ၂ ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article