29.6 C
Yangon

လူထု ရွေးကောက်တင်မြှောက်ထားသော ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်ထံတွင် နိုင်ငံတော်၏အတိုင်ပင်ခံနှင့် သမ္မတ ရာထူးတာဝန်များ ဆက်လက်တည်တံ့နေသည်ကို တရုတ်နှင့် ထိုင်းနားလည်ရန် လိုအပ်

Must read

လူထု ရွေးကောက်တင်မြှောက်ထားသော ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်ထံတွင် နိုင်ငံတော်၏အတိုင်ပင်ခံနှင့် သမ္မတ ရာထူးတာဝန်များ ဆက်လက်တည်တံ့နေသည်ကို တရုတ်နှင့် ထိုင်းနားလည်ရန် လိုအပ်

By Igor Blazevic

ထိုင်းဒုတိယဝန်ကြီးချုပ် လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Pampee Bahiddha-Nukara ပြောတဲ့စကားတစ်ခွန်းကို ထိုင်းဝန်ကြီးချုပ် Sretthaက ပြန် တင်ထားတာက စိတ်ပျက်စရာပါ။ သူတို့ဟာ စစ်ဘီလူး လက်အောက်မှာ ၃ နှစ်ကျော်ခံစားနေရတဲ့ မြန်မာပြည်သူပြည်သားတွေရဲ့ စိတ်ခံစားချက်ကို ဒီထက်ပိုပြီး အလေးထားစဉ်းစားရင် ပိုကောင်းပါလိမ့်မယ်။

ဦးစွာပြောလိုတာကတော့ စစ်တပ်ဘက်ကနေ အပြုသဘောဆောင်တဲ့ ခြေလှမ်း လှမ်းလာတာမျိုး တစ်ခုမှ မရှိပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို ထောင်ထဲကနေ သူတို့အိမ်တွေရောက်အောင် ပြန်ပို့လိုက်တာလည်း မဟုတ်သေးပါ။ သူတို့ဟာ ခုချိန်ထိ စစ်အာဏာရှင်တွေရဲ့ လက်ထဲက ဓားစားခံ အကျဉ်းသားတွေ ဖြစ်နေတုန်းပါ။ သူတို့ကို နေရာရွှေ့တာ ထောင်တစ်ခုကနေ နောက်တစ်ခုစီကို ရွှေ့တာပါ။ ဒါပါပဲ။

စစ်အာဏာရှင်တွေ လုပ်နေတာက သူတို့ပြိုကျနေတာကို လူမသိအောင်၊ အရှက်ကွဲရတဲ့အလဲလဲအကွဲကွဲ ကျရှုံးမှုတွေကို လူတွေမကြားအောင် အာရုံလွှဲဖို့ ဝေဝါးစေမဲ့မီးခိုးဗုံးပစ်ထည့်လိုက်တာပါ။ စစ်တပ်ဟာ အဖက်ဖက်မှာ အက်ကြောင်းတွေ ထနေတယ်။ လူတွေ အာရုံလွှဲအောင် ဇာတ်ကြောင်းတွေလွှင့်ပြီး ဖုန်ထလာတဲ့အနောက်မှာ ပုန်းနေဖို့ ကြံတာပါ။

နောက်တစ်ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို “ ယခင်” ဆိုတဲ့ ရာထူးတွေနဲ့ ခေါင်းစဉ်တပ်ပြီးခေါ်တာဟာ စော်ကားတဲ့သဘော ထပ်ပါလာပါတယ်။ ချစ်ကြည်ရင်းနှီးပါတယ်ဆိုတဲ့ အိမ်နီးချင်းနိုင်ငံက နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ ကိုယ်သုံးမယ့် စကားကို ဒိထက်ဂရုတစိုက် ရွေးချယ်သင့်ပါတယ်။

တတိယအချက်ကတော့ ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် ဦးဝင်းမြင့် နှစ်ယောက်စလုံးဟာ “ ယခင် ခေါင်းဆောင်များ” ဆိုတဲ့ အသုံးအနှုန်းနဲ့ သင့်တော်သူတွေမဟုတ်ပါဘူး။ အာဏာသိမ်းခဲ့တဲ့ မင်းအောင်လှိုင်ကသာ ခေတ်မရှိတော့တဲ့ လူဟောင်းပါ။ သူ့ကို လူဟောင်းလို့ခေါ်ဖို့ သိပ်ပြီးကြာတော့မှာ မဟုတ်ပါဘူး။

မြန်မာပြည်သူပြည်သားတွေဟာ သူတို့ရဲ့ ရဲစွမ်းသတ္တိနဲ့ ဒုက္ခနဲ့ ရုန်းကန်တတ်တဲ့ ခံနိုင်ရည်ကို ပြခဲ့ကြပြီးပါပြီ။ သူတို့ကသာလျှင် ဘယ်သူက လူဟောင်းဖြစ်သွားမယ်ဆိုတာကို အဆုံးအဖြတ်ပေးမှာပါ။ သူတို့ကသာ မြန်မာပြည် အနာဂတ်ကို အဆုံးအဖြတ်ပေးမှာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ထိုင်းဒုဝန်ကြီးချုပ်နဲ့ ဝန်ကြီးချုပ်ဆီက ဒီလိုစကားမျိုးထွက်လာတာ အံ့သြစရာတော့ မဟုတ်ပါဘူး။ တရုတ်နဲ့ ထိုင်း (အာဆီယံ) တို့ဟာ ယမန်နှစ်နှစ်ကုန်ပိုင်းကတည်းက အင်မတန်ပြဿနာများတဲ့ သံတမန် ကစားပွဲကို ကစားနေကြပါတယ်။ စစ်တပ်က တိုက်ပွဲတွေ တစ်ပွဲပြီးတစ်ပွဲရှုံးလာတဲ့ အချိန်မှာ ဖြစ်လာတဲ့အရာတွေပါ။

တရုတ်နဲ့ ထိုင်းဟာ စစ်တပ်ကို အပြတ်အသတ် အနိုင်ရနေတဲ့သူလည်း မဖြစ်စေချင်သလို စစ်တပ်က ရှုံးသွားမှာကိုလည်း ကြောက်နေကြပါတယ်။ စစ်အာဏာရှင်တွေ ဘယ်လောက်ညံ့ဖျင်းတယ်ဆိုတာ ဘယ်လောက် လူမုန်းများပြီး အားနည်းလာတယ်ဆိုတာကိုလည်း မြင်ပါတယ်။ စစ်တပ်ဟာ တိုင်းပြည်ကို အလုံးစုံ မထိန်းထားနိုင်တော့ဘူးဆိုတာကိုလည်း နားလည်ကြပါတယ်။ ဒါပေမယ့် မြန်မာပြည်ကို စစ်တပ်ရဲ့ လွှမ်းမိုးစိုးပိုင်မှုမရှိဘဲ ဖြစ်နေမှာကိုလည်း စိတ်ကူးကြည့်လို့ ရဟန် မတူဘူး။မြန်မာ့ အိမ်နီးချင်းတွေဟာ စစ်တပ်ပြိုကျသွားမှာကို ကြောက်နေကြတယ်။

အဲဒီ အကြောင်းကြောင့်ပဲ သူတို့ဟာ စစ်တပ်ကို ပိုပြီး ပျော့ပျောင်းတယ်၊ ပူးပေါင်းဆောင်ရွက်ပါတယ် ဆိုတဲ့ ဘက် ရောက်လာဖို့ အတွက် ဆွဲဆောင်နေကြတယ်။ စစ်တပ်ကို ပိုပြီး လူလက်ခံချင်လာအောင် လုပ်ပေးဖို့ ဝိုင်းကြိုးစားနေကြတယ်။

မင်းအောင်လှိုင်ရဲ့ စစ်တပ်က တကယ်တော့ လူလက်ခံစရာလည်း မရှိသလို ယဉ်လာမည့် စစ်တပ်လည်း မဟုတ်ပါဘူး။ ဒါပေမယ့် အိမ်နီးချင်းနိုင်ငံတွေ ထင်နေသလို သူတို့ အားပျော့လာပြီး ရှေ့ကို ရပ်တည်နိုင်ဖို့တောင် အကြပ်အတည်းတွေ ကြုံနေရတာ၊ အပေးအယူတွေ လုပ်ဖို့ အသင့်အနေထားကို ရောက်လာတာကတော့ ဟုတ်ပါတယ်။

ဒါကြောင့်မို့လည်း ထိုင်းနဲ့ တရုတ်ဟာ စစ်တပ်က အပြုသဘောဆောင်တဲ့ ခြေလှမ်းလှမ်းနေပါပြီလို့ အကျယ်ကြီး ဝိုင်းချီးကျူးကြပါတယ်။ တကယ်တော့ ဘာအပြုသဘောမှဆောင်တဲ့‌ ခြေလှမ်းလည်းမဟုတ်ပါဘူး။ စစ်တပ်ရဲ့ အဖြစ်ဟာ ဝမ်းနည်း ပက်လက် ဖြစ်ရမယ့် အဖြစ်မျိုးပါ။ ညံ့လွန်းတဲ့ အကွက်တွေနဲ့ ထပ်ခါထပ်ခါ လိမ်ညာပြီး ကစားနေတဲ့ ပွဲပါ။

တရုတ်နဲ့ ထိုင်းဟာ မြန်မာပြည်က သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးကို စားပွဲဝိုင်းမှာ ညှိနှိုင်းစကားပြောကြဖို့ ဆွဲဆောင်နေကြသလို ဖိအားလည်းပေးချင်နေကြတယ်။

မြန်မာပြည်ရဲ့ အနာဂတ်နိုင်ငံရေးထဲကနေ တော်လှန်ရေးကို ထုတ်ပစ်ချင်ကြတယ်။ ပြည်သူ့တော်လှန်ရေးကြောင့် အောင်မြင်လာနိုင်တာတွေကို မယုံကြည်နေကြဘူး။ မြန်မာပြည်အတွက်သူတို့လိုချင်တာက နက်ရှိုင်းကြီးမားတဲ့ အပြောင်းအလဲတွေမဟုတ်ဘူး။ အပေါ်ယံ ပဲ။ စစ်တပ်ကို နိုင်ငံရေးကနေ ဖယ်ထုတ်ဖို့၊ မြန်မာပြည်ကို ဖယ်ဒရယ် ဒီမိုကရေစီနိုင်ငံတစ်ခုအဖြစ် အာဏာကို ခွဲဝေကျင့်သုံးကြဖို့အထိ အပြောင်းအလဲဆီကို သွားချင်နေတာ မဟုတ်ဘူး။

အိမ်နီးချင်းနိုင်ငံတွေ လိုချင်တာနဲ့ မြန်မာပြည်သူတွေ ဖြစ်စေချင်တာက မတူနေကြဘူး။ ဒီလို ရည်မျှော်တာတွေ မတူတာကြောင့်လည်း သူတို့ဟာ ဝင်ပြီးပွဲစားလုပ်နေတာပဲ။ အိမ်နီးချင်းတွေဟာ မြန်မာပြည်ကို ၂၀၁၁ လောက်က အခြေအနေမျိုး ပြန်သွားချင်ကြတယ်။ အဲဒီတုန်းက မြန်မာနိုင်ငံရေး အခင်းအကျင်းမှာ စစ်တပ်က ဗဟိုချက်မှာ ရှိတယ်။ လွှမ်းမိုးနိုင်တဲ့ အနေအထားမှာရှိတယ်။ ဒါပေမယ့် အိမ်နီးချင်းနိုင်ငံတွေဟာ ဗမာလူများစုကို နိုင်ငံရေးအရ ကိုယ်စားပြုနိုင်တဲ့ သူကိုလည်း လိုချင်တယ်။ NUG နဲ့ လူမျိုးစုတွေကို ကိုယ်စားပြုတဲ့ ERO တို့ကြားက မဟာမိတ်ဖြစ်ခြင်းကို ဖြိုခွဲပြီး သက်သက်စီတည်ရှိတဲ့ နိုင်ငံရေးအင်အားစုတွေ ဖြစ်စေချင်တယ်။

တရုတ်နဲ့ ထိုင်းဟာ မြန်မာနိုင်ငံရေးကို ၂၀၁၁ လောက်က အခင်းအကျင်းဖြစ်တဲ့ အီလစ်တွေ သုံးပွင့်ဆိုင် ညှိနှိုင်းပြီး သဘောတူချက်နဲ့ သွားတဲ့ နိုင်ငံရေးမျိုးပြန်လိုချင်တယ်။ ပြည်သူတွေရဲ့ တော်လှန်ရေးအောင်ပွဲကို မြင်ချင်တာ မဟုတ်ဘူး။ ဒါကြောင့်မို့ သူတို့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို နေရာပြောင်းတယ်ဆိုတဲ့ကိစ္စကို လိုသလိုပုံဖော် ဝင်ကစားပြီး စစ်တပ်ကို ဝင်ကူနေကြတာဖြစ်တယ်။ ဘာတစ်ခုမှ စစ်တပ်အနေနဲ့ အပြုသဘော ဆောင်တာမျိုး လုပ်မနေပေမယ့် အကောင်းဘက်ကို ရွေ့လာပါပြီဆိုတဲ့ အမြင်မျိုးကို တည်ဆောက်ပေးနေကြတယ်။

ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် အိမ်နီးချင်းတွေဟာ တော်လှန်ရေးအင်အားစုတွေအနေနဲ့ NUG နဲ့ EROs တို့ မဟာမိတ်ဖြစ်နေတာကို ပြည်သူ ချစ်ပြီး ကျော်ကြားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတည်ပြီး “elite pact” အီလစ်ဦးဆောင်တဲ့ နိုင်ငံရေးညှိနှိုင်းမှုနဲ့ အစားထိုးချင်နေပါ။ ဒီလိုလုပ်နေတာဟာ အလုပ်မဖြစ်ပါဘူး။

မင်းအောင်လှိုင်ဟာ ဘယ်တုန်းကမှလည်း မညှိတတ်ခဲ့သလို ခုလည်း ညှိတတ်တဲ့လူ မဟုတ်နေပါဘူး။ သူက နပိုလီယံလို စိတ်ကြီးဝင်မှုတွေ ရှိနေတုန်းပါ။ အကြမ်းဖက်မှုတွေ မုသာဝါဒတွေနဲ့ တိုင်းပြည်ကို ဖျက်ဆီးပစ်ခြင်းအားဖြင့် သူထိန်းချုပ်နိုင်မယ်လို့ ထင်နေတုန်းပါ။ သူကျဆုံးမယ့် အချိန်အထိ သူက ဒီလိုပဲ ဆက်သွားမှာပါ။

ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း စစ်အာဏာရှင်တွေ ဆက်ပြီးရှင်သန်နိုင်အောင် လုပ်ကြမယ့် ကစားကွက်ထဲမှာ ကိုယ့်ကိုယ်ကိုယ်ရုပ်သေးအဖြစ် အသုံးချခံဖို့ လက်ခံလိမ့်မယ်လို့ ထင်နိုင်စရာလည်း အင်မတန်နည်းပါတယ်။ မြန်မာပြည်သူတွေနဲ့ ဗမာရော လူမျိုးစုတွေရော ပါတဲ့ တော်လှန်ရေးအဖွဲ့တွေဟာ စစ်တပ်ကို ယုံလို့ ဘယ်လိုမှ မရဘူးဆိုတာကို နားလည်ခဲ့ပြီးသားပါ။ အခု စစ်တပ်ကို ကြိုးတန်းလမ်းလျှောက်နေရတဲ့ အနေအထား ရောက်အောင် သူတို့က ပို့နိုင်ခဲ့ပြီးမှတော့ သူတို့လက်ထဲမှာ ဒီအာဏာရှင်တွေကို ဖယ်ရှားနိုင်တဲ့ သမိုင်းဝင်အခွင့်အရေးကြီး ရှိနေပြီးသားဖြစ်ပါတယ်။ ဒါ့ကြောင့် စစ်တပ်ရဲ့ ဗိုလ်ကျမှုအောက်ကို နောက်တစ်ခါ ပြန်ဆင်းကြလိမ့်ဦးမယ်လို့ တွေးစရာအကြောင်းတော်တော်နည်းပါတယ်။

ခက်တာက မြန်မာနိုင်ငံပတ်လည်က အရေးကြီးတဲ့ အိမ်နီးချင်းနိုင်ငံတွေက မြန်မာနိုင်ငံရေးကို အရင်လို့ သုံးပွင့်ဆိုင်က အီလစ်အချင်းချင်းညှိနိုင်ရင်အလုပ်ဖြစ်မယ်လို့ ထင်နေတာပါပဲ။ တရုတ်၊ ထိုင်း အစရှိတဲ့နိုင်ငံတွေဟာ ဒီလမ်းကိုပဲ ကိုယ့်နည်းကိုယ့်ဟန် ဆက်ကြိုးစား နေကြတာပါ။ ဒီလိုလုပ်ခြင်းအားဖြင့် သူတို့ဟာ မြန်မာနိုင်ငံရဲ့ ပဋိပက္ခကို သက်ဆိုးရှည်အောင် ဆွဲဆန့်နေကြသလို ဖြစ်နေပါတယ်။ ပြည်သူတွေရဲ့ နာကျင်မှုဟာလည်း ပိုပြီး နက်ရှိုင်းလာစရာပဲရှိပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article