27 C
Yangon

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့တွင် လက်ရှိ ရာထူးတာဝန်များ တည်မြဲနေဆဲဖြစ်ပြီး မြန်မာပြည်သူများ၏ ဆန္ဒကို လေးစားရန် အရပ်ဘက်အဖွဲ့ ၃၁၂ ခုက ထိုင်းအစိုးရကို တောင်းဆို

Must read

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့တွင် လက်ရှိ ရာထူးတာဝန်များ တည်မြဲနေဆဲဖြစ်ပြီး မြန်မာပြည်သူများ၏ ဆန္ဒကို လေးစားရန် အရပ်ဘက်အဖွဲ့ ၃၁၂ ခုက ထိုင်းအစိုးရကို တောင်းဆို

ရန်ကုန်၊ ဧပြီ ၂၁

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့တွင် လက်ရှိ ရာထူးတာဝန်များ ဆက်လက် တည်မြဲနေဆဲဖြစ်ပြီး မြန်မာပြည်သူများ၏ ဆန္ဒကို လေးစားရန် မြန်မာ၊ ထိုင်းနှင့် နိုင်ငံတကာ အရပ်ဘက်အဖွဲ့ ၃၁၂ ခုက ထိုင်းအစိုးရထံသို့ အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုတိုက်တွန်းလိုက်သည်။

ထိုင်းနိုင်ငံ ဒု၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေး၀န်ကြီး Parnpree Bahiddha-Nukaraထံသို့ ပေးပို့သော အိတ်ဖွင့်ပေးစာတွင် ဧပြီလ ၁၇ ရက်နေ့ မြန်မာနိုင်ငံဆိုင်ရာ ထုတ်ပြန်ချက်တွင် “ယခင်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ယခင်သမ္မတ ဦးဝင်းမြင့်တို့အား အကျဉ်းထောင်မှ ၎င်းတို့၏ နေအိမ်များသို့ ပြောင်းရွှေ့ပေးသည် ဆိုသည့်သတင်းများသည် နိုင်ငံတကာအသိုင်းအဝိုင်း၏ စိုးရိမ်ပူပန်မှုများကို တုန့်ပြန်ရာတွင် အပြုသဘောဆောင်သည့် ခြေလှမ်းတစ်ရပ်အဖြစ်” ထိုင်းအစိုးရက ကြိုဆိုသည်ဟု ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းထုတ်ပြန်ချက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရာထူးတာဝန်အား “ယခင်နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်” ဟုလည်း ကောင်း၊ ဦးဝင်းမြင့်၏ ရာထူးတာဝန်အား “ယခင်သမ္မတ” ဟုလည်းကောင်း ရည်ညွှန်းရေးသားမှုအပေါ် စိုးရိမ်ပူပန်ကြောင်း ၊ ၎င်းတို့၏ ရာထူးတာဝန်များကို “ယခင်” ဟု ရည်ညွှန်းသုံးစွဲခြင်းဖြင့် ထိုင်းနိုင်ငံသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့အား ၎င်းတို့၏ ရာထူးတာဝန်များမှ ဖယ်ရှားရန် ကြိုးပမ်းနေသည့် စစ်တပ်၏ တရားမဝင် အာဏာသိမ်း ကြိုးပမ်းမှုကို ထောက်ခံအတည်ပြုပေးခြင်းဖြစ်ကြောင်း အရပ်ဘက်အဖွဲ့များက ထောက်ပြကြသည်။

ထိုင်းအစိုးရ၏ ထုတ်ပြန်ချက်သည် အာဆီယံ၏ ရပ်တည်ချက်များ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေးအပေါ် ဆုံးဖြတ်ချက် အမှတ်၂၆၆၉ တို့နှင့် ကွဲလွဲနေကြောင်း ၊ အာဆီယံအတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အာဆီယံညှိနှိုင်းရေးကောင်စီတွင် အဖွဲ့ဝင်အဖြစ် ဆက်လက်စာရင်းသွင်းထားသည့်အပြင် အာဆီယံအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အား “ယခင်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်” အဖြစ် မည်သည့်နေရာတွင်မှ ရည်ညွှန်းထားခြင်း မရှိကြောင်း၊ နိုင်ငံရေးအကျဉ်းသားများနှင့်အတူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အား တရားဥပဒေမဲ့ ဆက်လက်ဖမ်းဆီး ချုပ်နှောင်ထားမှုအပေါ် အလေးအနက် စိုးရိမ်ပူပန်ကြောင်း ဖော်ပြထားသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၆၉၉ တွင်လည်း ၎င်းတို့၏ ရာထူးတာဝန်များကို “ယခင်” ဟူ၍ ရည်ညွှန်းဖော်ပြခြင်း မရှိကြောင်း၊ ထို့အတူ ယခင်ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များတွင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ရာထူးများကို “ယခင်” ဟူ၍ ရည်ညွှန်းဖော်ပြခဲ့ခြင်း မရှိကြောင်း အရပ်ဘက်အဖွဲ့များက ထောက်ပြကြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့၏ ရာထူးများကို ဖော်ပြရာတွင် “ယခင်” ဟူသော အသုံးအနှုန်းကို ပယ်ချကြောင်း၊ ယင်းသို့သုံးနှုန်းခြင်းသည် ဒီမိုကရေစီမူများနှင့် ဆန့်ကျင်နေသလို မြန်မာစစ်တပ်၏ တရားမ၀င် အာဏာသိမ်းကြိုးပမ်းမှုကို ငြင်းပယ်သော မြန်မာလူထု၏ဆန္ဒကို ဆန့်ကျင်ရာလည်းရောက်ကြောင်း၊ မြန်မာနိုင်ငံ၏ ကြားကာလ တရားဝင်အစိုးရ ဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရတွင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်လည်းကောင်း၊ ဦးဝင်းမြင့်သည် သမ္မတအဖြစ်လည်းကောင်း ရာထူး တာဝန်များတွင် ဆက်လက်ရှိနေဆဲ ဖြစ်ကြောင်း အရပ်ဘက်အဖွဲ့များ၏ အိတ်ဖွင့်ပေးစာတွင် ရေးသားထားသည်။

ထိုင်းအစိုးရ၏ ထုတ်ပြန်ချက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်၏ ရာထူးတာဝန်များကို “ယခင်” ဟု ဖော်ပြသုံးနှုန်းခြင်းသည် စစ်အုပ်စု၏ မှားယွင်းသောဇာတ်ကြောင်းကို အားဖြည့်ကူညီပေးခြင်းဖြစ်ပြီး၊ ဒေသတွင်း လူသားလုံခြုံရေးအပေါ်တွင်လည်း သက်ရောက်မှုရှိသည့် စစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများအား ဆက်လက်ကျူးလွန်နိုင်ရန် ရဲဆေးတင်ကူညီပေးခြင်းသာ ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့၏ ရာထူးတာဝန်များကို “ယခင်” ဟု ဖော်ပြချက်အား ပြန်လည်ရုပ်သိမ်းရန်နှင့် စစ်အုပ်စုကို မြန်မာနိုင်ငံ၏ အစိုးရအဖြစ် တရားဝင်မှု ပေးအပ်မည့် မည်သည့်လုပ်ရပ်ကိုမဆို ရပ်တန့်ရန် အရပ်ဘက်အဖွဲ့များက တိုက်တွန်းသည်။

ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတတို့ကို အကျဉ်းထောင်မှ နေရာပြောင်းရွှေ့သည်ဟု ဆိုခြင်းသည် နယ်မြေထိန်းချုပ်မှုများ မကြုံစဖူးလောက်အောင် အလျင်အမြန် လက်လွှတ်ဆုံးရှုံးနေရသည့် မြန်မာစစ်တပ်သည် နိုင်ငံတကာအသိုင်းအဝိုင်းအား အလျော့ပေးဟန်ဆောင်သည့် နည်းဗျူဟာကို ယခင်ကာလများ ကတည်းက အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာစစ်တပ်၏ အာဏာသိမ်းကြိုးပမ်းမှုနှင့် ၎င်းတို့ကို တရားဝင်ဖြစ်စေမည့် မည်သည့်ခြေလှမ်းများကိုမဆို ပြင်းပြင်းထန်ထန် ငြင်းပယ်ကြောင်း ၊ နှစ်ကာလရှည်ကြာစွာ ပြစ်ဒဏ်မှကင်းလွတ်နေသော မြန်မာစစ်တပ် သည် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုများအတွက် နိုင်ငံတကာ ဥပဒေအောက်တွင် တာဝန်ခံရမည် ဖြစ်ကြောင်း အရပ်ဘက်အဖွဲ့များက ဝေဖန်ထောက်ပြထားသည်။

ထိုင်းအစိုးရအနေဖြင့် မြန်မာပြည်သူများ၏ ဆန္ဒကို လေးစားလိုက်နာရန်၊ စစ် တပ်၏ တရားမဝင်အာဏာသိမ်းကြိုးပမ်းမှုကို ပယ်ချရန်၊ ဖက်ဒရယ်ဒီမိုကရေစီအတွက် ရုန်းကန် ကြိုးပမ်းမှုကို ပံ့ပိုးကူညီရန် ထိုင်းနှင့်မြန်မာ အရပ်ဘက်လူမှုအဖွဲ့အစည်းများက တိုက်တွန်းထားသည်။

ဓာတ်ပုံ- ၂၀၁၆ ခုနှစ် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သော “Myanmar, ASEAN and the World” ဟောပြောပွဲ တက်ရောက်ခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article