34 C
Yangon

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မိုင်နွဲ့ရွာကို စစ်တပ်က ထပ်မံမီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၀၀ နီးပါး ရွာလုံးကျွတ် ပြာကျ

Must read

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မိုင်နွဲ့ရွာကို စစ်တပ်က ထပ်မံမီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၀၀ နီးပါး ရွာလုံးကျွတ် ပြာကျ

ရန်ကုန်၊ ဧပြီ ၂၄

ချင်းပြည်နယ်၊တီးတိန်မြို့နယ်၊ မိုင်နွဲ့ရွာကို စစ်ကောင်စီတပ်က မနေ့ မနက်ပိုင်းမှာ ဒုတိယအကြိမ် ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူတွေက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုပါတယ်။

ကလေးမြို့နယ်မှ စစ်ကောင်စီစစ်ကြောင်းက ဧပြီ ၂၁ ရက်နေ့က ပထမအကြိမ် မိုင်နွဲ့ကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့ပြီး မနေ့မှာ ဒုတိယအကြိမ် ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း စစ်ကောင်စီစစ်ကြောင်းရဲ့ နှစ်ကြိမ်မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၂၀၀ ဝန်း ကျင် ရှိတဲ့ မိုင်နွဲကျေးရွာမှာ နေအိမ်အားလုံးနီးပါး မီးလောင်ကျွမ်းခဲ့ကြောင်း သိရှိရပါတယ်။

စစ်ကောင်စီတပ်က ကလေးမြို့နယ် မြောက်ပိုင်း ပျဥ်းခုံကြီး၊ ပျဥ်းခုံလေး၊ ဟံသာ၊ ကံသာ၊ ယောင်ချိုကွင်း ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး ရွာတွေကို မီးရှို့ဖျက်ဆီးနေတာဖြစ်ပါတယ်။ နေအိမ်တွေကို မီးမရှို့ခင်မှာ ပရိဘောဂပစ္စည်းတွေအပါအဝင် နေအိမ်ကပစ္စည်းတွေကို ကားနဲ့သယ်ယူကြတယ်လို့လည်း မျက်မြင်ဒေသပြည်သူတွေက ပြောဆိုပါတယ်။

ဧပြီလ ၁၉ ရက်နေ့ကလည်း စစ်ကောင်စီစစ်ကြောင်းဟာ မိုင်နွဲ့ကျေးရွာအနီး ကလေးမြို့နယ်ထဲက ယောက်ချိုကွင်းရွာကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

ကလေးမြို့နယ် မြောက်ပိုင်း ပျဉ်းခုံကြီးရွာမှ ခရစ်ယာန်ဘုရားကျောင်း ၅ ကျောင်းအပါအဝင် အိမ်ခြေ ၄၀၀ ကျော်ကိုလည်း ခုဧပြီလဒုတိယ သတင်းပတ်မှာ စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ပျဥ်းခုံကြီးကျေးရွာမှာ ခရစ်ယာန်ဘာသာကို ကိုးကွယ်ယုံကြည်တဲ့ ချင်းလူမျိုးတွေ အများစုနေထိုင်တဲ့ကျေးရွာဖြစ်ပြီး ကျေးရွာမှာရှိတဲ့East Baptist Church ၊ West Baptist Church ၊Wesleyan Church ၊Believer Church နဲ့ Church Of the Rock ခရစ်ယာန်ဘုရားကျောင်းတွေကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီစစ်ကြောင်းက ပျဥ်းခုံကြီးကျေးရွာကနေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုမလုပ်ခင်မှာ နေအိမ်က အဖိုးတန်ပစ္စည်းတွေကို ကားတွေနဲ့တင်ပြီး ယူဆောင်ကြတယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။ ကျေးရွာကနေအိမ်တွေကို မီးရှိူ့ဖျက်ဆီးရာမှာ မီးမလောင်ကျွမ်းနိုင်တဲ့ အချို့တိုက်အိမ်တွေကို မြေကော်စက်နဲ့ ဖျက်ဆီးခဲ့ကြတယ်လို့လည်း သိရပါတယ်။

ကလေးမြို့နယ် မြောက်ပိုင်း၊ အိမ်ခြေ ၃၂၈ လုံးရှိတဲ့ ပျဉ်းခုံလေးကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က မတ်လ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ၃ ရက်ဆက် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် လူနေအိမ်ခြေ ၂၁၉ လုံး မီးလောင်ပျက်စီးခဲ့ရပါတယ်။

ဓာတ်ပုံ- စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်းမှ ကျေးရွာတစ်ခုကို မီးရှို့ဖျက်ဆီးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article