30 C
Yangon

သျှမ်းပြည်တပ်မတော် နှစ် ၆၀ ပြည့် အခမ်းအနား ကျင်းပပြုလုပ်ပြီး မဟာမိတ် AA ဘက်မှ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် တက်ရောက်

Must read

သျှမ်းပြည်တပ်မတော် နှစ် ၆၀ ပြည့် အခမ်းအနား ကျင်းပပြုလုပ်ပြီး မဟာမိတ် AA ဘက်မှ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် တက်ရောက်

ရန်ကုန်| ဧပြီ ၂၄

သျှမ်းပြည်တပ်မတော် SSA တည်ထောင်ခြင်း နှစ် ၆၀ ပြည့်အခမ်းအနားကို ယနေ့ ကျင်းပပြုလုပ်စဉ် အာရက္ခတပ်တော် AA ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

သျှမ်းပြည်တပ်မတော် SSA နှစ် ၆၀ ပြည့်အခမ်းအနားကို SSPP/SSA ဌာနချုပ်ဖြစ်သည့် ရှမ်းပြည်နယ် ကျေးသီးမြို့နယ် ဝမ်ဟိုင်းတွင် ကျင်းပခဲ့ပြီး မိတ်ဖက်အဖြစ် ဂုဏ်ပြုသည့်အနေဖြင့် ဒေါက်တာညိုထွန်းအောင်က တက်ရောက်ခဲ့ခြင်းဖြစ်သည်။

အခမ်းအနားသို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တို့က သဝဏ်လွှာ ပေးပို့ခဲ့ပြီး အာရက္ခတပ်တော် (ULA/AA) ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။

“၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း အပြောင်းအလဲ ရှိခဲ့သလို ၂၀၂၃ က “၁၀၂၇ စစ်ဆင်ရေး”ကာလ အပြီးမှာလည်း စစ်ရေး၊ နိုင်ငံရေး အပြောင်းအလဲတွေ အများကြီး ရှိခဲ့ပါတယ်။ ပြောင်းလဲလာတဲ့ နိုင်ငံရေး ရေစီးကြောင်းနဲ့အတူ ကိုယ့်လူမျိုး၊ ကိုယ့်ဒေသအတွက် အကျိုးဖြစ်ထွန်းတဲ့ အခြေအနေ အချိန်အခါ ပေါ်မှာ မူတည်ပြီး SSPP/SSA နဲ့ သျှမ်းပြည်သူလူထုအနေနဲ့ အဖွဲ့အစည်းရဲ့ ရည်မှန်းချက်တွေ ဒီထက်ပိုပြီးမှပဲ ပြည့်ဝနိုင်ပါစေ”ဟု ဆိုသည်။

အခမ်းအနားတွင် SSPP/SSA နာယက ဗိုလ်ချုပ်ကြီး ဆေထင် ကလည်း အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဗိုလ်မှူးစိုင်းဖုန်းဟန်က သျှမ်းပြည်တပ်မတော် SSA ဖြတ်သန်းလာခဲ့သည့် သမိုင်းဖြစ်စဉ်များကို ဖတ်ကြားခဲ့သည်။

SSPP/SSA တပ်ဖွဲ့အနေဖြင့် နယ်ချဲ့စနစ်၊ အာဏာရှင်စနစ်နှင့် အရင်းရှင်စနစ်တို့ကို တိုက်ဖျက်ပြီး မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော ကိုယ့်လူမျိုးရေးဝါဒတို့ကိုလည်း ဆန့်ကျင်ကာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ဆက်လက်လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း အခမ်းအနားတွင် ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောဆိုသွားခဲ့သည်။

၁၉၅၈ ခုနှစ် မေလ ၂၁ ရက်မှ စတင်ခဲ့သည့် သျှမ်းလက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်တွင် တကွဲတပြားဖြစ်နေသည့် သျှမ်းတပ်များကို ၁၉၆၄ ခုနှစ် ဧပြီလ ၂၄ ရက်တွင် စုစည်း၍ မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတဖြစ်သူ ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်၏ မဟာဒေဝီ စဝ်နန်းဟိန်းခမ်းအား နာယကအဖြစ် တင်မြောက်ပြီး သျှမ်းပြည်တပ်မတော် (Shan State Army – SSA) ဟူ၍ တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article