30 C
Yangon

ရခိုင်ပြည်နယ်ရှိ မြို့နယ် ၄ ခုတွင် AA နှင့် စစ်တပ်တို့ တိုက်ပွဲ ပြင်းထန်နေ

Must read

ရခိုင်ပြည်နယ်ရှိ မြို့နယ် ၄ ခုတွင် AA နှင့် စစ်တပ်တို့ တိုက်ပွဲ ပြင်းထန်နေ

ရန်ကုန်၊ ဧပြီ ၂၅

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ သံတွဲမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ် တို့တွင် အာရက္ခတပ်တော် AA နှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ပြင်းထန်လျှက်ရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

သံတွဲမြို့နယ် ၊ ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ် ဒေသတို့တွင် တိုက်ပွဲများ ယခု ရက်ပိုင်းအတွင်း နေ့စဉ် ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှု များပြားကြောင်း သိရှိရသည်။

ဘူးသီးတောင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၅၆၅ တပ်ရင်းကို AA က ဧပြီလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းတွင် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲများ ယနေ့ထိ ပြင်းထန်နေကြောင်း သိရသည်။

မောင်တောမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်ရင်း၊ တပ်ဖွဲ့နှင့် နယ်ခြားစောင့်စခန်းများကိုလည်း AA က ယခု ရက်ပိုင်းအတွင်း အရှိန်မြှင့် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး မင်္ဂလာကြီးကျေးရွာအနီးရှိ အကြမ်းဖက် စစ်တပ်၏ နယ်ခြားစောင့် တပ်စခန်းကို ဧပြီလ ၂၄ ရက်နေ့တွင် AA က သိမ်းပိုက်ရရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ထို့ပြင် မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင်နယ်ခြားစောင့်ဌာနချုပ်အနီး အောင်မင်္ဂလာနယ်ခြားစောင့်စခန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဧပြီလ ၂၃ ရက်နေ့ မွန်းလွဲပိုင်းတွင် လက်နက်ချအညံ့ခံ၍ AA က သိမ်းပိုက်ခဲ့ကြောင်း သတင်းထွက်ပေါ်နေကြောင်း၊ အောင်မင်္ဂလာ နယ်ခြားစောင့်စခန်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂၀ ကျော်ခန့်ရှိပြီး လက်နက်ခဲယမ်းများနှင့်အတူ အညံ့ခံစဉ် အကြမ်းဖက် စစ်တပ်၏ နတ်မြစ်ဝရှိ နေဗီက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး လေကြောင်းကလည်း ဗုံးကျဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သံတွဲမြို့နယ် ဒေါ်မြရွာ၊ ပုရစ်၊ ရေကောက်ကျေးရွာတို့အနီးတစ်ဝိုက်တွင်လည်း AA နှင့် ရခိုင်တပ်တော်တို့ ဧပြီလ ၂၂ ရက်နေ့က စတင်ပြီး တိုက်ပွဲများ ဖြစ်ပြီးနေကာ လက်ရှိချိန်ထိ တိုက်ပွဲများပြင်းထန်နေပြီး ယနေ့တွင်လည်း နှစ်ဖက် ထိတွေ့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း သိရှိရသည်။

ဒေါ်မြရွာ၊ ပုရစ်ရွာ၊ ရေကောက်ရွာ၊ ရွှေလှေရွာနှင့် သူဌေးရေအား လျှပ်စစ်စီမံကိန်းရှိရာနေရာတို့သည် ၁၅ မိုင်ပတ်လည်တွင် ရှိကြပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် တစ်လကျော်ကစ၍ စီမံကိန်း ဧရိယာအတွင်း လက်နက်ကြီးများတပ်ဆင်ကာ တပ်စွဲနေရာယူထားခြင်းကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း ခရီးသည်တင်ကား ၁ စီးသည် တောင်ကုတ်-သံတွဲကား လမ်းအတိုင်း ဒေါ်မြကျေးရွာအနီး ဖြတ်သန်းသွားစဉ် အကြမ်းဖက် စစ်တပ်က ပစ်ခတ်ခြင်းကြောင့် ယာဉ်မောင်း ပွဲချင်းပြီး သေဆုံးပြီး ကားပေါ်လိုက်ပါလာသည့် ပြည်သူ ၅ ဦးထက်မနည်း ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အတွက် အရေးပါသော ကဇူကိုင်းရွာအနီး တောဟိန်း တောင်ဗျူဟာကုန်းကို AA က ပြီးခဲ့သည့် လပိုင်းကစတင်၍ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲများ ပြင်းထန်နေကာ အကြမ်းဖက် စစ်တပ်ကလည်း လေကြောင်း ပစ်ကူပေးခြင်း၊ လက်နက်ကြီးပစ်ခတ်တို့ကို ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။

ထို့ပြင် အမ်းမြို့ မကျရှုံးစေရေးအတွက် အကြမ်းဖက် စစ်တပ်သည် တပ်အင်အားဖြည့်ခြင်း၊ လက်နက်အင်အား ဖြည့်တင်းခြင်းတို့ကို ပိုမိုလုပ်ဆောင်နေပြီး AA က အမ်းရှိ စစ်ကောင်စီတပ်ရင်းများကို လက်နက်နှင့် ရိက္ခာဖြတ်တောက်သည့်အနေဖြင့် အမ်း-ပဒါန်းလမ်းမကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားကြောင်း သိရှိရသည်။

မြေပုံမြို့မှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်ပြန်ဆုတ်ခွာသွား၍ မြေပုံမြို့ကို AA က မတိုက်ခိုက်ဘဲ သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ သို့သော်လည်း မြေပုံမြို့နယ်အတွင်း အမ်းမြို့နယ်ရှိ စစ်ကောင်စီ တပ်ရင်းများမှ အကာအကွယ်ပေးထားသော စစ်ကောင်စီတပ်ရင်းများကို AA က တိုက်ခိုက်သိမ်းပိုက်နေကြောင်း သိရသည်။

မြေပုံမြို့နယ်အတွင်း ကျန်ရှိနေသေးသော အကြမ်းဖက် စစ်တပ် တပ်ရင်းများထဲမှ ပွိုင့် ၂၅၃ စစ်စခန်းကို AA က ဧပြီလ ၁၀ ရက်နေ့တွင် ထိုးစစ်ဆင်တိုက်ခဲ့ပြီး ၁၄ ရက်အကြာတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ပွိုင့် ၂၅၃ စစ်စခန်းသည် မြေပုံမြို့နယ် စညှင်းကျေးရွာ အရှေ့ဘက် တစ်မိုင်အကွာတွင် တည်ရှိပြီး အကြမ်းဖက် စစ်တပ်၏ ရှေ့တန်းအမှတ် ၅ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်အောက်တွင်ရှိသော နည်းဗျူဟာအမှတ် ၃ စခန်း ဖြစ်ကြောင်း သိရှိရသည်။

အာရက္ခတပ်တော် AA ၏ ထိုးစစ်တိုက်ခိုက်မှုသည် ရခိုင်တောင်ပိုင်း သံတွဲမြို့နယ်အထိ ကျယ်ပြန့်လာပြီး မကြာခင် အဆုံးအဖြတ်ပွဲကြီးကို ဆင်နွှဲတော့မည်ဟု AA စစ်ဦးစီးချုပ်က ပြောဆိုထားပြီး ရခိုင်ပြည်အတွင်း လက်နက်ချ အညံ့မခံသော စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့၊ ဌာနချုပ်များအားလုံးကို ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဟု AA က သတိပေးထားကာ ရခိုင်ပြည်တွင် AA ကလွဲ၍ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမှ မရှိရဟု ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article