စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာရှိ အမှတ် ၆၀၀၅ တင့်ကားတပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
ရန်ကုန်၊ မေ ၇
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၆၀၀၅ တင့်ကားတပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မေလ ၅ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာရှိ အမှတ် ၆၀၀၅ တင့်ကားတပ်ရင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ နေထိုင်ရာ အဆောက်အဦး ဘေးကို ကျရောက်ပေါက်ကွဲခဲ့ကာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အတည်မပြုနိုင်သေးကြောင်း သိရသည်။
“စစ်ခွေး သေစာရင်းတော့ မသိရသေးဘူး။ အထိအခိုက် ရှိနိုင်ပေမယ့် သတင်းမရသေးဘူး” ဟု ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း ၄၀ မမ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Phoenix _Sagaing၊ ကြောင်လက်သည်း (ဝက်လက်) ၊ Young Wolf (L.P.D.F) ၊ တောတွင်း တွတ်ပီ(L.P.D.F) ၊ စစ်ကိုင်းခရိုင် အမှတ် ၇ တပ်ရင်း ၊ ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့၊ Royal Falcon Guerrilla Forceနှင့် နယ်မြေခံ ပကဖ များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

