24.9 C
Yangon

လောင်းလုံးမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော တာဝါတိုင်စခန်းကုန်း၊ ထွေအုပ်ရုံးနှင့် မြို့နယ်ရဲစခန်းတို့ကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁၇ ဦးသေဆုံးပြီး PDF ရဲဘော် ၃ ဦး ကျဆုံး

Must read

လောင်းလုံးမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော တာဝါတိုင်စခန်းကုန်း၊ ထွေအုပ်ရုံးနှင့် မြို့နယ်ရဲစခန်းတို့ကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁၇ ဦးသေဆုံးပြီး PDF ရဲဘော် ၃ ဦး ကျဆုံး

ရန်ကုန်၊ မေ ၁၄

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော တာဝါတိုင်စခန်းကုန်း၊ ထွေအုပ်ရုံးနှင့် မြို့နယ်ရဲစခန်းတို့ကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၁၇ ဦးသေဆုံးပြီး PDF ရဲဘော် ၃ ဦး ကျဆုံးခဲ့ကြောင်း လောင်းလုံး PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၉ ရက်နေ့ နံနက် ၆ နာရီခန့်မှ စတင်ကာ လောင်းလုံးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော လက်ခတ်တောင် တာဝါတိုင် စခန်းကုန်း၊ ထွေအုပ်ရုံးနှင့် မြို့မရဲစခန်းတို့ကို PDF တပ်ဖွဲ့များက တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ကြည်း၊ ရေ၊ လေ ဖြင့် ပစ်ကူများဖြင့် အပြင်းအထန် ခုခံ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လက်ခတ်တောင်တာဝါတိုင် စခန်းကုန်းကို PDF ရဲဘော်များ ဝင်ရောက် တိုက်ခိုက်စဉ် တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၆ ဦးသေဆုံးကာ ၄ ဦး ထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲ ဖြစ်ပွားစဉ်အတွင်း အကြမ်းဖက် စစ်တပ်ဘက်၏ ရေတပ် စစ်သင်္ဘောများကလည်း အနောက်ဘက် ပင်လယ်ပြင်မှ ဝင်ရောက်ကာ လက်နက်ကြီးများဖြင့် အချက်ရေး ပေါင်းများစွာ ပစ်ကူပေးခဲ့ပြီး လေကြောင်းမှလည်း ဂျက်ဖိုက်တာ ၁ စီး၊ စစ်ရဟတ်ယာဉ် ၂ စီးတို့ဖြင့် ပစ်ခတ် စစ်ကူပေးခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲသည် နံနက် ၁၁ နာရီ ၃၀ မိနစ်အထိ ၅ နာရီခွဲခန့် ကြာမြင့်ခဲ့ပြီး PDF ရဲဘော် ၁ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး ရဲဘော် ၅ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုကို လောင်းလုံး (ပကဖ) နှင့် ထားဝယ်ခရိုင် တပ်ရင်း(၁) T1 ၊ Guerrilla Dawei ဖယ်ဒရယ်ဓူဝံတပ်ဖွဲ့ တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ လောင်းလုံးမြို့အတွင်းရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ထွေအုပ်ရုံး နှင့် မြို့မရဲစခန်းကိုလည်း နံနက် ၆ နာရီခန့်မှစတင်ကာ PDF ရဲဘော်များက လက်နက်ကြီးများဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ရဲစခန်းအတွင်း ၆၀ မမ ၁ လုံး နှင့် ၄၀ မမ ဗုံးသီး ၅ လုံး ကျရောက် ပေါက်ကွဲကာ ရဲ ၄ ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ထွေအုပ်ရုံးအတွင်းကိုလည်း ၄၀ မမ ဗုံးသီး ၃ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်သား ၃ ဦး ထပ်မံသေဆုံးကာ ထိခိုက် ဒဏ်ရာ ရသူတချို့ရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲ ဖြစ်ပွားနေစဉ် အတွင်း အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်၏ နယ်မြေခံ ပျူစောထီး အဖွဲ့ဝင်များ၏ သတင်းပေးချက်အရ PDF ရဲဘော်များရှိရာ နေရာကို စစ်ကြောင်းထိုး ဖောက်ထွက်လာသော အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ အနီးကပ် ထပ်မံ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံးကာ PDF ရဲဘော် ၂ ဦး ကျဆုံးပြီး ၃ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းထိတွေ့ တိုက်ပွဲသည် မွန်းလွဲ ၁ နာရီထိ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံး (ပကဖ) တပ်စု ပေါင်းစုံ ၊ ဒေါင်းညီနောင်စစ်ကြောင်း၊ သရက်ချောင်း(ပကဖ) နှင့် နွေဦးပြောက်ကျားတပ်ဖွဲ့၊ Student Revolutionary Force တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“တိုက်ပွဲ ဖြစ်ပွားပြီး ၁ နာရီလောက် ကြာပြီးတာနဲ့ စစ်ခွေးတွေရဲ့ ရေကြောင်း စစ်သင်္ဘောက အချက်ရေပေါင်းများစွာ ပစ်ကူခဲ့ပါတယ်။ တာဝါတိုင်စခန်းနဲ့ မြို့တွင်း စခန်းတွေကိုက တပြိုင်တည်း တိုက်တာပါ။ အသာစီး အနေအထားဖြစ်နေရာကနေ လေကြောင်းက ပထမ ဂျက်ဖိုက်တာ ဗုံးကျဲပြီး ရဟတ်ယာဉ်ကပါ လာရောက် ဗုံးကျဲနေတော့ ကျွန်တော်တို့ ဆုတ်လိုက်ရတာပါ။ လောင်းလုံးမြို့ထဲ ပထမဆုံး စစ်ခွေးတွေဘက်က စခန်းမကျဆုံးရေး ကြည်း၊ ရေ၊ လေ ခုခံတဲ့ ပွဲတစ်ခုပါ” ဟု လောင်းလုံး PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article