25 C
Yangon

မကွေးမြို့တွင် ပြည်သူများ၏နေအိမ် ၅၀၀ ခန့်ကို ကျူးကျော်ဟုဆိုကာ စစ်တပ်က ဖယ်ရှားပြီးနောက် မြေကွက်များရိုက်၍ တိုင်းဝန်ကြီးများ၊ ထွေ/အုပ် အပါ အဝင် ဌာနဆိုင်ရာများကို ပြန်လည်ချထားပေး

Must read

မကွေးမြို့တွင် ပြည်သူများ၏နေအိမ် ၅၀၀ ခန့်ကို ကျူးကျော်ဟုဆိုကာ စစ်တပ်က ဖယ်ရှားပြီးနောက် မြေကွက်များရိုက်၍ တိုင်းဝန်ကြီးများ၊ ထွေ/အုပ် အပါ အဝင် ဌာနဆိုင်ရာများကို ပြန်လည်ချထားပေး

ရန်ကုန်၊ မေ ၁၆

မကွေးမြို့၊ အောင်မေတ္တာ ဃ ရပ်ကွက်နှင့် အောင်စေတနာရပ်ကွက်ရှိ နေအိမ် ၅၀၀ ခန့်ကို ကျူးကျော်ဟုဆိုကာ စစ်တပ်က ဖယ်ရှားပြီးနောက် မြေကွက်များရိုက်၍ တိုင်းဝန်ကြီးများ၊ ထွေ/အုပ် အပါအဝင် ဌာနဆိုင်ရာများကို ပြန်လည်ချထားပေးနေကြောင်း ဒေသသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလဆန်းပိုင်း သင်္ကြန်ကာလမတိုင်မီကလည်း မကွေးမြို့ ၊အောင်မေတ္တာ ဃ ရပ်ကွက်နှင့် အောင်စေတနာရပ်ကွက်ရှိ နေအိမ် ၅၀၀ ခန့်ကို အစိုးရမြေကျူး ကျော်သည်ဟုဆိုကာ စစ်တပ်က ဖျက်ဆီးခဲ့ကြောင်း၊ ယင်းနောက် အဆိုပါ ဖျက်ဆီးထားသော နေအိမ်မြေနေရာများကို အကွက်များရိုက်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဆင့် ဝန်ကြီးများ၊ VIP များထံသို့ လွှဲ ပြောင်းချထားပေးကြောင်း သိရှိရသည်။

“ဖယ်ရှားခံရတဲ့ ပြည်သူတွေကိုတော့ ကျူးကျော်လို့ဆိုပြီး အကြောင်းပြချက်နဲ့ ဖယ်ရှားတယ်။ လွတ်သွားတဲ့မြေနေရာတွေကို အကွက်ရိုက်ပြီး တစ်ကွက်လျှင် ကျပ်သိန်း ၂၅၀ ဖြင့် ‌ထွေအုပ်က မြေကွက်ချပေးနေပါတယ်။မြစ်နဲ့ နီးတဲ့ဖက်ကိုတော့ VIP အကွက်အဖြစ်သတ်မှတ်ပြီး စစ်ကောင်စီတိုင်း ဝန်ကြီးအဆင့်တွေ ဌာနဆိုင်ရာရာထူးကြီးကြီးအဆင့်‌တွေက နေရာခွဲယူထားပါတယ်။ ပိုက်ဆံရှိသူတွေက မြေကွက်ကို ထွေ/အုပ်ထံက ကျပ်သိန်း၂၅၀ လျှောက်ယူပြီး ကျပ်သိန်း ၅၀၀ နဲ့ ချက်ချင်းပြန်ရောင်းနေကြတယ်” ဟု မကွေးမြို့မှ ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

စစ်တပ်က ကျူးကျော်ဟုဆိုကာ ဖယ်ရှားလိုက်သော ပြည်သူများမှာမူ ၁ လကျော်ကြာမြင့်လာချိန်တွင် အခြေမဲ့ အနေမဲ့ ၊ အိုးမဲ့ အိမ်မဲ့ဖြစ်နေရကာ စစ်ကောင်စီနှင့်ပတ်သက်သော သူများသာ ကြီးပွားချမ်းသာသွားခြင်းဖြစ်ကြောင်း သိရှိရသည် ။

“ပြည်သူတွေမှာ မြေအစားမရဘဲ နေစရာမဲ့ဖြစ်အောင်ဖယ်ရှားခံလိုက်ရပြီး လက်ရှိအာဏာသိမ်းစကစက အာ ဏာ ပိုင်တွေနဲ့ ပိုက်ဆံရှိသူတွေကသာ လက်ဝါးကြီးအုပ်လုပ်စားသွားကြတာ။ ပြည်သူတွေကတော့ ၁ လကျော်အတွင်း ဘ၀တွေပျက်ကုန်၊ မျက်ရည်တွေနဲ့ ငိုကြွေးနေကြရတာ” ဟု နေအိမ်အဖယ်ခံရသည့် ပြည်သူများကို ကူညီပေးနေသူတချို့က ပြောဆိုကြသည်။

လက်ရှိတွင် မကွေးမြို့ပေါ်၊ အောင်မေတ္တာရပ်ကွက်ရှိ နေအိမ် ၃၀၀ ခန့်ကို ကျူး ကျော်ဟုဆိုကာ မေလကုန် နောက်ဆုံးထား ဖယ်ရှားခိုင်းနေကြောင်း၊ မေလ ၆ ရက်နေ့ မကွေးမြို့ စည်ပင်သာယာရေးကော်မတီက အောင်မေတ္တာရပ်ကွက်မှ ပြည်သူများကို အစည်းအဝေးခေါ်ယူပြီး ရပ်ကွက်အတွင်းရှိ နေအိမ် ၃၀၀ ခန့်ကို ယခုမေလ ၂၉ ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်းဖယ်ရှားကြရန် ၊ မဖယ်ရှားပါက အင်အားသုံးဖယ်ရှားမည်ဟု ခြိမ်းခြောက်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- မကွေးမြို့ပေါ်တွင် သင်္ကြန်ကာလမတိုင်ခင်က ပြည်သူများ၏ နေအိမ် ၅၀၀ ခန့်ကို စစ်တပ်က ဖျက်ဆီးထားသည့်မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article