25 C
Yangon

သမိုင်းလမ်းဆုံတွင် ညအချိန် လူငယ်၊ လူလတ် ၇ ဦးကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေပေးသူ တချို့သာ ပြန်လည် လွတ်မြောက်၊ မန္တလေးတွင်လည်း အိုးဝေမောင်းသူတစ်ဦးကို စစ်တပ်က ဖမ်းဆီးသွား

Must read

သမိုင်းလမ်းဆုံတွင် ညအချိန် လူငယ်၊ လူလတ် ၇ ဦးကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေပေးသူ တချို့သာ ပြန်လည် လွတ်မြောက်၊ မန္တလေးတွင်လည်း အိုးဝေမောင်းသူတစ်ဦးကို စစ်တပ်က ဖမ်းဆီးသွား

ရန်ကုန်၊ မေ ၁၉

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံ ကားမှတ်တိုင်(အင်းစိန်ဘက်အခြမ်းအပြန်) တွင် လူငယ်တချို့ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်မှု ဖြစ်ပွားခဲ့ပြီး ငွေပေးနိုင်သူ လူငယ်တချို့သာ ပြန်လည် လွတ်မြောက်ခဲ့ကာ တချို့မှာ စစ်တပ်ထဲသို့ စစ်သားအဖြစ် အတင်းအကျပ် စုဆောင်းခံရမှုများရှိ ကြောင်း ဖမ်းဆီးခံရသူလူငယ်တစ်ဦး၏ ဆွေမျိုးတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁၆ ရက်နေ့ ည ၈ နာရီအချိန် မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံကားမှတ်တိုင်၊ အင်းစိန်သို့ ပြန်သည့် အခြမ်းတွင် ကားစောင့်နေကြသည့် လူငယ်၊ လူလတ်ပိုင်း ၇ ဦးကို စစ်တပ်က စစ်ကားဖြင့် လာရောက် ဖမ်းဆီး ခေါ်ဆောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ မည်သည့် အကြောင်းအရာမှ မေးမြန်းခြင်းမရှိဘဲ စစ်ကားက ကားမှတ်တိုင်သို့ ရောက်ရှိကာ လူငယ်နှင့် လူလတ် ၇ ဦးကို ကားပေါ် အတင်းဆွဲတင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။

ထို့နောက် ဖမ်းဆီးခံရသူ လူငယ် လူလတ် ၇ ဦးကို အုတ်ကျင်းရှိ စစ်တပ်ထဲသို့ ခေါ်ဆောင်သွားကာ ထိုသို့ ဖမ်းဆီးခံရသူ ၃၀ ခန့်ရှိကြောင်း၊ စစ်တပ်က ဖမ်းဆီးခံရသူများကို စစ်မှုထမ်းလိုပါက တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းဖြင့် ပြန်လည် ရွေးခိုင်းရန် ပြောဆိုလာကြောင်း၊ ငွေကြေးတတ်နိုင်သူတချို့က ၁၀ သိန်းဖြင့် မိဘဆွေမျိုးများကို ခေါ်ယူ ရွေးခိုင်းခဲ့သော်လည်း မရွေးနိုင်သော သူတချို့မှာမူ ဆက်လက် ဖမ်းဆီးခြင်း ခံရကြောင်း ပြန်လည် လွတ်မြောက်လာသူလူငယ်တစ်ဦး၏ မိဘ ဆွေမျိုးများက ပြောဆိုသည်။

အလားတူ မန္တလေးမြို့၊ ၄၁ ညစျေးတန်းမှ အိုး၀ မောင်းသူ ကိုအောင်(ခ) ဘောကြီးကို ယမန်နေ့ ည ၁၀ နာရီအချိန် စစ်တပ်က လာရောက် ဖမ်းဆီးသွားကြောင်း၊ သားဖြစ်သူမှာ တောထဲတွင် PDF ရဲဘော် ဖြစ်နေ၍ ဖခင်ကို လာရောက်ဖမ်းဆီးသည်ဟု ပြောဆိုသွားကြောင်း ကိုအောင်(ခ) ဘောကြီးနှင့် သိကျွမ်းသူ မိတ်ဆွေတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“မန္တလေး ၄၁ ညဈေးမှာ အိုးဝေမောင်းတာ။ ကိုအောင်(ခ) ဘောကြီးက ။ အဲဒါကို မနေ့ည ၁၀ နာရီလောက်မှာ စစ်ကားတွေနဲ့ စစ်တပ်က ၀ိုင်းပြီး ဖမ်းတယ်။ သူ့သားက PDF ဖြစ်နေတယ်လို့ ဖမ်းတာလို့ ပြောတယ်။ အခုထက်ထိတော့ အဆက်အသွယ်မရတော့ဘူး။ အဲဒါ အရမ်းစိုးရိမ်စရာဖြစ်နေပါတယ်” ဟု မိတ်ဆွေတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ- ရခိုင်ပြည်တွင် ပြည်သူများကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- APN။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article