25 C
Yangon

ဘူးသီးတောင်တွင် စစ်တပ်က ရိုဟင်ဂျာလူငယ်များကို စစ်တပ်ထဲ အတင်း အကျပ် ဆွဲသွင်းနေ၍ ထွက်ပြေးနေရသော ရိုဟင်ဂျာ ၂၂ ဦးကို ကယ်တင်၊ ဘူးသီးတောင်မြို့ပေါ်တွင် နေအိမ်များ အများအပြားမီးလောင်ကျွမ်း

Must read

ဘူးသီးတောင်တွင် စစ်တပ်က ရိုဟင်ဂျာလူငယ်များကို စစ်တပ်ထဲ အတင်း အကျပ် ဆွဲသွင်းနေ၍ ထွက်ပြေးနေရသော ရိုဟင်ဂျာ ၂၂ ဦးကို ကယ်တင်၊ ဘူးသီးတောင်မြို့ပေါ်တွင် နေအိမ်များ အများအပြားမီးလောင်ကျွမ်း

ရန်ကုန်၊ မေ ၁၉

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့တွင် စစ်တပ်က ရိုဟင်ဂျာလူငယ်များကို စစ်တပ်ထဲ အတင်းအကျပ် ဆွဲသွင်းနေ၍ ထွက်ပြေးနေရသော ကလေးငယ်များအပါအဝင် ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီး ၂၂ ဦးကို ရက္ခိုင်တပ်တော်(AA) က ကယ်တင်နိုင်ခဲ့ကြောင်း AA က သတင်းထုတ်ပြန်သည်။

မေလ ၁၆ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ ဘူးသီးတောင်ဗျူဟာ နှင့် ၎င်း၏လက်အောက်ခံ အမတ ၃၇၈ တပ်ရင်းမှ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဘူးသီးတောင်မြို့နယ်၊ ကျောက်ဖြူတောင် မွတ်စ လင် ကျေးရွာသို့ ဝင်ရောက်ပြီး အရွယ်ရောက်ပြီးသော မွတ်စလင်အမျိုးသားများကို အကြမ်းဖက်စစ်တပ်ထဲသို့ စစ်မှုထမ်းရန် ခေါ်ဆောင်နေသောကြောင့် ထွက်ပြေးလာကြသော ကလေးငယ်များအပါအဝင် မွတ်စလင် အမျိုးသား အမျိုးသမီး စုစုပေါင်း ၂၂ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း၊ အဆိုပါ ထွက်ပြေးလာသော ရိုဟင်ဂျာများကို မောင်တောမြိုနယ်၊ အောင်ဇေယျကျေးရွာအနီးတွင် တွေ့၍ ကယ်တင်ထားသော ရုပ်သံကိုလည်း AA က ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

စစ်တပ်၏ အတင်းအကျပ် စစ်မှုထမ်းရန် ခေါ်ဆောင်ရန်ကြိုးပမ်းမှုကြောင့် ထွက်ပြေးလာသော ရိုဟင်ဂျာများကို တိုက်ပွဲများအကြားမှ လုံခြုံသော နေရာသို့ ရွှေ့ပြောင်းပေးမည်ဟု AA တပ်ဖွဲ့ဝင်များက ကမ်းလှမ်းသောအခါ ရိုဟင်ဂျာများကလည်း ရွှေ့ပြောင်းချင်သည်ဟု ပြောဆိုခဲ့ကြောင်း ထုတ်ပြန်ထားသော ဗီဒီယိုတွင် ပြောဆိုထားသည်ကို တွေ့ရှိရသည်။

အခြားသောတစ်ဖက်တွင်လည်း ဘူးသီးတောင်မြို့ပေါ်မှ ရိုဟင်ဂျာများကို နှင်ထုတ်မှုများရှိပြီး နေအိမ်များကို မီးရှို့မှုများရှိနေသည်ဆိုသော သတင်းများ ထွက်ပေါ်လျက်ရှိပြီး ယင်းသတင်းများကို ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူများက AA က လုပ်ဆောင်သည်ဟုဆိုကာ လူမှုကွန်ရက်များတွင် ဝေမျှမှုများရှိနေကြောင်း သိရှိရသည်။

“ဘူးသီးတောင်မြို့ပေါ်က စစ်မြေပြင်ဖြစ်သွားခဲ့တာ။ စစ်တပ်ကလည်း ခံချတယ်။ AA ကလည်း ပတ်ပတ် လည်ဝိုင်းပြီး ပစ်ခတ်တယ်။ အခြေအနေက တော့ အရမ်းရှုပ်ထွေးခဲ့ပါတယ်။ AAက မြို့ပေါ်ကနေ ဖယ်ရှားခိုင်းတာတော့ဟုတ်တယ်။ မဖယ်လို့လည်းမရဘူး။ တိုက်ပွဲ အရမ်းပြင်းထန်နေတာ မဖယ်ရင်တော့ မဆိုင်တဲ့ အရပ်သားတွေ အကုန်ပိတ်မိသွားမှာပဲ။ မြို့ပေါ်မှာ မီးတွေ လောင် သွားတာလည်း မှန်ကန်တယ်။ ပစ်ခတ်မှုတွေက တောက်လျှောက်ဖြစ်ခဲ့တာ” ဟု ဘူးသီးတောင်မြို့ပေါ်မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီကို ထောက်ခံသော တယ်လီဂရမ် စာမျက်နှာများကမူ ဘူးသီးတောင်မြို့ပေါ်တွင် AA က မီးရှို့သည် ဆိုသော ဝါဒဖြန့် သတင်းများကို တောက်လျှောက်ဆိုသလို ဖြန့်ချိနေပြီး ရန်ကုန်ခေတ်သစ်အနေဖြင့်မူ မြေပြင်အခြေအနေကို အတည်ပြုရန် ခိုင်မာသော မြေပြင် သတင်းရင်းမြစ်များနှင့် ချိတ်ဆက်မှု မရရှိသေးပေ။

ဓာတ်ပုံ- AA က ကယ်တင်ထားသော ရိုဟင်ဂျာများ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article