25 C
Yangon

စစ်ကောင်စီ၏ ဖိုးချီးမူး စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၄၈ ဦး အရှင်ဖမ်းဆီးရရှိပြီး စစ်သား ၂၀ ကျော် သေဆုံး ၊ လက်နက် ၅၀ ကျော် သိမ်းဆည်းရရှိ

Must read

စစ်ကောင်စီ၏ ဖိုးချီးမူး စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၄၈ ဦး အရှင်ဖမ်းဆီးရရှိပြီး စစ်သား ၂၀ ကျော် သေဆုံး ၊ လက်နက် ၅၀ ကျော် သိမ်းဆည်းရရှိ

■ ဒုတပ်ရင်းမှုး ဗိုလ်မှူး ရန်အောင်နှင့် 2IC ဗိုလ်မှူး မင်းမင်းထွန်းအပါအဝင် စစ်သား ၂၃ ဦး လက်နက်ချ အညံ့ခံ

ရန်ကုန်၊ မေ ၂၆

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ အင်အားကြီး အထိုင်စခန်းဖြစ်သော ဖိုးချီးမူး စစ်စခန်းကို KNLA ဦးဆောင်သော မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်သား ၄၈ ဦး အရှင်ဖမ်းဆီးရရှိပြီး စစ်သား ၂၀ ကျော် သေဆုံးကာ လက်နက် ၅၀ ကျော် သိမ်းဆည်းရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) ၏ တာဝန်ခံ ကိုအောင်စံရှားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁၉ ရက်နေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြိုနယ်အတွင်းရှိ ထိုင်းမြန်မာနယ်စပ် စစ်ကောင်စီ၏ အင်အားကြီး အထိုင်စခန်းဖြစ်သော ဖိုးချီးမူး စစ်စခန်းကို KNLA ၊ PDF နှင့် ဒရုန်းပူးပေါင်းတပ်များက စစ်တပ်၏ ရိက္ခာနှင့် စစ်ကူပို့လမ်းကြောင်းများကို ပိတ်ဆို့ ဖြတ်တောက်ကာ မြေပြင်ချေမှုန်းရေးနှင့် ဒရုန်းစစ်ဆင်ရေးများဖြင့် အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့ကြကြောင်း၊ စစ်သား ၄၈ ဦး အရှင်ဖမ်းဆီးရရှိပြီး စစ်သား ၂၀ ကျော် သေဆုံးကာ လက်နက် ၅၀ ကျော် သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

မေလ ၁၈ ရက်နေ့ ဖိုးချီးမူး စစ်စခန်းမှ စစ်တပ်အင်အား ၉၀ ကျော် စခန်းစွန့်ခွာ ထွက်ပြေးခဲ့ပြီး မေလ ၁၉ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်အချိန် KNLA၊ SOF တော်လှန်ရေးပူးပေါင်းတပ်များနှင့် ထွက်ပြေး စစ်တပ်အကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

မေလ ၁၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန် စစ်သားအလောင်းနှင့် MA 4 ပူးတွဲတစ်လက်၊ ဆက်သွယ်ရေးစက်ကြီး တစ်လုံးသိမ်းဆည်းရမိခဲ့ကြောင်း၊ မေလ ၂၀ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်အချိန် ထွက်ပြေးနေသော စစ်တပ်ကို ဒရုန်းဖြင့်ဗုံးကျဲ၍ မြေပြင်မှ ပိတ်ဆိုတိုက်ခိုက်ခဲ့ရာ စစ်သား ၁၂ ဦးကို လက်နက်နှင့်အတူအရှင်ဖမ်းမိခဲ့ရကြောင်း သိရှိရသည်။

မေလ ၂၀ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ် အချိန် ဒုတပ်ရင်းမှုး ဗိုလ်မှူး ရန်အောင်နှင့် 2IC ဗိုလ်မှူး မင်းမင်းထွန်းအပါအဝင် စစ်သား ၂၃ ဦး လက်နက်ချအညံ့ခံလာခဲ့ကြောင်း ၊ မေလ ၂၁ ရက်နေ့ တော်လှန်ရေးတပ်များက ထပ်မံ နယ်မြေရှင်းလင်းရာ စစ်သား အလောင်း ၊ စစ်သား အရှင် ၇ ဦးကို လက်နက်နှင့်အတူ ထပ်မံ ဖမ်းဆီး ရရှိခဲ့ကြောင်း သိရှိရသည်။

မေလ ၂၂ ရက်နေ့ တပ်ကြပ်ကြီး အဆင့်ရှိသူ ၂ ဦးအပါအဝင် စစ်သား ၆ ဦး ထပ်မံဖမ်းမိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်စဉ် တစ်ခုလုံးတွင် ဗိုလ်မှူး ၂ ဦး အပါအဝင် စစ်သား ၄၈ ဦးလက်ရဖမ်းမိခဲ့ပြီး လက်နက် ၅၀ ကျော်သိမ်း ဆည်းနိုင်ခဲ့ကြောင်း ၊ စစ်တပ်ဘက်မှ ၂၀ ကျော်သေဆုံးခဲ့ပြီး ကျန်ရှိသည့် ၂၆ ဦးမှာ ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲကာလအတွင်း အကြမ်းဖက်စစ်တပ်က MI35 စစ်ရဟတ်ယာဉ်ဖြင့် ၂ ကြိမ် ပစ်ခတ်ခဲ့ပြီး စစ်သားများက ၎င်းတို့ ဆုတ်ခွာထွက်ပြေးသည့် လမ်းတွင် ဒေသပြည်သူ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၁ ဦးတို့ကို ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။

တော်လှန်ရေးတပ်များက ထိုင်း- မြန်မာနယ်စပ် ရေသလျှောက်စခန်း၊ မဲသရောထစခန်း နှင့် ကွီလုံတိုင်စခန်းတို့ကို သိမ်းပိုက်ရရှိထားပြီး ယခုသိမ်းပိုက်ရရှိသည့် ဖိုးချီးမူးစခန်းမှာ စကခ ၁၃ လက်အောက်ခံ ခလရ-၅၅၇ ၊ ခမရ-၅၆၁ နှင့် ၃၉၉ အမြှောက်တပ်မှ စစ်သားများ စခန်းထိုင်ကြကြောင်း၊ အဆိုပါ နောက်ဆုံးလက်ကျန် ဖိုးချီးမူးစခန်းကို KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်များက အပြည့်အဝ နယ်မြေစိုးမိုး ထိမ်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article