25 C
Yangon

စစ်ကိုင်း-ရွှေဘို ခရိုင်ချင်းဆက် လမ်းပိုင်းတွင် ငွေကြေး တောင်းရမ်းနေသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦး ထက်မနည်း သေဆုံးနိုင်

Must read

စစ်ကိုင်း-ရွှေဘို ခရိုင်ချင်းဆက် လမ်းပိုင်းတွင် ငွေကြေး တောင်းရမ်းနေသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦး ထက်မနည်း သေဆုံးနိုင်

ရန်ကုန်၊ မေ ၂၆

စစ်ကိုင်းတိုင်း၊ စစ်ကိုင်း-ရွှေဘို ခရိုင်ချင်းဆက် လမ်းပိုင်းတွင် ငွေကြေး တောင်းရမ်းနေသော စစ်သားများကို တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦး ထက်မနည်း သေဆုံးနိုင်ကြောင်း စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မေလ ၂၆ ရက်နေ့ နံနက် ၁ဝ နာရီကျော်ခန့်တွင် စစ်ကိုင်း-ရွှေဘို ခရိုင်ချင်းဆက်လမ်း( စစ်ကိုင်း-မုံရွာ သံလမ်းဆုံ) ၌ လမ်းသွားလမ်းလာ ခရီးသွား ပြည်သူများကို ဖမ်းဆီးခြင်း၊ ငွေတောင်းရမ်းခြင်းများ ပြုလုပ်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး ရဲဘော်များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်း ၄ လုံးဖြင့် ဖောက်ခွဲ‌ တိုက်ခိုက်ပြီး ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ စစ်ကား ၁ စီးမိုင်း ထိမှန်ကာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ဝ ဦးထက်မနည် လဲကျခဲ့ပြီး သေဆုံးမှုရှိနိုင်ကြောင်း သိရှိရသည်။

သေဆုံးသွားသော စစ်‌သားများနှင့် ဒဏ်ရာရရှိသော စစ်သားများကို စစ်ကိုင်းမြို့တွင်းမှ လူနာတင်ယာဉ်များဖြင့် လာရောက်သယ်ဆောင်သွားပြီး တော်လှန်ရေး ရဲဘော်များ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“မြို့ဧရိယာ အတွင်းဆိုတော့ သတင်းအတိအကျ မထောက်လှမ်းနိုင်ဘူး။ စစ်ခွေး ၁၀ ကောင်ထက်မနည်း သေဆုံးနိုင်ပါတယ်။ ပက်လက်လှန် လဲကျတဲ့ စစ်ခွေး ၁၀ ကောင်နဲ့ ကားက‌တော့ မိုင်းလေးလုံး ထိတော့ လမ်းဘေးလွှင့်ကျသွားပါတယ်” ဟု စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းမြို့နယ်၊ ဇုန် ၄ ပကဖ တာဝန်ခံ ကိုဂျိုး ဦးဆောင်သော အဖွဲ့နှင့် ပြင်ဦးလွင်ခရိုင် ရတနာပုံ ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article