25 C
Yangon

နိုင်ငံတော်၏ ဘတ်ဂျက်လိုငွေပြမှု အနည်းဆုံး ငွေကျပ်ဘီလီယံ ၁ သောင်းအထက်ရှိနေချိန် ဗဟိုဘဏ်က ငွေစက္ကူအသစ်များစွာ ထုတ်ပေး ထွက်ရှိ လည်ပတ်နေမှု ပုဂ္ဂလိကဘဏ်တချို့နှင့် စီးပွားရေးအသိုင်းအ၀ိုင်း အတည်ပြု

Must read

နိုင်ငံတော်၏ ဘတ်ဂျက်လိုငွေပြမှု အနည်းဆုံး ငွေကျပ်ဘီလီယံ ၁ သောင်းအထက်ရှိနေချိန် ဗဟိုဘဏ်က ငွေစက္ကူအသစ်များစွာ ထုတ်ပေး ထွက်ရှိ လည်ပတ်နေမှု ပုဂ္ဂလိကဘဏ်တချို့နှင့် စီးပွားရေးအသိုင်းအ၀ိုင်း အတည်ပြု

ရန်ကုန်၊ မေ ၃၀

မြန်မာနိုင်ငံတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံတော်၏ ဘတ်ဂျက်လိုငွေပြမှုသည် ငွေကျပ်ဘီလီယံ ၁ သောင်းအထက်တွင်ရှိနေချိန် ဗဟိုဘဏ်က ငွေစက္ကူအသစ်များစွာ ထုတ်ပေးနေပြီး ပုဂ္ဂလိကဘဏ်များက ပြည်သူများထံသို့ ငွေစက္ကူအသစ်များ ပြန်လည် ထုတ်ပေး လှည့်ပတ်နေကြောင်း ပုဂ္ဂလိကဘဏ်တချို့နှင့် စီးပွားရေးအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောဆိုသည်။

ယမန်နှစ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု၏ဘဏ္ဍာငွေရငွေအနေဖြင့် ငွေကျပ် ၂၅၃၆၄ ဘီလီယံအောက်သာရရှိခဲ့ပြီး သုံးငွေအနေဖြင့် ငွေကျပ် ၃၃၁၇၅ ဘီလီယံကျော် ပိုမို သုံးစွဲခဲ့ကြောင်း၊ စစ်ကောင်စီတွင် ယမန်နှစ် ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်လိုငွေပြမှု ဘီလီယံကျပ်ငွေ ၇၈၁၁ ဘီလီယံ ရှိခဲ့ကြောင်း၊ ကာကွယ် ရေးဝန်ကြီးဌာနတစ်ခုတည်းကပင် သာမန်သုံးငွေ၊ ငွေလုံးငွေရင်းသုံးငွေအပါအဝင် စုစုပေါင်း ငွေကျပ်သန်းပေါင်း ၅,၆၃၅,၁၀၂ ဒသမ ၀၅၈ သန်း ( ကျပ်ငွေ ၅၆၃၅ ဘီလီယံကျော်) ပိုမို သုံးစွဲခဲ့ကြောင်း သိရှိရသည်။

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင်လည်း ကာကွယ်ရေးဝန်ကြီးဌာန တစ်ခုတည်းကပင် စစ်အသုံးစရိတ်သည် ယမန်နှစ်ထက် ဆတိုးဖြစ်သွားပြီး ပြည် ထောင်စု၏ ကောက် ခံ ရရှိမည့် ဘဏ္ဍာငွေမှာမူ နယ်စပ်ကုန်သွယ်ရေးများအားလုံး ရပ်ဆိုင်းသွားခြင်း၊ အခွန်အကောက်ရရှိမှု လျော့နည်းလာခြင်း၊ ပြည်ပရင်းနှီးမြှပ်နှံမှု အလွန် လျော့နည်းလာခြင်းတို့ကြောင့် ယမန်နှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ ရရှိမှုထက် ထက်ဝက်ကျော် လျောနည်းမည်ဖြစ်ကြောင်း၊ သို့ရာတွင် ပြည်ထောင်စုတစ်ခုလုံး၏ အသုံးစရိတ်တွင်မူ စစ်အသုံးစရိတ် ၂ ဆနီးပါး မြင့်တက်သွားခြင်း၊ အရေး​ပေါ် အသုံးစရိတ်ကို ကိန်းရှင်ထား၍ သုံးစွဲနေခြင်းတို့ကြောင့် ယမန်နှစ် နိုင်ငံ့အသုံးစရိတ် အနည်းဆုံး၂ ဆ နီးပါး မြင့်တက်လာကြောင်း၊ ထို့ကြောင့် နိုင်ငံ တော်၏ ဘတ်ဂျက်လိုငွေပြမှုသည် အနည်းဆုံး ငွေကျပ် ဘီလီယံ ၁၀၀၀၀ အထက်တွင်ရှိနေကြောင်း စစ်ကောင်စီ၏ စီမံ၊ ဘဏ္ဍာဝန်ကြီးဌာနထံမှ သိရှိရသည်။

ပုဂ္ဂလိကဘဏ်များသို့ စစ်ကောင်စီ၏ ဗဟိုဘဏ်က ကျပ်ငွေ လိုအပ်ချက်အတွက် ငွေစက္ကူများ ထုတ်ပေးရာတွင် ငွေစက္ကူအသစ်များ အထူးသဖြင့် ၁၀၀၀၀ တန်ငွေစက္ကူအသစ်များကို ဦးစားပေးထုတ်နေကြောင်း ပုဂ္ဂလိကဘဏ်တစ်ခုထံမှ သိရှိရသည်။

“ဗဟိုဘဏ်ကနေ ပုဂ္ဂလိကဘဏ်တွေကို ငွေသားလိုအပ်ချက်အလိုက် တင်ပြစေပြီး ငွေတွေ ပြန်ထုတ်ပေးတာရှိတယ်။ ဒီနှစ်ဇန်နဝါရီလောက်ကစပြီး ဗဟိုဘဏ်က ထုတ်ပေးတာမှာ ငွေစက္ကူအဟောင်းကို လုံး၀မပါတော့ဘူး။ ၂၀၂၃ နှစ်လယ်ပိုင်းတုန်းလောက်ကမှ အဟောင်း၊ အသစ်ဆိုတာမျိုးပါလာသေးတယ်။ အဲဒီနောက်ပိုင်းတော့ ဗဟိုဘဏ်က ထုတ်ပေးတာက အသစ်တွေချည်းပဲ။ အဲဒါကိုတော့ သတိ ထားမိတာ ၅ လလောက်ရှိနေပါပြီ။ အထူး သဖြင့်တော့ ၁ သောင်းတန်ဆိုရင် အသစ်ချွတ်ချွတ်တွေချည်းပဲ။ ပုဂ္ဂလိကဘဏ်တွေကနေ အဲဒီငွေတွေပဲ ပြည်သူတွေဆီ ပြန်ထုတ်ပေးတယ်။ ဆိုလိုတာက ဗဟိုဘဏ်ဆိုတာက ပုဂ္ဂလိကဘဏ်တွေကို ငွေသားလိုအပ်ချက်တွေ ထုတ်ပေးတဲ့အပြင် သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ အသုံးစရိတ်နဲ့ ဝန်ထမ်းလစာတွေကိုလည်း ဒီလိုပဲ ငွေတွေထုတ်ပေးရတာဆိုတော့ အဲဒီအပိုင်းမှာလည်း ငွေစက္ကူတွေ အားလုံးက အသစ်တွေချည်းပဲ။ ဒါက အရမ်းကို ထင်သာမြင်သာ ရှိတာပါ” ဟု ပြည်တွင်းပုဂ္ဂလိကဘဏ်ကြီးတစ်ခု၏ စီမံခန့်ခွဲမှုဆိုင်ရာ အကြီးတန်းအရာရှိကြီးတစ်ဦးက ပြောဆိုသည်။

အဆိုပါအကြီးတန်းအရာရှိသည် စစ်ကောင်စီ၏ ဗဟိုဘဏ်က ခေါ်ယူသော အစည်းအဝေး များ တက်ရသူဖြစ်ပြီး ဗဟိုဘဏ်နှင့်ပတ်သက်၍ ဆက်သွယ်ဆောင်ရွက်ရသော ပုဂ္ဂလိကဘဏ်ကြီးတစ်ခု၏ အမှုဆောင်စီမံခန့်မှုဆိုင်ရာ အရာရှိတစ်ဦးလည်းဖြစ်သည်။

ရန်ကုန်အခြေစိုက် စက်မှုဇုန်များနှင့် UMFCCI အသိုင်းအ၀ိုင်းကလည်း လစဉ် စက်မှုဇုန်များ၏ ဝန်ထမ်းလစာပေးရန်နှင့် စီးပွားရေးဆိုင်ရာ အသုံးစရိတ်များအတွက် ပုဂ္ဂလိကဘဏ်များနှင့် စစ်ကောင်စီလက်အောက်ခံ မြန်မာ့စီးပွားရေးဘဏ်တို့မှ ငွေစက္ကူများ သွားရောက် ထုတ်ယူရာတွင် ငွေစက္ကူအသစ်များ တောက်လျှောက် ထုတ်ပေးနေသည်ကို မြင်တွေ့ရကြောင်း အတည်ပြုကြသည်။

“ဘဏ်တွေက ၅၀၀၀ တန်နဲ့ ၁၀၀၀၀ တန်အသစ်တွေ အဓိက ထုတ်ပေးတယ်။ ငွေစက္ကူကတော့ အသစ်တွေချည်းပဲ။ လစဉ် ဘဏ်တွေက ငွေသွားထုတ်တိုင်းတော့ ငွေစက္ကူက အသစ်တွေချည်းပဲ။ အဟောင်းကတော့ မပါတာ အနည်းဆုံး ၄၊ ၅ ၆ လလောက်ရှိနေပြီ”ဟု လှိုင်သာယာမြို့နယ်မှ အထည်ချုပ်စက်ရုံတစ်ခု၏ မန်နေဂျာတစ်ဦးက ဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းရရှိသော ရန်ကုန်အခြေစိုက် ရွှေကုန်သည်၊ စတိုးဆိုင်ပိုင် ရှင်၊ အပေါင်ဆိုင်လုပ်ငန်းလုပ်ကိုင်သူနှင့် လေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ်တချို့ အပါအဝင် စီး ပွားရေးသမား ၁၀ ဦးခန့်ကလည်း ပုဂ္ဂလိကဘဏ်များမှ ငွေထုတ်ယူတိုင်း ငွေစက္ကူအသစ်များကိုသာ ထုတ်ပေးနေကြောင်း၊ ငွေကျပ် သိန်းရာဂဏန်းမှ သိန်း ၁၀၀၀ အထိ ထုတ်ယူရာတွင် ၁၀၀၀၀ တန်ငွေစက္ကူအသစ်များ အများစု ထုတ်ပေးပြီး ၅၀၀၀ တန်ငွေစက္ကူအသစ်မှာမူ ၂၀ ရာခိုင်နှုန်းဝန်းကျင် ပါဝင်သည်ကို သတိထားမိကြောင်း ပြောဆိုကြသည်။

“သိန်း ၁၀၀၀ သွားထုတ်တယ်ဆိုရင် တစ်သောင်းတန်အသစ် တစ်ရာစည်းက အုပ်ရေ ၈၀ လောက်ပါတယ်။ ကျန်တာက ၅၀၀၀ တန် အသစ်စည်းတွေချည်းပဲ။ အဲဒါက Special Account ကနေ ငွေထုတ်တာ။ အရင် ဘဏ်အကောင့်အဟောင်းတွေက ငွေအပြည့် ထုတ်လို့မရသေးဘူး။ အခုနောက်ပိုင်း စီးပွားရေး အတွက် ငွေလွှဲ ငွေယူ၊ လုပ်ငန်းအတွက်က Special Account နဲ့ပဲ လုပ်လို့ရတာ” ဟု အပေါင်ဆိုင်လုပ်ငန်းရှင်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article