26 C
Yangon

စစ်ကောင်စီက လျှပ်စစ်မီးဖြတ်တောက်ထားသည့် သံတွဲမြို့တွင် မီးမရရှိ၍ ပြည်သူများ၏ လူမှုဘ၀ အခြေအနေ ဆိုးဝါးနေပြီး ဖုန်းတစ်လုံး အားသွင်းရန် ကျပ် ၁၀၀၀ နီးပါးပေးနေရ

Must read

စစ်ကောင်စီက လျှပ်စစ်မီးဖြတ်တောက်ထားသည့် သံတွဲမြို့တွင် မီးမရရှိ၍ ပြည်သူများ၏ လူမှုဘ၀ အခြေအနေ ဆိုးဝါးနေပြီး ဖုန်းတစ်လုံး အားသွင်းရန် ကျပ် ၁၀၀၀ နီးပါးပေးနေရ

ရန်ကုန်၊ ဇွန် ၂

အကြမ်းဖက် စစ်ကောင်စီက လျှပ်စစ်မီးဖြတ်တောက်ထားသည့်သံတွဲမြို့တွင် မီးမရရှိ၍ ပြည်သူများ၏ လူမှုဘ၀ အခြေအနေ ဆိုးဝါးနေပြီး ဖုန်းတစ်လုံး အားသွင်းလျှင်ငွေကျပ် ၁၀၀၀ နီးပါးပေးနေရကြောင်း သံတွဲ ဒေသပြည်သူများနှင့် သံတွဲဒေသတင်းရင်းမြစ် Dwayarwad Community Base News Agency က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

သံတွဲမြို့နယ်ပတ်ဝန်းကျင်တွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ အပြင်း အထန် ဖြစ်ပွားသည့်အချိန်မှစတင်၍ စစ်ကောင်စီက လျှပ်စစ်မီးများဖြတ်တောက်ခဲ့ကြောင်း၊ ယင်းနောက် တိုက်ပွဲများကြောင့် နယ်မြေတည်ငြိမ်မှု မရှိတော့ဘဲ စစ်တပ်က သံတွဲမြို့ကို ပိတ်ဆို့ကာ ခုခံစစ်အတွက် ပြင်ဆင်နေကြောင်း၊ လျှပ်စစ်မီး ရရှိရေးအတွက် စစ်ကောင်စီက တစ်စုံတစ်ရာ လုပ်ဆောင်ခြင်းမရှိတော့ကြောင်း သိရှိရသည်။

“မီးကမရတော့ဘူး။ မီးမရတော့ အဓိက ဖုန်းအားသွင်းဖို့ တောင် မလွယ်တော့ဘူး။ လူမှုရေး စီးပွားရေး မီးမရတော့ အရမ်းကို ခက်ခဲပါတယ်” ဟု သံတွဲမြို့မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

သံတွဲဒေသသတင်းရင်းမြစ် Dwayarwad Community Base News Agency ကမူ သံတွဲမြို့တွင် လျှပ်စစ်မီး မရရှိ၍ ဘဏ်လုပ်ငန်း၊ ဆေးရုံမှ ခွဲစိတ်မှုဆိုင်ရာလူနာများ၊ ဖုန်းလိုင်းဆက်သွယ်ရေး အလွန်အခက်အခဲဖြစ်ရသည်ဟု ပြောဆိုသည်။

“ဘဏ်တွေဆိုရင် တစ်ရက်ကို ၁နာရီပဲ မီးစက်နှိုးပြီးဖွင့်တယ်။ ဘဏ်နဲ့ပတ်သက်ပြီး ဆက်စပ်လုပ်ကိုင်နေကြရသူတွေ အခက်အခဲကြုံနေရတယ်။ ဆေးရုံဆိုရင် ခွဲစိတ်ရမယ့်လူနာတွေကို ခွဲဖို့ လျှပ်စစ်မီးမရှိဘူး။ အရေးပေါ်ခွဲရစိတ်ရမယ့်ကိစ္စကြုံလာရင် ခက်မယ်။ တလောကတော့ ပုဂ္ဂလိက စက်သုံးဆီဆိုင်တခုက ဆီလှူတာတွေ့လိုက်တယ်။ ဂါလံ ၂၀၀ လှူတယ်။ မီးစက်နှိုးပြီးသုံးဖို့အတွက်ပေါ့။ နောက်တခုက အောက်ဆီဂျင်စက်ရုံ မလည်နိုင်တော့တာ လဝက်လောက်ရှိနေပြီ။ မီး ပြတ်တာက မေလ ၁၇ရက်ညဦးပိုင်းကတည်းက ပြတ်တာဆိုတော့ အခုဆို ၁၆ရက် လောက်ရှိပြီ။ မိုးမရွာခင်ကဆို ရေတွင်းတွေလည်း ခမ်၊ ရေတင်စရာမီးလည်းမရှိ လူတွေရေပြတ်တယ်။ အခုတော့ မိုးပြန်ရွာတော့ ရေနည်းနည်းရပြီ။ နယ်မှာမီးပြတ်တာဆိုတော့ ရန်ကုန်လောက်တော့ ဒုက္ခမရောက်ဘူး၊ ရာသီဉတုက အဲကွန်းဖွင့်စရာမလိုဘူး။ ရေတွင်းတွေရှိတယ်၊ ထင်းနဲ့ ချက်ပြုတ်လို့ရတယ်။ အဓိကတော့ ဆေးရုံမှာ ခွဲစိတ်လူနာတွေနဲ့ အောက်ဆီဂျင်လိုတဲ့လူနာတွေ အခက်ကြုံနေတယ်။ အီးပီစီက အခုထိ ဘာတွေလုပ်နေတယ်၊ ဘယ်တော့ မီးပြန်လာမယ် တရားဝင်ထုတ်ပြန်တာမရှိသေး” ဟု Dwayarwad Community Base News Agencမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

သံတွဲမြို့တွင် က ဖုန်းအားသွင်းခြင်း၊ ပါဝါဘန့်အားသွင်းခြင်း၊ အားသွင်းကာ အသုံးပြုရသည့် ဓာတ်မီး၊ မီးသီးများ အားသွင်းပေးခြင်း စသည့် ဝန်ဆောင်မှု လုပ်ငန်းများပင် ပေါ်ထွန်းနေကြောင်း၊ တစ်မြို့ နယ်လုံးလျှပ်စစ်မီးပြတ်နေခြင်းဖြစ်ရာ ဖုန်းအားသွင်းလိုသူ များပြားနေခြင်းကြောင့် အခကြေး ငွေဖြင့် ဝန်ဆောင်မှုပေးသည့် လျှပ်စစ်အားသွင်းပေးသည့်လုပ်ငန်းများပေါ်ပေါက်လာခဲ့ကြောင်း သိရှိရသည်။

သံတွဲမြို့တွင် မီးစက်များနှိုးကာ ဖုန်းအားသွင်းဝန်ဆောင်မှုပေးရာတွင် ဖုန်းတစ်လုံးလျှင် ၅၀၀ ကျပ်မှ ကျပ် ၁၀၀၀ အထိ ဈေးပေါက်လျက်ရှိကြောင်း၊ ပါဝါဘန့်တစ်လုံးကိုလည်း လျှပ်စစ် အားတစ်ခါသွင်းလျှင် ကျပ် ၁၀၀၀ ပေးရကြောင်း ၊ ရပ်ကွက်အတွင်း မီးစက်မောင်းကာ တစ်ပိုင်တစ်နိုင်ဖုန်းအားသွင်းဝန်ဆောင်မှုပေးကြသလို တစ်ရက်လျှင် ဖုန်းအလုံးရေ ရာချီပြီး အားသွင်းပေးသည့် နေရာများလည်းရှိကြောင်း သိရှိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article